Saturday, November 14, 2015

Fire Hydrants (မီးသတ်သမားသုံး ရေဘုံဘိုင် ခေါင်းများ) လိုအပ်ချက်

မီးသတ်တပ်ဖွဲ့ ဝင်တွေ မီးကို အမြန်ဆုံး ထိန်း နိုင်ဘို့ အတွက် အခြေခံ လိုအပ်ချက် တစ်ခု က တော့ လိုအပ်တဲ့ ရေဖြည့်ပေးနိုင်မဲ့ Fire Hydrants တွေ လက်လှမ်းမီတဲ့ အကွာအဝေး အတွင်း ရှိနေဘို့ပါ။ ပါ။ ဒီလိုအပ်ချက် နဲ့ အတူ မဟာရန်ကုန် နဲ့ မန္တလေး လို မြို့ကြီးတွေ အတွက် Fire Hydrants တွေ လိုအပ်ချက် နဲ့ အခန်းကဏ္ဍ တွေ ကို မိတ်ဆက် ပေးထားပါတယ်။ Drop Box ကနေ Download လုပ်ယူနိုင်ပါတယ်။
https://www.dropbox.com/s/4o6367w2hgn7mk5/F121_R04%20Fire%20Hydrants.pdf?dl=0
File Size အရွယ်အစား လည်း သိပ်မကြီး တော့ပါဘူး။ 1 MB ထက်နည်းတာ မို့ PC / Mobile နဲ့ Download လုပ်တာ အဆင်ပြေပါလိမ့်မယ်။ အောက်မှာ Mobile User တွေ အတွက် Web Version ကိုလည်း  ပြန်ရေးပေးထားပါတယ်။
တိုးတက်နေတဲ့ နိုင်ငံတွေ ရဲ့ လမ်းဘေး တစ်ဘက်တစ်ချက် မှာ Fire hydrants လို့ခေါ်တဲ့ မီးသတ်သမားသုံး ရေဘုံဘိုင် ခေါင်း တွေ ကို တွေ့ ရလေ့ရှိပါတယ်။ (အဲ တိုးတက်ခဲ့ဘူးတဲ့ နိုင်ငံတစ်နိုင်ငံ ရဲ့ ရွှေမြို့တော် မှာ လည်း အရိပ်အငွေ့ တွေ ကျန်နေဆဲပါ။ ) ဒီ Fire Hydrant တွေကို အရေးပေါ် အခြေအနေ မှာ မီးသတ်တပ်ဖွဲ့ဝင် တွေပဲ အသုံးပြုခွင့် ရှိပါတယ်။ မီးသတ်ကား (သို့) အခြား fire engine တွေ မီးသတ် ပိုက်ခေါင်း ရေပန်း တွေ နဲ့ မီးကို ဖြန်းသတ်တဲ့ အခါ ဒီ Fire Hydrant တွေကရေ တွေ ကို အခြားတစ်ဘက် ကနေ စုတ်ယူ ဖြည့်တင်း ပေးရပါတယ်။
မီးသတ်ကား ကို ရေသွင်းပေးနေပုံ။
မီးသတ်ဌာန၊ မီးသတ်ကား နဲ့ ပိုက်ရစ်၊ ပိုက်ဆက် အရွယ်အစားတွေ Standard စံတစ်ခု သတ်မှတ်ပြီး ဖြစ်နေရပါမယ်။ အရေးအကြောင်း မှ တပ်ဆင်လို့ မရအောင် လွဲချော်နေတာ မျိုး မဖြစ်စေဘို့ ပါ။
မီးသတ်သမားတွေ Fire Hydrant အသုံးပြုပုံ နမူနာ ဗီဒီယို။ YouTube - Fire Hydrant Training http://www.youtube.com/watch?v=1nsD864K6pk&NR=1
Fire Department Connection: လို့ ခေါ်တဲ့ မီးသတ်ဌာန က ရေသွင်း ဘို့ ထားပေးရတဲ့ ပိုက်ခေါင်း တွေ က လည်း အဆောက်အဦ ထဲ မှာ မီးသတ်ဘို့ အတွက် လိုအပ်တဲ့ ရေအား ကို ရနိုင်ဘို့ ဒီ Fire Hydrants တွေ ကို ပဲ မှီခိုနေရတာပါ။
ဥပမာ Sprinkler Systems တွေမှာ ရေဆွဲအားကြောင့် လိုအပ်တဲ့ ရေအား မရနိုင်ရင်လည်း Fire Engine တွေရဲ့ အကူနဲ့ အားဖြည့်ပေးနိုင်ပါတယ်။ Fire Department Connection တွေ ကို Breeching Inlets ( UK, Singapore, Malaysia ) / Siamese Connections ( US ) လို့ လည်း သိကြပါတယ်။ အမေရိက မှာ ဘာလို့ Siamese Connections လို့ ခေါ်ရသလဲ ဆိုတာ ကတော့ 19 ရာစု ထဲမှာ အမေရိက ကို လာအခြေချ တဲ့ Chang and Eng Bunker ထိုင်းညီအကို နှစ်ယောက် ကိုအစွဲပြု ခေါ်ခဲ့ကြတာ ဖြစ်တယ် လို့ ဆိုပါတယ်။
  1. Fire Hydrants တွေ ဘာလို့ အရေးပါသလဲ ။
  2. Public Fire Hydrants
  3. Private Fire Hydrants
  4. မြို့တော် မဟာရန်ကုန် နှင့် Public Fire Hydrants များ
  5. မြို့တော် မဟာရန်ကုန် နှင့် Public Infrastructure

  1. Fire Hydrants တွေ ဘာလို့ အရေးပါသလဲ ။
  2. Fire Hydrants တွေ ဘာလို့ အရေးပါသလဲ ဆိုတာ ဆက်ပြီး ဆွေးနွေး ကြရအောင်ပါ။ မီးသတ်ဘို့ ရေအား လိုအပ်ချက် တွေနဲ့ မရင်းနှီးတဲ့ အခါ မီးသတ်ကား မှာ ရေပါတာပဲ၊ ဘာလို့ Fire Hydrants လိုမှာလဲ ဆိုတဲ့ အမြင်မျိုး ရှိကြပါတယ်။
    လိုအပ်ချက်ပြည့်မီတဲ့ Fire Hydrants သတ်မှတ်တဲ့ အကွာအဝေး အတွင်း အနီးအနား မှာ ရှိမနေ ရင် မီးကို ကောင်းကောင်း ထိန်းနိုင်ဘို့ အင်မတန် ခက်ခဲပါတယ်။ မီးတစ်ခု ကို နိုင်နိုင်နင်းနင်း ထိန်းနိုင်ဘို့ နေရာ နဲ့ မီးပြင်းအား ပေါ်မူတည် ပြီး နာရီ နဲ့ ချီ ပြီး ကြာနိုင်ပါတယ်။ ရေအားအပြည့် မသုံး နိုင်တာ က လည်း မီးကို သက်ဆိုးရှည် ဘို့ အားပေးမဲ့ အချက် တစ်ခု ပါ။ မီးကို နိုင်နိုင်နင်းနင်း ထိန်းနိုင်ဘို့ နဲ့ အနိုင်တိုက်ဘို့ အတွက် ရေအား ဘယ်လောက် ကောင်းကောင်း နဲ့ ဖြန်းတယ် ဆိုတဲ့ အချက်ပေါ် မှာလည်း မူတည်ပါတယ်။
    အချိန် ကလည်း စက္ကန့် နဲ့ အမျှ အရေးကြီး ပါတယ်။ မီးကို အချိန်တို အတွင်းနိုင်အောင် ထိန်းနိုင်ဘို့ အဓိကကျ၊ အရေးကြီးပါတယ်။ အခြားအဆောက် အအုံ တွေ ကို လည်း မကူးစက်၊ လောင်တဲ့ အဆောက်အအုံ ပြာမကျ ခင် ငြိမ်းသတ် နိုင်ပါမှ မီးကို အောင်မြင်စွာ ငြိမ်းသတ်နိုင်တယ် လို့ ပြောလို့ ရပါတယ်။
    ပုံမှန် မီးသတ်ကား Pumper တစ်စီးမှာ အကြမ်းအားဖြင့် ရေ ဂါလံ (US gal) ငါးရာ (1,900 L) လောက်ဆန့် တဲ့ ရေတိုင်ကီ နဲ့ တစ်မိနစ် ကို ဂါလံ တစ်ထောင် (1000 gpm, 63 L/s) လောက်အထိ ရေအား ပေးနိုင်တဲ့ ရေပန့် နဲ့ အတူ မီးသတ်ပိုက် ခေါင်းတွေ ပါဝင်ပါတယ်။ ဆိုလိုတာက အရှိန်ပြည့် နဲ့ စက္ကန့် သုံးဆယ် လောက် ဖြန်းလိုက် ရင် ရေကုန် သွားပါပြီ။ ကြာကြာခံအောင် အနည်းဆုံး ရေအား 250 gpm နဲ့ ချွေပြီး ဖြန်းရင်တောင် နှစ်မိနစ် ပဲ ခံ ပါမယ်။
    မြို့ပြ မီးသတ်တပ်ဖွဲ့ သုံးသော မီးသတ် ရေပိုက်များ သုံးမျိုးရိပါတယ်။( NFPA 1961 1961- Standard on Fire Hose)
    1. Attack Hose: to combat fires
