Showing posts with label Contract Administration. Show all posts
Showing posts with label Contract Administration. Show all posts

Saturday, February 4, 2017

ကန်ထရိုက် တစ်ခု ဖြစ်ပေါ်လာဘို့ အခြေခံ လိုအပ်ချက် များ (Elements of Contracts)

Project Management - ကန်ထရိုက် စီမံခန့်ခွဲမှု - Series 2- အပိုင်း 01
ဆောက်လုပ်ရေး ပရောဂျက် ကန်ထရိုက် တစ်ခု တရားဝင် ဖြစ်လာဘို့ အတွက် လိုအပ်ချက် တွေ ရှိပါတယ်။

  1. Capacity / Competent Parties (အရည်အချင်း၊ လိုအပ်ချက် ပြည့်မီခြင်း)
  2. Lawful ( Legal) Subject (တရားဥပဒေ၊ ကျင့်ဝတ် တွေနှင့် ညီဘို့။)
  3. Mutual Consent ( Meeting of Minds) (နှစ်ဦး နှစ်ဘက် သဘောတူဘို့)
  4. Offer and Acceptance (အပေး အယူ။ ကမ်းလှမ်းမှု နှင့် လက်ခံမှု)

ဒီနေရာ မှာ ရှင်းပြထားတဲ့ အချက်အလက် တွေ က ယူအက်စ် အတွက် ဆိုပေမဲ့ အခြားနိုင်ငံ တွေ မှာ လည်း ဒီသဘောမျိုး ဆန်ဆန် ရှိတာ တွေ့ရပါလိမ့်မယ်။