    2. Suction Hose: drafting water from below the pump, i.e, pumper suction
    3. Supply Hose: pressurized water source to fire pump, e.g. Hydrant to Pumper
    • Attack Hoses: မီးသတ်ရေပန်း နှင့်ဆက်ထားသောပိုက် ( minimum design operating test pressure of 275 psi)။ တွေ မှာ တွေ့ရလေ့ ရှိတဲ့ အရွယ်အစား အချို့ ရဲ့ အကြောင်းကို မိတ်ဆက်ပေးလိုက်ပါတယ်။
    • 1" ပိုက်လိုင်း ကို Booster Line လို့ ခေါ်ပါတယ်။ သယ်ရရွှေ့ရ လွယ်ပြီး မီးသတ်တပ်ဖွဲ့ဝင် တစ်ဦး က နိုင်နိုင်နင်းနင်း ကိုင်တွယ်ပက်ဖြန်း နိုင်ပါတယ်။ ရေအားကတော့ နည်းပါတယ်။ approx. 50 gpm လောက်ပဲ ပက်ဖြန်းနိုင်ပါတယ်။
    • 1 3/4" Attack Hose: ကိုတော့ မီးသတ်တပ်ဖွဲ့ဝင် နှစ်ဦး-သုံးဦး ရဲ့ အားလိုအပ်ပါတယ်။ ရေအား ကတော့ အသင့်အတင့် ( 140- 200 gpm) ဖြစ်ပါတယ်။
    • 2 1/ 2" Attack Hose: ကို ကိုင်တွယ်ဘို့ အတွက် မီးသတ်တပ်ဖွဲ့ဝင် သုံး-လေး ဦး (သို့) ဒီထက် ပိုပြီး လိုအပ်နိုင်ပါတယ်။ ရွှေ့လို့ ပြောင်းလို့ တော့ သိပ်မလွယ်ပါဘူး။ ရေအား ကတော့ ( 200- 300 gpm) ဖြစ်ပါတယ်။
    • ပိုပြီးရေအား ကောင်းကောင်း ဖြန်းနိုင်တာ က တော့ Deck Gun / Water Cannon လို့ခေါ်တဲ့ ကားပေါ်မှာ တပ်ဆင်ထားတဲ့ Fire Monitor လိုပုံစံမျိုးပါ။ ဂါလံ တစ်ထောင် အထက် ရေအား ရှိနိုင်ပါတယ်။
    မီးကိုရေနဲ့ ငြိမ်းစေနိုင်ဘို့ အတွက် မီးသတ်ပိုက် က ရေ အဆက်မပြတ် ထွက်နေဘို့ အင်မတန် အရေးကြီး ပါတယ်။ ရေအားကောင်းကောင်း နဲ့ ဖြန်းနိုင်တဲ့ ပိုက်ခေါင်းမှာ အင်အား အပြည့်သုံးနိုင်ဘို့ လိုပါတယ်။ 1,000 gpm ရေဖြန်းအား က 500 gpm ထက် နှစ်ဆ မက ပို ထိရောက် နိုင်ပါတယ်။ 250 gpm နဲ့ ချွေတာ ဖြန်းမယ် ဆိုရင် တော့ အဆပေါင်း များစွာ ပိုကြာပါလိမ့်မယ်။
    International Fire Code (IFC) အရ ဆင်ခြေဖုန်း ရပ်ကွက် က သာမာန် မိသားစုတစ်စု လူနေ အိမ် ခပ်လတ်လတ် (<3,600 ft2) တစ်လုံး က မီးကို အနိုင်တိုက် ဖို့ အတွက် လိုအပ်ချက် က 1,000 gpm x 1 hour ပါ။ ကူးချီသန်းချီ လုပ်မယ် ဆို ရင် မီးသတ် Pumper အစီး ၁၂၀ စာ နဲ့ ညီမျှ ပါတယ်။ (အချိန် ကိုပါထည့်တွက် မယ် ဆိုရင် တော့ နှိုင်းယှဉ် လို့တောင် ရမယ် မထင်ပါဘူး။) 1000 gpm, 63 L/s ရေအား က ဘယ်လောက်လဲ ကြည့်ရအောင်။ စားအုံးဆီ ပေပါ တိုင်ကီ တစ်လုံး က 200 Liter (55 US gal) ပါ။ မြန်မာတွေ က တော့ Imperaial Gallon မို့ ခပ်လွယ်လွယ် ဂါလံ ၅၀ ဆန့် လို့ ခေါ်ကြပါတယ်။ ရေချိုး၊ ရေဖြည့် ရင် လေးဂါလံ ရေပုံး ဆယ့်နှစ်ပုံး (သို့) အနည်းဆုံး ခြောက်ထမ်း ဖြည့်ရပါတယ်။
    ဒီလို သာမန်ရပ်ကွက် မှာရှိတဲ့ Fire Hydrant တစ်ခုက ရနိုင်တဲ့ ရေအားက ပေ၄၀-၅၀ အမြင့်မှာ ရှိတဲ့ ဂါလံ 50 ရေတိုင်ကီ တွေ ကို သုံးစက္ကန့် တိုင်းတစ်လုံး အပြည့် (ဝါ) တစ်မိနစ် မှာ တိုင်ကီ အလုံးနှစ်ဆယ် ရေဖြည့်ပေးနိုင်ပါတယ်။ ဆက်စပ်ပြီး ယှဉ် ပြောရရင် မီးသတ်ရဲဘော်၊ ရဲမေ တွေ၊ ဗော်လန်တီယာတွေ၊ ရေညစ်ပတ် မြောင်းထဲ မရွံမရှာ၊ စွန့်စွန့်စားစား၊ အင်ကုန်၊ အားကုန် ရေပုံးကိုယ်စီ နဲ့ ခပ်ပြီး ရေဖြန်းတာ နဲ့ ယှဉ်ကြည့်ရင်လည်း လူအား ထောင်ဂဏန်း မက သောင်းဂဏန်း လောက် နဲ့ သွားညီပါလိမ့်မယ်။
    တစ်ခါတစ်ရံ မီးသတ်ကား အရေးပေါ် ရောက်လာပေမဲ့ ရေမပါတာလည်း ရှိနေနိုင်ပါတယ်။ ဒါကို မီးသတ်ကား ရေမပါ ပဲ ရောက်လာလို့ အလကား မဖြစ်သင့် ပါဘူး။ တကယ့်လက်တွေ့မှာ လိုအပ်တဲ့ Fire Hydrants တွေ အဆင်သင့်ရှိနေရင် ရေပါဘို့ ထက် အချိန်မီ ရောက်ဘို့ လိုပါတယ်။ Fire Hydrants တွေ အဆင်သင့်ရှိနေရင် တစ်မိနစ် စောရောက်တဲ့ ရေမပါတဲ့ ကားက တစ်မိနစ် နောက်ကျရောက်တဲ့ ရေပါတဲ့ ကားထက် ပို တန်ဘိုး ရှိကြောင်း ရှင်းပြပါမယ်။
    မီးသတ်ကား တွေ တန်းစီ ရေထည့်လိုက်၊ ဝင်လိုက်ထွက်လိုက်၊ မိနစ်ပိုင်း၊ စက္ကန့် ပိုင်းလောက် ဖြန်း ပြီးရင်ပိုက်တွေ ဖြုတ်လိုက် တတ်လိုက် လုပ်နေရရင် လုပ်ငန်းမတွင်၊ မထိရောက် တော့ပါဘူး။ ဒါကြောင့် မိနစ် ပိုင်း ကြာမဲ့ အချိန် အစား နာရီပေါင်း များစွာ ကြာပြီး အချို့ ကို မီးသွေး ဖြစ်မှ မီးကို စတိုက်နိုင် သလိုဖြစ်နေ ပါလိမ့် မယ်။
    ဒီနေရာ မှာ မီးငြိမ်းအောင် လုပ်တာ နဲ့ ပတ်သက်လို့ ပြောချင်ပါတယ်။ မီးဆိုတာ အချိန်တန်ရင် တော့ ငြိမ်း ရမှာပါ။ ဟုတ်ကဲ့ ။ ရေအား မကောင်းရင် ပဲ ဖြစ်ဖြစ်၊ နောက်ဆုံး လုံးဝ ရေမပက်ဘဲ ပစ်ထားရင် တောင် တချိန်ချိန် မှာ တော့ မီးညွန့် ကျိုး ပြီး ငြိမ်းကို ငြိမ်းမှာပါ။ လောင်စရာ လောင်စာကုန် သွားတဲ့ အခါပေါ့။
    အဆောက်အအုံ အချို့ နဲ့ အတွင်းက ပစ္စည်းတွေ ပြန်ရချင်လား။ ပြာပုံပင်လယ် ကျန်မလား ဆိုတဲ့ အကြောင်းတရား အဖြေ အတွက် ဘယ်လောက် ထိထိရောက်ရောက် မီးသတ်နိုင်လဲ၊ အချိန်တို အတွင်း မီး ထိန်းနိုင်၊ မထိန်းနိုင် နဲ့ အချိန် တိုတို၊အချိန် ဘယ်လောက် အတွင်း ရေအား ဘယ်လောက် ဖြန်းနိုင်လဲ ဆိုတာ တွေက အရေးပါ တဲ့ အခြေခံလိုအပ်ချက် အကျိုးတရား တွေ ထဲ မှာ ပါဝင်ပါတယ်။
    တစ်ရပ်ကွက် လုံး ကုန်မှ၊ တစ်ဈေးလုံး ကုန်မှ မီးငြိမ်းတယ် ဆိုရင် အကျိုးမရှိ၊ မထိရောက် တော့ပါဘူး။

    ... Back to Top (Contents)....
  3. Public Fire Hydrants
  4. တိုးတက်နေတဲ့ နိုင်ငံတွေ ရဲ့ လမ်းဘေး တစ်ဘက်တစ်ချက် နဲ့ အဆောက်အအုံ ခြံဝင်း တွေ ထဲမှာ Fire hydrants လို့ခေါ်တဲ့ မီးသတ်သမားသုံး ရေဘုံဘိုင် ခေါင်း တွေ ကို ပေ ၃၀၀ - ၅၀၀ လောက် စီခြားပြီး ရှိနေတာ တွေ့ ရပါလိမ့်မယ်။ အများအားဖြင့် သင့်တော်တဲ့ ရေဖိအား Pressure ရှိတဲ့ ရေတွေ ကို မီးသတ်တဲ့အခါ လိုသလောက် အဆင်သင့် ရအောင် စီစဉ်ထားရတာပါ။ စာရေးသူ ရောက်ဘူးတဲ့ အရှေ့တောင် အာရှ အနီးအနား နိုင်ငံ တွေ ကို ကြည့်ရင် ဘန်ကောက်၊ ကွာလာလမ်ပူ၊ စကာင်္ပူ စသည်ဖြင့် မြို့တိုင်း မှာ Public Fire Hydrants တွေရှိပါတယ်။ US မှာလည်း City တိုင်းလိုလို မှာ ရှိပါတယ်။
    မြို့ပြ တွေ မှာ မြို့အင်္ဂါရပ် နဲ့ ကိုက်ညီအောင် စည်ပင်သာယာ ဝန်ဆောင်မှု (Municipal Services) တွေ ရှိရပါတယ်။ မီးသတ်ဘို့ လိုအပ်ချက်တွေ အရ မြို့နယ်နိမိတ် ထဲ က အဆောက်အဦ တွေ ရှိရာ အများပိုင် လမ်းမတွေ ပေါ်မှာ Public Fire Hydrant တွေ ထားရှိ ပေးရပါတယ်။ မီးသတ်ဌာန ရဲ့ လိုအပ်ချက် (သို့) လိုအပ်တဲ့ မီးသတ်ရေအား ပမာဏကို မြူနီစီပါယ် သောက်သုံးရေဝေတဲ့ စနစ်ထဲမှာ ထပ်ဆောင်း ထည့်သွင်းတွက်ချက် ထားရပြီး သင့်တော်ရာ မှာ တပ်ဆင် ပေးထားလေ့ ရှိပါတယ်။ Fire Hydrants တွေ ကို သတ်မှတ်ချက်၊ လိုအပ်ချက် အတိုင်း ပြုပြင်ထိန်းသိမ်းခြင်း၊ အခါအားလျော်စွာ (ဥပမာ တစ်နှစ် နှစ်ကြိမ်) ရေအားစစ်ဆေးခြင်း တွေ ကိုလည်း လုပ်ဆောင် ပေးရပါတယ်။
    အပေါ်ပုံတွေ က စကာင်္ပူ၊ မလေးရှား မှာ အတွေ့များတဲ့ Fire Hydrants တွေရဲ့ပုံ ဖြစ်ပါတယ်။ အများအားဖြင့် ဆေးအနီရောင် သုတ်ထားလေ့ ရှိပါတယ်။အနားမှာ ရှိတဲ့ Valve Chamber ထဲမှာ မီးသတ်သမားတွေ ပဲဖွင့်သုံးနိုင်မဲ့ Gate Valve တစ်ခုရှိပါတယ်။

    ပုံမှာ နယူးယောက်မြို့က Fire Hydrant တစ်ခုပုံ ကို Wiki ကနေကူးယူ ဖော်ပြထားပါတယ်။ နေရာဒေသ ကို လိုက်လို့ အခြားအရောင် တစ်ခုခုဖြစ်နိုင်သလို၊ ဒီဇိုင်းလည်း ပြောင်းလဲ နိုင်ပါတယ်။ Fire Engine က တိုက်ရိုက် ယူသုံးမှာမို့ Fire Department ရဲ့ လိုအပ်ချက် နဲ့ တော့ ကိုက်ညီရပါလိမ့်မယ်။ သူတို့ကို ဖွင့်ဘို့ ပိတ်ဘို့ Valve ကတော့ ထိပ်ပေါ်မှာ ရှိနေတာ တွေ့နိုင်ပါတယ်။
    L.A (Los Angeles) County တစ်ဝိုက် အချို့နေရာတွ မှာ တွေ့ရတဲ့ Public Fire Hydrant တွေ ကတော့ အဝါရောင် ဖျော့ဖျော့ ပါ။ ဒီအရောင် တွေ က City အလိုက် တစ်ပြေးညီ သတ်မှတ်ချက် ဖြစ် နိုင်သလို အောက်မှာ ဖော်ပြထား သလို NFPA 291 သတ်မှတ်ချက် ရေအား နဲ့ လည်း သက်ဆိုင် နိုင်ပါတယ်။
    NFPA 291, Chap. 3
    Class CLess than 500 GPMRed
    Class B500-999 GPMOrange
    Class A1000-1499 GPMGreen
    Class AA1,500 GPM & aboveLight Blue
    နိုင်ငံ အလိုက်၊ မြို့ အလိုက် အသုံးပြုတဲ့ Fire Hydrants အမျိးမျိုး ရဲ့ ပုံ အချို့ ကို http://www.firehydrant.org/ မှာ လေ့လာနိုင်ပါတယ်။
    အချို့နေရာတွေ မှာ Fire Hydrants ကို အပေါ်က အခြားအရောင် နဲ့ ဆေးထပ်သုတ် ချင်ကြပါတယ်။ အဆောက်အအုံ အမြင်လှချင်လို့။ ဘာလို့၊ ညာလို့ ပေါ့။ ဒီလို ဆေးသုတ်တာ က နေရာဒေသ တော်တော်များများ မှာ တရားမဝင်ပါဘူး။ ဘာလို့လဲ ဆိုတော့ Body Color က ရေအား ဘယ်လောက်ရှိသလဲ ဆိုတာ ကို ဖော်ပြပြီး Houston Area မှာ Bonnet (ထိပ်) အရောင်ပေါ် မူတည်ပြီး အောက်က ရေပိုက် အရွယ်အစား (တစ်နည်းအားဖြင့် ရေအား) ဘယ်လောက် ရနိုင်တယ် ဆိုတာ ကို ရည်ညွန်းတာ မို့ ဖြစ်ပါတယ်။
    စာရေးသူ အခု လက်ရှိ နေထိုင်တဲ့ Texas ပြည်နယ် တောင်ပိုင်း မြို့သစ်၊ ရပ်ကွက်သစ်မှာဆိုရင် လည်း အိမ်တွေ မဆောက်ခင်ထဲက Utilities Infrastructures တွေနဲ့ အတူ Public Fire Hydrants တွေ ကို အရင် တပ်ဆင်ထားတာ တွေ့ရပါတယ်။ လုံးချင်း အိမ်တွေ ပဲ ရှိတဲ့ ဒီ ရပ်ကွက်မှာ တပ်ဆင် ထားတဲ့ ပုံကို ဘယ်ဖက်မှာ ဖော်ပြထားပါတယ်။
    လမ်းလယ် က အပြာရောင် ရောင်ပြန်တုံးလေး ကို လည်း သတိမူမိမယ် ထင်ပါတယ်။ ဒီပုံထဲ က Public Fire Hydrants တွေ ကို အဓိပ္ပါယ် ဖွင့်ရရင်။