Capacity / Competent Parties ( သတ်မှတ်အရည်အချင်း နှင့် လိုအပ်ချက် ပြည့်မီခြင်း)
ပထမ အခြေခံ လိုအပ်ချက် အောက် မှာ အချက်နှစ်ချက် ရှိပါတယ်။
  1. Ability ( or Compentency) : အရည်အချင်း (ဝါ) လိုအပ်ချက် ပြည့်မီမှု
  2. Legal Status: ဥပဒေ အရ အကာအကွယ် ပေးခြင်းခံရတဲ့ အုပ်စု နဲ့ ဥပဒေ အရ စဉ်းစားသင့်တဲ့ အချက်များ
Ability (or) Competency : အရည်အချင်း (ဝါ) လိုအပ်ချက် ပြည့်မီမှု
ဒီ လိုအပ်ချက် နဲ့ ညီဘို့ ကန်ထရိုက်တာ ကို ဆန်းစစ် ရမယ် ဆိုရင် Financial, Resources & Experiences ရယ် လို့ သုံးမျိုးတွေ့နိုင်ပါတယ်။
. Financial: အလုပ်နဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ငွေကြေး အင်အား တောင့်တင်း မှု (ဝါ) လည်ပတ်မှု ရှိတယ်။ ဆိုလိုတာ က အလုပ်သမား၊ ဝန်ထမ်း တွေ ကို ရော အောက်ခံ ကန်ထရိုက်တာ (သို့) ပစ္စည်းရောင်း သူတွေ ကို ရော လိုအပ်ချက် အတိုင်း ငွေပေးချေနိုင်တယ်။ ဒီလို သမာသမတ် ရှိတဲ့ အစဉ်အလာ လည်း ရှိတယ်။ . Resources: အလုပ် အတွက် လိုအပ်တဲ့ ကာယ၊ ဥာဏ၊ စီမံခန့်ခွဲသူ၊ ပညာရှင်၊ အင်ဂျင်နီယာ၊ ကျွမ်းကျင် လုပ်သား၊ ကွန်ပြူတာ (လိုအပ်တဲ့ Application အပါအဝင်)၊ ရုံး၊ ဆောက်လုပ်ရေး စက်ပစ္စည်း တွေ ရှိတယ်။ (သို့) ရယူနိုင်တယ်။ ပရောဂျက် လိုအပ်ချက် ကို ဖြည့်ဆီးပေးနိုင်တယ်။ . Experiences / Project Records: အပ်မဲ့ အလုပ် (သို့) ပရောဂျက် နဲ့ ဆင်တူ တဲ့ ပရောဂျက် တွေ ကို အောင်အောင်မြင်မြင် လုပ်ဘူးတယ်။ . ကန်ထရိုက်တာ တစ်ယောက် လက်ထဲ အလုပ်မထည့်ခင် အရည်အချင်း (လုပ်နိုင်၊ မလုပ်နိုင်) စစ်ရတာ က Private Projects တွေ မှာ ဆိုရင် အင်ဂျင်နီယာ တွေ ရဲ့ တာဝန် တစ်ခုပါ။ Company Profile လောက် နဲ့ တင် ကျေနပ်လို့ မရပါဘူး။ ကိုယ်ပေးမဲ့ ပရောဂျက် လို ပရောဂျက်မျိုး တကယ်လုပ်ဘူးရဲ့ လား။ လုပ်ဘူးတယ် ဆိုရင်တောင် မှ ဘယ်နေရာ က ပါတာလဲ။ ( ဥပမာ ဆောက်လုပ်ရေး အလုပ်ပေးမဲ့ ကန်ထရိုက်တာ က ဒီပရောဂျက် မျိုး ကို ပစ္စည်းပေးသွင်း သူ အဆင့် ပဲ လုပ်ဘူးတာ ကို Project Lists ထဲ မှာ ထည့်ပြချင် ထည့်ပြနိုင်ပါတယ်။) လုပ်ဘူးတယ် ဆိုရင် ဘယ်သူတွေ လုပ်ခဲ့တာလဲ။ ခု ဒီပရောဂျက် ကို လုပ်မဲ့ ဝန်ထမ်းတွေ က ဘယ်သူတွေ လည်း၊ သူတို့ က ဒီတာဝန် ကို ယူဘူးသလား။ အဲဒီ အလုပ် တွေမှာ ဒီကုမ္ပဏီ ရဲ့ Performance က ဘယ်လို အခြေအနေ လဲ။ ဒီကုမ္ပဏီ ရဲ့ Safety Records က ဘယ်လို့လဲ။ စသည်ဖြင့်ပါ။ တစ်ပြိုင်တည်း မှာ ပဲ ကန်ထရိုက် ပိုင်း နဲ့ ဆောက်လုပ်ရေး အပိုင်း က လည်း ကန်ထရိုက်တာ ရဲ့ ငွေကြေးဆက်ဆံမှု၊ လုပ်နိုင်ရည် တွေ ကို အကဲဖြတ်ရပါတယ်။ အလုပ်သမား တွေ ကို လစာ မှန်မှန်ပေးရဲ့လား။ ပစ္စည်းရောင်းသူ တွေ ကို ပုံမှန်ငွေရှင်းပေးလေ့ရှိသလား (သို့) ငွေကြေး အရှုတ်အရှင်း ဘာတွေ ရှိသလဲ။ ဘဏ်တွေ က ထောက်ခံမှု၊ ပံ့ပိုးမှု (Bank Guarantee) ရှိမရှိ… ကိုယ်အလုပ်အပ်မဲ့ သူ ကို ကိုယ်ယုံကြည်ဘို့ လိုပါတယ်။ မဟုတ်ရင် ဒီအရှုတ်ထုပ် က ကိုယ့်ဆီ ပြန်လည်လာနိုင်ပါတယ်။ ဒါကြောင့် ကန်ထရိုက်တာ ဆိုတာ ယုံကြည်စိတ်ချ ရတဲ့ ကန်ထရိုက်တာ ဖြစ်ဘို့ အင်မတန် အရေးကြီးပါတယ်။ နိုင်ငံ (သို့) အာဏာပိုင် အဖွဲ့အစည်း တွေ အနေနဲ့ ကန်ထရိုက်တာ တွေ ကို စနစ်တကျ မှတ်ပုံတင်၊ အရည်အချင်းစိစစ်၊ အဆင့်ခွဲတဲ့ စနစ်တွေ ကို ကျင့်သုံးကြပါတယ်။ ဒီနေရာ မှာ အရည်အချင်း ဆိုတာ ကို အထက် ကနေ အောက်ခြေ အထိ ကျွမ်းကျင်မှု လိုအပ်ချက် ကို ဆိုလိုတာ ဖြစ်ပါတယ်။ လုပ်ငန်းအတွေ့အကြုံ စူပါရှိတဲ့ ဆရာကြီး တစ်ယောက်၊ နှစ်ယောက်ပါတာနဲ့ တင် ကုမ္ပဏီ အတွေ့အကြုံ မရှိတောင့် စဉ်းစားမယ် ဆိုတဲ့ အချက်မျိုး က တိုင်းပြည်ဘဏ္ဍာသုံး ရတဲ့ Public Works Projects တွေ မှာ လုံးဝ မသုံးသင့်ပါဘူး။ အောက်ခြေ လုပ်သား က အစ သူ့အလုပ် မှာ သူကျွမ်းကျင် ဘို့ လိုအပ်ပါတယ်။ ဆရာကြီး ဆိုသူ တွေ က အောက်ခြေလုပ်သား ကို မျက်လုံးဒေါက်ထောက် အမြဲတမ်း ကြည့်နေနိုင်မှာ မဟုတ်ပါဘူး။ ကြည့်နေရတယ် ဆိုရင် လည်း လုပ်ငန်းပြီးမှာ မဟုတ်ပါဘူး။ ပြည်တွင်း ကန်ထရိုက်တာ တွေ အတွေ့အကြုံ နည်းသေးရင် ပြည်ပ က ကျွမ်းကျင်တဲ့ ကန်ထရိုက်တာ တွေ ဖိတ်ခေါ်သင့်ပါတယ်။ ဂျပန် ဆောက်လုပ်ရေး ကုမ္ပဏီ ကြီးတွေ တွေ က Infrastructure အပိုင်း မှာ အရည်အသွေး ကောင်းမွန် တာမို့ စကာင်္ပူ အပါအဝင် အခြားနိုင်ငံ တော်တော်များများ မှာ ဂျပန် ဆောက်လုပ်ရေး ကုမ္ပဏီ ကြီးတွေ ရဲ့ အခန်းကဏ္ဍ မသေးတာ တွေ့နိုင်ပါတယ်။ အခြားတိုးတက် တဲ့ နိုင်ငံက အရည်အသွေး ကောင်းတဲ့ ကန်ထရိုက် တာကြီးတွေ လည်း ရှိပါတယ်။ ဒီအကြောင်းအရာ နဲ့ ပတ်သက်ပြီး စကာင်္ပူ BCA က ကန်ထရိုက်တာ တွေ ကို ဘယ်လို စနစ် နဲ့ ထိန်းထားတယ်။ အမျိုးအစား နဲ့ အဆင့်အတန်း ကို ရှိတဲ့ ဘယ်လို့ အရည်အချင်း တွေကို အခြေခံပြီး ဘယ်လို့ အဆင့်ခွဲထားတယ်။ ကန်ထရိုက်တာ တွေ အရည်အသွေး ပိုပိုတိုးတက် လာအောင် ကျွမ်းကျင်သင်တန်း တွေ ဘယ်လိုဖွင့်ပေးထား တယ် ဆိုတာ ကို ရှေ့ပိုင်းမှာ မိတ်ဆက်ပေးခဲ့ပါတယ်။ နောက် ကြုံတဲ့အခါ ဂျပန် ကန်ထရိုက်တာကြီးတွေ ဘာလို့ နိုင်ငံတကာ ပရောဂျက် (အထူးသဖြင့် အရှေ့တောင်အာရှ) မှာ နာမည်ကောင်း ရသလဲ ဆိုတဲ့ အကြောင်း မိတ်ဆက်ပေးပါမယ်။