    Light Blue = Type AA – above 1500 gpm
    White Bonnett = Connected to 16" Public Water Main Below (Houston Codes)
    အရေးပေါ် အခြေအနေ မှာ မီးသတ်ကား အလွယ်တကူ ရပ်ဘို့ သီးသန့် အနီကြောင်း တားထားပြီး ကားမရပ်ရ နယ်မြေ အဖြစ် သတ်မှတ် ထားတတ်ပါတယ်။ (မီးသတ်ကား ရပ်နိုင်ဘို့ပါ)။ တားတား၊ မတားတား အများအားဖြင့် Hydrants ရဲ့ လမ်းဘက်ခြမ်း ၁၅ ပေ အတွင်းဧရိယာ က မီးသတ်ကားမဟုတ်တဲ့ ဘယ်ကားမဆို ကားမရပ်ရ နယ်မြေပါ။ ကားသွားရပ် မိရင် Ticket ဒါဏ်ကြေးလည်း အင်မတန် ကြီးပါတယ်။
    Hydrant နား ကားရပ်တော့ဘာဖြစ်လဲ။ ကံကောင်းရင် Normal Ticket (ငွေကုန်). ကံမကောင်း လို့ မီးလောင်တာနဲ့ ကြုံလို့ ဒီလို အခြေအနေမျိုး ဖြစ်လာရင် ဒါဏ်ကြေးကြီးလည်း ပေးရ၊ ကားမှန်တွေ လည်း အခွဲခံရ၊ လူလည်း ရစရာ မရှိအောင် အပြောခံ ရပါလိမ့်အုံးမယ်။….
    ဗီဒီယို : YouTube - Parked by hydrant? BMW = Break My Window
    Fire Hydrants အတွေ့များတဲ့ အမှားတွေ ကတော့ စနစ်မကျတာ (နိမ့်လွန်းတာ၊ မြင့်လွန်းတာ၊ ပိုက်ခေါင်းက သုံးလို့မရတဲ့၊ သုံးရခက်တဲ့ ဘက်လှည့်နေတာ)၊ အလွယ်တကူ မြင်ကွင်း က ပျောက်နေတာ (အပင် သို့ တစ်ခုခု တွေနဲ့ ဖုံးကွယ်နေတာ) တွေဖြစ်ပါတယ်။ ပိုက်ခေါင်းတွေ ပွင့်ပြီး အမှိုက်တွေ၊ သံဗူးခွံတွေ ဆို့နေတာ စတဲ့ လူတွေရဲ့ဖျက်ဆီးမှုကို လည်း သတိပြုရပါမယ်။
    အမြဲတမ်း အဆင်သင့် ဖြစ်နေအောင် ထိန်းသိမ်းဘို့ နဲ့ လိုအပ်တဲ့ ရေအား ပမာဏ ရ၊ မရ၊ စစ်ဆေးဘို့ အတွက် တရားဝင် ခွင့်ပြုချက် ရှိတဲ့ သူတွေ ပဲ ဖွင့်ခွင့် ပိတ်ခွင့် ရှိတဲ့ Valve တွေ ပါဝင်ပါတယ်။ အရေးပေါ် အခြေအနေ မှာ မီးကို အချိန်မီ ထိန်းနိုင်ဘို့ အတွက် Fire-Flow Requrements လို့ ခေါ်တဲ့ ရေအားလိုအပ်ချက် က အခြေခံ ဖြစ်ပြီး အလွန် အရေးပါ ပါတယ်။ Adequate Flow and Pressure: လုံလောက်တဲ့ ရေအား ကို လိုအပ်တဲ့ ရေဖိအား၊ ပြင်းအား နဲ့ အမြဲတမ်း (အချိန်မရွေး) အဆင်သင့် ရနေနိုင်ဘို့ လိုအပ်ပါတယ်။
    Fire Hydrant တစ်ခု၏ ရေအား ကို စစ်ဆေးနေပုံ။
    တစ်ဆင့်ချင်း ကြည့်ချင်ရင် http://www.firehydrant.org/info/ftest3.html NFPA 291 မှာ Flow Test & Residual Pressure တိုင်းတာ စစ်ဆေးတဲ့ နည်း စနစ် ကို သတ်မှတ် ပေးထားပါတယ်။ (မှတ်ချက်။ ။ စကာင်္ပူ မှာ စစ်တဲ့ နည်းနဲ့ အနည်းငယ် ကွဲပြားပါတယ်။ ရလဒ် က တော့ အတူတူပဲ ဖြစ်မှာပါ။)
    အချို့ ပရောဂျက် အသစ်တွေ (ဥပမာ၊ ဈေးသစ်၊ အိမ်ယာစီမံကိန်း) တွေ မှာ Fire Hydrants လိုအပ်ချက် တွေ ကို အမှတ်တမဲ့ ဖြစ်နေတတ် ကြပါတယ်။ အချို့နေရာ တွေ မှာ Water Mains က အရမ်းသေးနေတာ၊ (သို့) Fire Hydrants အကွာအဝေး နေရာ ချထားမှု ညံ့ဖျဉ်းတာ၊ အားနည်းတာ တွေ ကြောင့် မီးသတ်ရာ မှာ လိုအပ်တဲ့ ရေပမာဏ မရနိုင်တာမို့ အခက်အခဲ ကြီးကြီးမားမား ကြုံတွေ့ ရလေ့ရှိပါတယ်။ မီးသတ်ကား တွေ အလွယ်တကူ ဝင်လို့ ရတဲ့ နေရာလည်း ဖြစ်ဘို့ လိုအပ်ပါတယ်။
    ကားတွေ အရမ်းရှုပ်တဲ့ လမ်းမကြီး တွေ မှာ ဆိုရင် လမ်းနှစ်ဘက်လုံး မှာရှိနေဘို့ လိုအပ်နိုင်ပါတယ်။
    ဒီ Fire Hydrant မှာ သင့်တော်တဲ့ ရေဖိအား ရအောင် Pressurized လုပ်ထား ရတာကြောင့်လည်း ရုပ်ရှင်တွေ ထဲ မှာ ကားတိုက်မှု ပဲဖြစ်ဖြစ်၊ လမ်းပေါ်ကို လေယာဉ်ပဲ ထိုးကျကျ၊ Hulk လို၊ ဂေါ်ဇီလာ လို အကောင်ကြီးတွေ ပဲ သောင်းကျန်း သောင်းကျန်း ထိခိုက်သွားတဲ့ Fire Hydrant ကရေတွေ မိုးပေါ်ထောင်ပန်း နေတဲ့ မြင်ကွင်းတွေ ကို ရုပ်ရှင် ဒါရိုက်တာတွေ ယုတ္တိရှိရှိ ကူးယူ ဖန်တီး ရိုက်ကူးနေကြ တာဖြစ်ပါတယ်။ Fire Hydrant တစ်ခု ပေါက်ပြီး ရေပန်းထွက် နေပုံ။ ဒီလို ပိုက်ပေါက်ပြီး ရေပန်းထွက် နေမယ် ဆိုရင် တာဝန်သိ ပြည်သူ တစ်ဦး အနေနဲ့ သက်ဆိုင်ရာ ကို ဖုန်းဆက် သတင်းပို့ ပေးရပါမယ်။
    ဒါကေတာ့ စကာၤပူ က ပံု ပါ။
    အပြင်မှာ တွေ့ရတဲ့ လက်တွေ့ အခြေအနေ တစ်ခု ကို ကြည့်နိုင်ဘို့ အောက်မှာ Link တွေ ပေးထားပါတယ်။

    ... Back to Top (Contents)....
  5. Private Fire Hydrants
  6. Building Design Architects & Engineers, Fire Protection Engineers တွေ အနေ နဲ့ မီးသတ်စနစ် တွေ အတွက် ရေအား လုံလုံလောက်လောက် လက်လှမ်းမီမီ ရနိုင်ဘို့ အတွက် စီမံပြင်ဆင် ရပါတယ်။ Public Fire Hydrants တွေ လိုအပ်တဲ့ သတ်မှတ်ထားတဲ့ အကွာအဝေး အတွင်း မရနိုင်တဲ့ အခါ ကိုယ်ပိုင် အဆောက်အအုံ ခြံဝင်း တွေ ထဲမှာ ထပ်ဆင့် တပ်ဆင် ရရင်တော့ Private Fire Hydrants တွေလို့ ခေါ်ပါတယ်။ သီးသန့် ခြံကျယ်ကျယ် နဲ့ အဆောက်အအုံ အချို့မှာပဲ လိုအပ်နိုင်တာပါ။ NFPA 14 & 24 က ဒီ Site Planning အတွက် မှီငြမ်းဘို့ကောင်းတဲ့ References တွေ ဖြစ်ကြပါတယ်။ (စကာင်္ပူ မှာ ဆိုရင်တော့ SCDF Fire Codes တွေ နဲ့ SS 575 / formerly CP 29)
    အကွာအဝေး ဂဏန်းတွေ က တော့ အခြေအနေ နဲ့ နေရာဒေသ အလိုက်ကွဲပြားနိုင်ပါတယ်။ Private Hydrant တစ်ခုနဲ့ တစ်ခု အများဆုံး အကွာအဝေး သတ်မှတ်ချက် အနေနဲ့ ကတော့ စကာင်္ပူ နိုင်ငံ မှာအကြမ်းအားဖြင့် 100m ဖြစ်ပြီး စက်ရုံတွေအတွက် 90m ၊ မလေးရှား နိုင်ငံ ကတော့ 90m ဖြစ်ပါတယ်။ Internation Fire Code အရ ဆိုရင်တော့ လိုအပ်တဲ့ Fire-Flow Requirement ပေါ်မူတည်ပြီး လိုအပ်ချက် က 200 ft - 500 ft (60 - 150m) ဖြစ်ပါတယ်။ ရေအားများများ လိုလေ စိတ်စိတ် ထားရလေပါ။ စက်ရုံ (သို့) အန္တရာယ် ရှိတဲ့ ဂိုထောင်တွေ မဟုတ်ရင် အကြမ်းအားဖြင့် ပေ ၃၀၀ ပါ။ ဒေသ အလိုက် Authority ရဲ့သတ်မှတ်ချက် တွေကို ဆန်းစစ် လိုက်နာရမှာ ဖြစ်ပါတယ်။
    အများအားဖြင့် တော့ စည်ပင်ရေအား က လုံလောက်လေ့ ရှိတာမို့ ရေကန်တွေ ရေပန့် တွေ မလိုအပ်ပဲ မြေအောက်ရေပိုက် တွေ ကို ထပ်ဆင့် ဆက်သွယ် တပ်ဆင် ရယုံပါပဲ။ လိုအပ်တဲ့ ရေအား မရ နိုင်ရင် တော့ ရေလှောင်ကန် တွေ ရေပန့်တွေ နဲ့ control systems တွေ ကိုပါတပ်ဆင် ပေးရတော့မှာ ဖြစ်ပါတယ်။ ဒီ ရေကန်၊ ရေပန့် လိုအပ်ချက် စက်ရုံတွေ၊ မဟာဈေးတွေ၊ ဟိုတယ်ကြီးတွေ နဲ့ အထပ်မြင့် သီးသန့်ခြံကျယ် ရှိတဲ့ ကွန်ဒို၊ apartment တွေ မှာ တပ်ဆင် ရတာ ယုတ္တိတန်ပေမဲ့၊ လူနေရပ်ကွက် နဲ့ လမ်းမ၊ လမ်းသွယ် နဲ့ ကပ်ရက် အိမ်ယာ တွေ၊ လုံးချင်းအိမ် တွေ အတွက် တပ်ဆင်ဘို့ ကတော့ အခက်အခဲ ရှိပါတယ်။
    မီးလောင်တဲ့ အခါ လွတ်လွတ်ကင်းကင်း မီးသတ်ခွင့် ရနိုင်ဘို့ အတွက် အဆောက်အအုံ နဲ့ မနီးကပ်လွန်းတဲ့ အနည်းဆုံး အကွာအဝေး တစ်ခု [ ဥပမာ။ NFPA: ပေ ၄၀ (22.2m) ။ မလေးရှား၊ စကာင်္ပူ 6m (ပေ ၂၀ ခန့်) ] လိုအပ်လေ့ ရှိပါတယ်။ ဒါက မီးသတ်တဲ့ အခါ မီးအရှိန် ကြောင့် အနှောင့်အယှက် မဖြစ်စေဘို့ ပါ။
    စာရေးသူ ကိုယ်တိုင် လည်း မလေးရှား နဲ့ စကာင်္ပူ မှာ သီးသန့် Private Fire Hydrants Systems လိုအပ်တဲ့ Projects လေးငါး ဆယ်ခု လောက်မှာ အစိတ်အပိုင်း တစ်ခု အဖြစ် ဒီဇိုင်း က အစ မြေအောက် ပိုက်ဆင်၊ စစ်ဆေးတာ အဆုံး အတွေ့အကြုံ အတော်အတန် ရခဲ့ပါတယ်။ စကာင်္ပူ မှာ က Codes (အရင် CP 48 & CP 29) တွေအဆင်သင့် ရှိတာ မို့ သိပ်ခက်ခဲ လှတာတော့ မဟုတ်ပါဘူး။
    KL မှာ 1998 လောက်တုန်း က KLCC Mandarin Oriental မှာ Fire Hydrant တွေ ကို စစ်တော့ အတူ ပိုင်ရှင်ဘက် က အင်္ဂလိပ် အင်ဂျင်နီယာ တစ်ယောက် က ဒီလို မှတ်ချက်ချပါတယ်။ " ငါ ရှုးပေါက် သလောက် တောင် မထွက် ပါလားဟ။ " စာရေးသူ ကတော့ Drawing အတိုင်း ကြည့်တာ က လွဲလို့ သူပြောတဲ့ အဓိပ္ပါယ် အဲဒီ အချိန်က သေသေချာချာ မသိခဲ့ ပါဘူး။ စာရေးသူ အင်ဂျင်နီယာ ပေါက်စ လုပ်ငန်းအတွေ့အကြုံ နှစ်နှစ် ရှိတဲ့ အချိန်မှာ တောင် ဘာကြောင့်လိုအပ်လဲ ဆိုတာ ကို မသိခဲ့တာ က မြန်မာနိုင်ငံ မှာ သာမန် လူတန်းစား Fire Hydrant အရေးကြီးချက် ကို မသိကြတာ အံ့သြစရာ မဟုတ်တော့ပါ။
    စကာင်္ပူ မှာ တပ်ဆင် တဲ့ ပရောဂျက် တွေ ထဲ က အမှတ်ရ တာ အချို့ ကို တင်ပြပေးပါမယ်။