Read More... [ အကျယ် ဖတ်ရန်... ]

Saturday, November 26, 2016

Construction Project Management

ဆောက်လုပ်ရေး ပရောဂျက် တစ်ခု အောင်အောင်မြင်မြင် ပြီးဆုံး နိုင်ဘို့ အတွက် Construction Project Management လို့ ခေါ်တဲ့ ဆောက်လုပ်ရေး ပရောဂျက် စီမံခန့်ခွဲ မှု စနစ် တွေ က အရေးပါပါတယ်။
Construction Project Management ဒီလို ပြောလိုက်ရင် Site ထဲက ကန်ထရိုက်တာ တွေ ရဲ့ ပရောဂျက် မန်နေဂျာ လုပ်ရတဲ့ အလုပ်လို့ပဲ မြင်တဲ့သူ တွေ ရှိပါလိမ့်မယ်။ ပိုင်ရှင်၊ အင်ဂျင်နီယာ၊ ကန်ထရိုက်တာ၊ ဆဗ်-ကန်ထရိုက်တာ၊ ဆောက်လုပ်ရေး ပစ္စည်း ရောင်းသူ အပါအဝင် အားလုံးနဲ့ ဆိုင်တဲ့ ကိစ္စ လို့ ပြောရင် သဘောတူချင်မှ တူကြပါမယ်။
ဒါ့အပြင် ဒီ ဆောက်လုပ်ရေး စီမံခန့်ခွဲမှု စနစ် က ဆိုင်းဘုဒ် မထောင်ခင် ပဝေသဏီ ကတည်းက၊ ပရောဂျက် တစ်ခု စဘို့ ရည်ရွယ်တဲ့ အခြေအနေ၊ ဖြစ်နိုင် မဖြစ်နိုင် သုံးသပ်တဲ့ အခြေအနေ က စလို့ ဒီဇိုင်းလုပ်တာ၊ ဆောက်လုပ်တာ အပါအဝင် အောင်အောင်မြင်မြင် ပြီးဆုံးသွားတဲ့ အချိန် ရဲ့ အလွန်ပိုင်း အထိ အကျုံးဝင်ပါတယ်။

ဒီ ခေါင်းစဉ် ရဲ့ အောက်မှာ ရှိတဲ့ အချက်တွေ ကို ကြည့်မယ် ဆိုရင်…

  1. Contract Administration (ကန်ထရိုက် ဆိုင်ရာ စီမံခန့်ခွဲမှု)
  2. Cost Estimating (ကုန်ကျစားရိတ် ခန့်မှန်းခြင်း)
  3. Planning & Scheduling (ကြိုတင်စဉ်းစား ပြင်ဆင်ခြင်း (ဝါ) လျာထားခြင်း နှင့် အစီအစဉ်ရေးဆွဲခြင်း)
ရယ်လို့ တွေ့နိုင်ပါတယ်။