    1. ပရောဂျက် တစ်ခု မှာ အပေါ် က မြေညီထပ်မှာ ပလက်ဖောင်း ပေ မဲ့ မြေအောက်ထပ် ကနေ ကြည့်တဲ့ အခါ ကားပါကင် ဖြစ်နေပါတယ်။ ဆိုလိုတာ က ကားပါကင် အပေါ်က ပိုက် ပြေးရမှာပါ။ Dia 150 / 200 (၆လက်မ၊ ၈လက်မ) လောက်ရှိတဲ့ Cement Lined Ductile Iron Pipe ကို မီးခံ Fire Rated Box Enclosure ထဲထည့်ရတာ ပိုက်တန် ဖိုးထက် များပါတယ်။
    2. Civil / Structure Engineer ဆီက ရတဲ့ မြေကြီးရဲ့ အနေအထား Soil Strength နဲ့ ထည့်ပေးရမဲ့ Pipe Support တွေ ကို ချင့်ချိန်ရပါတယ်။ အများအားဖြင့် အောက်ခံ မြေပျော့လို့ တဖြေးဖြေး မြေမနစ် ရအောင် Pile ထည့်ပေးရတာ လည်း ရှိပါတယ်။ မဒမ ချောင်း Bakau Pile (သို့) ကွန်ကရစ် သင့်တော်ရာ ကို Civil Engineer နဲ့ တိုင်ပင်ပြီး ထည့်ပေးရပါတယ်။
    3. နောက်တစ်ခု က Thrust Blocks ပါ။ Pipe Direction Change တဲ့ နေရာ နဲ့ Tee တွေ မှာ ထည့်ပေးရပါတယ်။
    4. ကားလမ်းအောက်ရောက် တဲ့ အခါ (သို့) ကားလမ်းဖြတ်တဲ့ အခါ အနည်းဆုံး 1m အနက် မှာ မြုတ်ပြီး ဝန်ဒါဏ် ခံနိုင်အောင် လုပ်ရပါတယ်။ CP အရ သင့်တော်တဲ့ အနက် မှာ မြုတ်ထား တာ ခွင့်ပြုပေ မဲ့ Consultant Engineer အများစု က Full Haunch Concrete encasement ဆိုပြီး ကွန်ကရစ် တုံးထပ်လောင်း ပြီး ပိုက်ကို ကာကွယ်ခိုင်းတတ်ကြပါသေးတယ်။ (Singapore Kiasu = အစိုးရိမ်လွန်ခြင်း။) ဘာပဲဖြစ်ဖြစ် ပိုက်အပေါ်မှာ ရှိမဲ့ ဝန် ကို တော့ တွက်ချက် တဲ့ အခါထည့်စဉ်းစား ဘို့ လိုအပ်တာတော့ အမှန်ပါ။
    5. မြောင်းတွေ ဖော်တဲ့ အခါ လိုအပ်တဲ့ အနက် မတိုင်မီ ရပ်ပြီး မြေသိပ်ရပါတယ်။ မထိန်းပဲ တူးရမဲ့ အနက်ထက် ကျော်ရင်တော့ နာပါပြီ။ မြေပြန်သိပ်တာ ကို အင်ဂျင်နီယာ သိရင် လက်ခံ လိမ့်မယ် မထင်ပါနဲ့ မြေကြီးရဲ့ တောင့်ခံအားပြန်ရဘို့ အောက်မှာ ကွန်ကရိလောင်း ပြီး ပြန်ဖြည့်ပေးရပါတယ်။ ဒါကတော့ Trade Secret ပါ။ အတူး မလွန်မိပါစေနဲ့။ ဘောနပ်စ တွေ မြေကြီးထဲ ရောက်သွား နိုင်ပါတယ်။
    6. မြောင်းတွေ ပြန်ဖြည့်တဲ့ အခါ အချို့ အင်ဂျင်နီယာ က သဲဖြူ အပြည့်ပြန်ဖြည့် ခိုင်းတတ်ပါတယ်။ အချို့ က တလွှာ နှစ်လွှာ အတိုင်းအတာ တစ်ခု အထိ သဲဖြူ နဲ့ တူးထားတဲ့ မြေကို အပေါ်က ပြန်ဖြည့်ခွင့်ပေးပါတယ်။ တူးထားတဲ့ မြေပြန်ဖြည့် ခွင့် ရရင် သဲသစ်ဘိုးရော ပိုလျှံမြေစွန့်ပစ်ခ ပါသက်သာပါတယ်။ ဒါကလည်း ကန်ထရိုက် လိုအပ်ချက် ပေါ်မှာ လည်းဆိုင်ပါတယ်။ မြောင်းပြန်ဖြည့်တဲ့ အခါ သတ်မှတ်ထားတဲ့ အလွှာထု တစ်ခု စီ ကို ဖြည့်ပြီး တစ်လွှာ လိုအပ်ချက်အတိုင်း ဖိသိပ်ပြီးမှ နောက်တစ်လွှာ ထပ်ဖြည့်ရပါတယ်။
    7. Testing လုပ်တဲ့ အခါ အရင်တုန်း က CP မှာ သတ်မှတ် ထားတဲ့ အတိုင်း မရရင် တောင် မှ PUB pressure ပဲလေဆိုပြီး လက်ခံခဲ့ပေမဲ့ ခုတော့ CP အသစ်မှာ အနီးစပ်ဆုံး Public Hydrant's Performance နဲ့ နှိုင်းယှဉ် တာ မို့ Hydraulic ကို သေချာတွက်ကြည့်ဘို့ လိုအပ်ပါတယ်။ ပိုက်အရွယ်အစား နဲ့ Looped Supply လုပ်တာက ဒီ လိုအပ်ချက် အတွက် သင့်တော်တဲ့ အဖြေတွေပါ။ အတိမ်အနက် ပြောင်းတာ နဲ့ ထောင့်ချိုး တာတွေမှာ 90 deg Elbow အစား 45 (or) 30 deg ကို သုံးရင် Pressure Drop ရော Thrust Force ပါနည်းစေပါတယ်။
    8. မလေးရှား က ပင်လယ်ကမ်းခြေ နဲ့ နီးတဲ့ ပရောဂျက် တစ်ခု မှာ မြေအောက် ပိုက်တွေ ဆားစား ပျက်စီး ကုန်တာမို့ Corrosion Protection ကို အဓိက စဉ်းစားပေးရပါတယ်။ Patroleum (Denso) Tape နဲ့ လုံလောက်အောင် ထပ်ပတ်ပြီးကာကွယ် တာ က ပိုပြီး ကြာရှည်ခံစေမှာပါ။ အနည်းဆုံး 55% overlap ဆိုရင် နှစ်ထပ် ရပါတယ်။ (စကာင်္ပူ ပရောဂျက် အချို့ မှာလည်း ဒီတိပ်ကို သုံးဘူးပါတယ်။)


    ... Back to Top (Contents)....
  7. မြို့တော် မဟာရန်ကုန် နှင့် Public Fire Hydrants များ
  8. ရန်ကုန်မြို့တော် ရဲ့ Public Fire Hydrants လိုအပ်ချက် နဲ့ အသုံးချနိုင် မချနိုင် ကို ဆွေးနွေးချင်ပါတယ်။ အင်တာနက် က ရှာဖွေတွေ့ ရှိချက် အရ မင်္ဂလာဒုံ စက်မှု ဇုန်မှာ Public Fire Hydrants တွေ ပါဝင်တယ် လို့ ဆိုပါတယ်။ နာဂစ် အပြီး Channel News Asia သတင်းတစ်ခု မှာ လူတွေကို Fire Hydrant တစ်ခု ကနေ ရေဝေ ပေးနေတာ လည်းတွေ့မိပါတယ်။ လူတွေ က ပုံးလေးတွေ၊ ဒန်အိုးလေးတွေ နဲ့ တန်းစီ နေကြတယ်။ ရေဖြည့်ပေးတဲ့ သူ က လည်း ဖြည့်ပေးပေါ့။ ရေက သာမန် တုံကင် က ထွက်သလောက် ပဲ ရှိပါတယ်။ တကယ့်ကို စိတ်မကောင်း စရာပါ။ အရေးပေါ် လိုအပ်ချက် အရ အလွဲသုံးနေတယ် လို့ လည်း အပြစ်မတင် သင့်တဲ့ အခြေအနေ လည်း ဖြစ်ပါတယ်။
    စာရေးသူ အမြင်အရ ကိုလိုနီခေတ် ရဲ့ လက်ကျန် ကောင်းမွေ တွေထဲက မထိန်းသိမ်း နိုင်လို့ (ဝါ) ထိန်းသိမ်းရကောင်း မှန်း မသိလို့ ဆုံးရှုံးရတဲ့ ဆုံးရှုံးမှုတွေ ထဲ တစ်ခု လို့ပဲ မြင်ပါတယ်။
    ဒီ Public Hydrants တွေ လုံလုံလောက်လောက် မရှိတဲ့ အချက် က လည်း အချို့မီးသတ်ကား တွေ ရောက်ရောက်ချင်း ရေမပက် ရဲစေတဲ့ အချက်တွေထဲ ကတစ်ခု ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ စနစ်ဆိုး တစ်ခု ရဲ့ အမွေ အရ လက်ထဲ တစ်ခုခု မထည့်သေးရင် ရေဖြန်းမပေးဘူး ဆိုတဲ့ ကောလဟာလ နဲ့ လူတချို့ရဲ့ အမြင်တွေ ကိုလည်း ပြောင်းလဲဘို့ ခက်နေမလားပဲ။ စာရေးသူ အနေ နဲ့ ရွှေပြည်တော် ပြန်မရောက်တာ ဆယ်စုနှစ် တစ်ခုလောက် ရှိနေပြီ မို့ ပြောင်းလဲမှု တွေ နဲ့ လက်ရှိ အခြေအနေ တွေ ကို သေသေချာချာ မသိနိုင်တာ ရှိပါတယ်။ မြန်မာနိုင်ငံ နဲ့ ပတ်သက်ပြီး အင်တာနက် က နေ လိုက်ရှာတဲ့ အခါ နိုင်ငံတကာ ဖွံ့ဖြိုးရေး ရန်ပုံငွေ တစ်ခု က မန္တလေး မှာ Infrastructure Upgrade လုပ်ဘို့ စာတမ်း မှာ Public Fire Hydrants အခန်း ထည့်သွင်းထားတာ တွေ့ရပါတယ်။
    မိတ်ဆွေ အင်ဂျင်နီယာ တစ်ယောက် ရဲ့ အဆိုအရ ရန်ကုန်မြို့မှာ Fire Hydrants တွေ ရှိတယ်။ သို့သော် နေရာတိုင်း မှာမရှိသေးဘူး၊ ကွက်ကျားပဲရှိတယ်၊ ဖြစ်သလို တပ်ထားတော့ ကားပါကင် နေရာ မှာရော မြေအောက် ကားပါကင်အဆင်း ramp မှာရော တပ်ထားကြတယ်။ မြေနေရာ က ဈေးကြီးတော့ သီးသန့်ခွာပြီး ပေးထားတဲ့ နေရာက နေပြည်တော် လောက်မှာပဲ တွေ့ရတယ်။ ရေကလည်း အမြဲရချင်မှ ရမယ်။ စည်ပင် က မီးလောင်မှ ရေလွှတ်ပေးနိုင်တာလည်း ရှိတယ်လို့ ဆိုပါတယ်။
    ကျနော် ကိုယ်တိုင် လည်း ရန်ကုန် မြို့ ကို ဖြတ်သွားတုန်း Hydrant အချို့ ကို တွေ့မိပါတယ်။ တကယ့်ကို အနည်းစု ပါ။ တော်လှန်ရေးပန်းခြံ နားတစ်ဝိုက် မှာ လည်း အချို့တွေ့မိပါတယ်။ အရွယ်၊ ဆင်တဲ့ပုံ၊ ပုံစံ တစ်မျိုးနဲ့ တစ်မျိုး မတူတာ ကိုလည်း သတိထားမိပါတယ်။ မပြည့်စုံ ယုံ မက Standard သတ်သတ်မှတ်မှတ် မရှိတဲ့ ပုံစံမျိုး လည်း ဖြစ်နေပါတယ်။
    ရန်ကုန် မြို့တော်စည်ပင်က လည်း ပိုက်နဲ့ ရေဝေတဲ့ သောက်သုံးရေ ကိုတောင် လုံလောက်အောင် မပေးနိုင်တာ အတော်ကြာနေပါပြီ။ တိုးတက်လာတဲ့ လူဦးရေ နဲ့ မီအောင် ရေသန့်ပေးဝေတဲ့ စနစ် ထပ်မဖြည့်ဆီးနိုင်ယုံ မက ရှိပြီးသား စနစ် ကို ထိန်းနိုင်ဘို့ လည်း အခက်အခဲ ရှိနေဆဲပုံ တွေ့ရပါတယ်။
    အထပ်မြင့် အဆောက်အဦ တွေ ကို ကိုယ့်ဖာသာ အဝီစိတွင်း တူးသုံး ဆိုတဲ့ အခြေအနေ ကတော့ ရန်ကုန်မြို့ နဲ့ မြို့နေလူထု အတွက် လက်ရှိရော အနာဂါတ် ပါ ကောင်းကျိုး မပေးမဲ့ အင်မတန် ဆိုးဝါးတဲ့ အခြေအနေ တစ်ခုပါ။
    မြို့တော် ရန်ကုန် ရဲ့ Infrastructure တွေ မွန်းမံ ဘို့ ဘယ်လောက် လိုအပ်နေလဲ ဆိုတာကို ပြတဲ့ အချက်တွေ ထဲ က တစ်ချက်ပါ။ မြို့တော် စည်ပင်သာယာ ရဲ့ အဖြေရှာနေပုံ၊ ရေသန့်စက်တွေ နဲ့ အခြားသက်ဆိုင် ရာ အကြောင်းအရာ တွေ၊ သီးသန့် ဆွေးနွေးဘို့ The needs for Infrastructure Upgrade for the City of Yangon မှာ ဆက်လက်ဆွေးနွေး တင်ပြပေးပါမယ်။
    နောက်လိုအပ်ချက် အတိုင်း Fire Hydrants တွေ မရှိခဲ့ ရင်ဖြင့် အခြား ယာယီအဖြေ၊ ရွေးစရာ ဘာတွေ ရှိမလဲ ဝိုင်းစဉ်းစား ကြရအောင်ပါ။ အကောင်းဆုံး အနေအထား မရသေးခင် ယာယီ အဖြေ ဘာတွေ ရှိမလဲ။

    1. ပထမ ရွေးစရာ - ရပ်ကွက် အလိုက် ရေလှောင်ကန် များ ထားရှိပေးခြင်း။ ။
    2. သာမန် လူနေရပ်ကွက် တစ်ခု အတွက် SS 575 အရ ဆိုရင် Residential Group I & II အတွက် Pressure 2 bar, 27 L/s x 45 minutes x 60 s/min = 72,900 Liter (about 20,000 USgal) လောက်လိုအပ်ပါတယ်။ အခြားအုပ်စု တွေ အတွက် Sprinkler Protected ဆိုရင် Fire Compartment ဧရိယာ ပေါ်မူတည်ပြီး 57 L/s အထိလိုအပ်နိုင်ပါတယ်။ Group VI - Factory & Group VIII - Storage အတွက် ဆိုရင် 90 mins ပါ။
      မီးသတ်ကား ကို အချိန်တို အတွင်း ရေတိုက်ရိုက် သွယ်နိုင်တယ် ဆိုရင် အတိုင်းအတာ တစ်ခု အထိ ထိရောက်မှာပါ။ မီးသတ်ကားတွေ ရေစုတ်ဘို့ ပါ အားသုံးရမှာ မို့ ရေအား အပြည့်တော့ မရနိုင်ပါဘူး။ နောက်နေရာ လိုအပ်ချက် ကို လည်း ကြည့်ရပါလိမ့်မယ်။