ဒီအပိုင်းတွေ မှာ သက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်တွေ ရှိပါတယ်။ အချို့ က အင်ဂျင်နီယာ နဲ့ ဆိုင်တဲ့ ဘွဲ့ရသူတွေ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒီအပိုင်း မှာ လုပ်နေတဲ့ သူတွေ က အင်ဂျင်နီယာ တွေ ဆီ က အချက်အလက် ကို မှီငြမ်း၊ အင်ဂျင်နီယာ တွေ နဲ့ အတူတွဲပြီး လုပ်ရပါတယ်။
ဆိုလိုတာ က ဒီ အလုပ်တွေ ရဲ့ အစိတ်အပိုင်း တော်တော်များများ ကို အင်ဂျင်နီယာ တွေ လည်း ပူးတွဲ တာဝန်ယူ ရတာ ဆိုတာ သိစေချင်တာပါ။ ဒါကြောင့် အင်ဂျင်နီယာ တွေ အနေနဲ့ ပရောဂျက် စီမံခန့်ခွဲမှု စနစ်တွေ ကို အထိုက်အလျောက် နားလည် နေဘို့ လိုအပ်ပါတယ်။
တစ်ပြိုင်တည်းမှာ ပဲ ပရောဂျက် ကောင်းတစ်ခု အောင်အောင်မြင်မြင် ပြီးဆုံးသွားအောင် အင်ဂျင်နီယာ တွေ က ပဲ လုပ်သွားလို့ မရတာ သတိပြုဘို့ လိုအပ်ပါတယ်။ Team-work ကောင်းဘို့ လိုအပ်ပါတယ်။ သင့်တော်တဲ့ ကျွမ်းကျင် ပညာရှင်၊ နည်းပညာ၊ လူအင်အား၊ စက်အင်အား၊ အတွေ့အကြုံတွေ လိုအပ်ပါတယ်။
အကျင့်ပျက် ခြစားမှု တွေ မရှိတဲ့ နေရာ မှာတောင် ဆောက်လုပ်ရေး ကန်ထရိုက် စနစ်တွေ မှာ အငြင်းပွားမှု တွေ၊ စည်းဖောက်မှုတွေ၊ ပြဿနာ တွေ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ပြဿနာ မဖြစ်ချင်ဘူး ဆိုပေမဲ့ ကြိုမမြင် နိုင်တဲ့ အချက်တွေ၊ မထင်မှတ်ပဲ ပြောင်းလဲတဲ့ အခြေအနေ တွေ၊ နုတ်ကတိ နဲ့ ကန်ထရိုက် ထဲ မပါတာတွေ လုပ်ပေးရတာတွေ၊ လူပေါင်းစုံ မို့ နားမလည်ပဲ တလွဲလုပ်တာတွေ၊ မတော်တဆ မှားယွင်းတာတွေ၊ ဆုံးဖြတ်ချက် မှားတာတွေ၊ ဆုံးရှုံးမှု တွေ၊ အမျိုးမျိုးပါ။ သဘောမတူ တာတွေ ကို အချင်းချင်း ညှိနှိုင်း လို့ မရတဲ့ အခါ တရားစွဲ၊ အမှုဖြစ် တရားရုံးရောက် တော့တာပါပဲ။ ဥပဒေ အရ ကြည့်ရင်လည်း တရားခွင် မှာ အမှုအထွေထွေ မကြာခန တွေ့ရပါတယ်။ ဒီအခြေအနေ ကို အင်မတန် စည်းကမ်းကြီး၊ စနစ် ကျတဲ့ စ လုံး နဲ့ ယူအက်စ် မှာတောင် မကြာခန တွေ့ရပါတယ်။
စလုံးက ကုမ္ပဏီကြီးတွေ မှာ Legal Department ရှိလေ့ရှိသလို၊ ယူအက်စ် ကုမ္ပဏီကြီးတွေ မှာ Legal Department ရှိလေ့ရှိပါတယ်။ ဖြစ်လာနိုင်မဲ့ အငြင်းပွားမှု တရားတဘောင် တွေ ကို ရှောင်နိုင်အောင် (သို့) ခံခဲ့ရဘူးတဲ့ အမှားထပ်မခံ ရအောင် ဥပဒေ ပညာရှင် တွေ ရဲ့ ပါဝင်ပတ်သက်မှု ရှိရပါတယ်။
ကန်ထရိုက် နဲ့ သက်ဆိုင်တဲ့ စည်းမျဉ်းစည်းကမ်း တွေ က သိမ်မွေ့ပါတယ်။ အခြေအနေ ပေါ်မူတည်ပြီး လှေနံဒါးထစ် လုပ်လို့ မရတဲ့ အခြေအနေ တွေ လည်း အများကြီးပါ။ ဒါကြောင့်မို့ သူ့စည်း၊ ကိုယ့်စည်း၊ သူ့တာဝန်၊ ကိုယ့်တာဝန်၊ သူ့ရပိုင်ခွင့်၊ ကိုယ့်ရပိုင်ခွင့်၊ သူ့လုပ်ပိုင်ခွင့်၊ ကိုယ့်လုပ်ပိုင်ခွင့် ဆိုတာ တွေ ကို သေသေချာချာ နားလည် နေဘို့ လိုအပ်ပါတယ်။
ဒီအတွက် သင့်တော်တဲ့ လုပ်ထုံးလုပ်နည်း တွေ ရှိဘို့ လိုအပ်သလို တရားဥပဒေ နဲ့ ဥပဒေ အရ ထိထိရောက်ရောက် ကာကွယ်မှု၊ အပြစ်ပေးမှု တွေ လည်း ရှိဘို့ လိုအပ်ပါတယ်။
စည်းစနစ် ကျတဲ့ ကန်ထရိုက်တာ လိုင်စင်၊ လိုအပ်ချက် နဲ့ လုပ်ပိုင်ခွင့် တွေ လည်း ရှိဘို့ လိုအပ်ပါတယ်။

နောက်တစ်ပါတ်မှာ Contract Administration နဲ့ ဆက်လက် မိတ်ဆက်ပေးပါမယ်။

Read More... [ အကျယ် ဖတ်ရန်... ]