      မန္တလေး မှာ ဂါလံ သုံးထောင် (၃၀၀၀) မီးသတ်ရေလှောင်ကန် အချို့ တွေ့မိပါတယ်။ (လိုအပ်ချက် နဲ့ ဝေးပေမဲ့ မရှိတာထက် စာ ရင်တော့ အများကြီး တော်ပါသေးတယ်။)မီးသတ်ကား အတွက် သုံးရမှာ မို့ ပေ ၃၀၀ တစ်ကန် ထားဘို့ ဆိုတာ က လည်း သိပ်မလွယ် လှပါဘူး။ ရေကန် မှာ ရေသေဖြစ်နေရင် Pathogens, Bacteria & Algae တွေ မွေးသလို ဖြစ်နေမှာ ကို လည်းဆင်ခြင် ရပါမယ်။ ခြင်တွေ အတွက် မျိုးပွားရာ နေရာ မဖြစ်အောင် လည်း တစ်ခါတည်း စဉ်းစား ထားပေးဘို့ လိုအပ်ပါလိမ့်မယ်။

    3. ဒုတိယရွေးစရာ - မီးသတ်ကား ရေဖြည့် စရာနေရာများ ။ ။
    4. ဒုတိယ အချက် က တော့ မီးသတ်ကား တွေ ကို ကူညီရေဖြည့်ပေးနိုင်တဲ့ နေရာတွေ ထားဘို့ ပါ။ ကျနော် ကျောင်းသားဘဝ က အချို့စက်ရုံတွေ မှာ တွေ့ဘူးတဲ့ ဒီလို ဆိုင်းဘုဒ် တွေသဘောမျိုး ဖြစ်ပါတယ်။
      မီးဘေးအတွက် ရေဂါလံ (မည်မျှ) ကူညီနိုင်ပါသည်။
      ဒီနေရာမှာ လည်း အချိန်ကုန်တာနဲ့၊ ထိရောက်မှု အားနည်းတာ ကို သတိပြုရမှာ ဖြစ်ပါတယ်။
      နောက်တစ်မျိုး က တော့ တတိယ နေရာ မှာ ဖော်ပြထားတဲ့ Dry Hydrants တွေပါ။

    5. တတိယ ရွေးစရာ - Dry Hydrants ။ ။
    6. အင်းယား၊ ကန်တော်ကြီးလို ရေကန်ကြီးတွေ အနားမှာ Dry Hydrant တွေ တပ်ဆင်ဘို့ ပါ။ Dry Hydrant ဆိုတာ က ရေကန်ထဲ က ရေနဲ့ ဆက်ထားတဲ့ ရေပိုက်ခေါင်း ပါ။ ရေကန်ထဲ အထိ ပိုက်ချဘို့ မလိုပဲ လမ်းဘေးကနေ အသင့်စုတ်ယူနိုင်အောင်ပါ။ ကန်ဘေးနား က အဆောက်အအုံ တွေ အတွက် အကျိုးရှိ၊ ထိရောက်မှာ ဖြစ်ပါတယ်။ ရေမျက်နှာပြင် က နေ ပိုက်အထိ အမြင့်ကွာခြားမှု Negative Suction Head သိပ်မများဘို့ တော့ သတိထားရပါမယ်။ ( Due to Possibility of Cavitation and Uncertainties of Priming ) ။ ၁၀ ပေ အတွင်း ဆိုရင်တော့ သိပ်မဆိုး ပါဘူး။ ပေ ၂၀ ထက်တော့် မများပါစေနဲ့။ သုံးမဲ့မီးသတ်ကားတွေ ရဲ့ NPSH (Net Positive Suction Head) required လိုအပ်ချက် နဲ့ ရေအမြင့်၊ ပိုက်အရွယ်အစား၊ ရေအားတွေ က နေတွက်ချက် လို့ ရတဲ့ NPSH available နှစ်ခု ယှဉ်ြ့ပီး ခန့်မှန်းဘို့ လိုပါမယ်။
      မှတ်ချက်။ ။ဒီ နေရာမှာ လည်း Public Fire Hydrans က သူ့ထက် အဆပေါင်း များစွာ ထိရောက်မှု ရှိတာမို့ ဒါကလည်း ယာယီ အဖြေ နဲ့ Public Fire Hydrans တွေ ရှိလာတဲ့ အခါ ဒုတိယ ရွေးစရာ တစ်ခု အနေပဲ ဖြစ်သင့်ပါတယ်။
      ဒီကန်တွေ ကို Water Reservoir အနေနဲ့ သုံးပြီး သောက်သုံးရေ အရည်အသွေး မီ Water Treatment Plant & Municipal Water Distribution Networks တွေထားလို့ ရနိုင်ပါတယ်။ ဒါဆိုရင် တော့ Public Hydrants တွေ ထည့်သွင်း ပေးနိုင်မယ်ထင်ပါတယ်။

    7. စတုတ္ထရွေးစရာ - Fire Tankers ။ ။

    8. ရေသက်သက်ပဲ သယ်ပို့ နိုင်တဲ့ ကားတွေ ပါ။ ရန်ကုန် မှာ ဒီစနစ် ကို အားထားနေတာ တွေ့ရပါတယ်။ ဒါလည်း တစ်စီး ကို မှ ဂါလံ ထောင့်ငါးရာ ( 1500 US gal ) လောက်ပဲ ဆန့်တာ မို့ သိပ်အလုပ်တွင် မှာ မဟုတ်ပြန်ပါဘူး။
      အသွားအပြန် ရေဖြည့်ပြိး တိုက်ရိုက်သုံးလို့ ရတာလည်း မဟုတ်ပြန် တာ မို့ မီးသတ်အင်ဂျင် နဲ့ ဆက်ဘို့ ဖြုတ်တာ တတ်တာ လုပ်ရတဲ့ အချိန်တွေ ကို လည်း မီးက စောင့်နေမှာ မဟုတ်ပါဘူး။ သူ့သဘာဝ အရ ရေမနိုင် သေးခင် လောင်ခွင့်ရသလောက် လောင်မြဲတိုင်း လောင်နေမှာပါ။

    9. ပဉ္စမ ရွေးစရာ - မြစ်ရေ၊ ချောင်းရေ။ ။
    10. ရေထဲမှာ ချီကာဂို မြို့က မီးသတ်သဘောင်္ လို ရေယာဉ် တွေ အသုံးချ လို့ ရပါတယ်။
      ပန်းလှိုင်မြစ်၊ ရန်ကုန်မြစ် စသည်ဖြင့် မြစ်ကြီးတွေ ရှိနေတာ ကို အသုံးချ နိုင်ပါတယ်။ အားနည်းချက် က ရေတွေ က ရေငံစပ် ဖြစ်ပြီး အနည်နဲ့ သန့်ရှင်းမှု အားနည်းတာပါ။ မီးသတ် ကားတွေ ရေငံစားပြီး ရေရှည်မခံ နိုင်မှာ ကိုလည်း စဉ်းစားရပါမယ်။
      Dry Hydrant သုံးဘို့ ကတော့ အခက်အခဲ ရှိပါလိမ့်မယ်။ ရေမျက်နှာပြင် နဲ့ မီးသတ် အင်ဂျင် အမြင့် သိပ်ကွာနေရင် Negative Suction Head အရမ်းများတာ မို့ လုံးဝ ရေစုတ်လို့ ရမှာ မဟုတ်ပါဘူး။ ရေတက်၊ ရေကျ က လည်း ရှိသေးတာ မို့ အခက်အခဲ တချို့ ရှိနိုင် ပါသေးတယ်။


    ... Back to Top (Contents)....
  9. မြို့တော် မဟာရန်ကုန် နှင့် Public Infrastructure
  10. အပေါ်မှာ သုံးသပ်ခဲ့တဲ့ အချက်တွေ ကို ခြုံပြီး ပြန်စဉ်းစားကြည့်မယ် ဆိုရင် အခြေခံ လိုအပ်ချက် ဖြစ်တဲ့ Water Districts တွေ သတ်မှတ်ပြီး စည်ပင်ရဲ့ Municipal Infrastructure တွေကို မွမ်းမံတာ က ရေရှည် အတွက် အဖြေလို့ စာရေးသူ အနေ နဲ့ မြင်ပါတယ်။ Infrastructure Upgrade မှာ Benefit-Cost Ratio နဲ့ ရင်းနှီးမြုပ်နှံ ရမဲ့ ငွေပမာဏ နဲ့ ရလာမဲ့ အကျိုးရလဒ် ဆန်းစစ်တာ၊ ဖြစ်နိုင်ချေ နဲ့ အခက်အခဲ တွေ ကို လည်း ဆန်းစစ်ဘို့ လိုပါလိမ့်မယ်။ စာဖတ်သူ အမြင် ကို အောက်မှာ မှတ်ချက်ပေးခဲ့ နိုင်ပါတယ်။ (ဒီအချက် ကို လည်း The needs for Infrastructure Upgrade for the City of Yangon မှာ ဆက်လက်ဆွေးနွေး ပါမယ်။)
    Water Supply Networks နဲ့ အတူ အခြား Utilities တွေ ဖြစ်တဲ့ ရေ၊ မိလ္လာ၊ မိုးရေ၊ ဂက်စ ဓာတ်ငွေ့၊ လျှပ်စစ်၊ ဆက်သွယ်ရေး စနစ်တွေ (တယ်လီဖုန်း၊ ကေဘယ်) တွေ ကို သေချာ Coordinate လုပ် စည်းကမ်းသတ်မှတ်၊ စီမံကိန်းချ ပြီးမှ Infrastructure Add/Alter/Upgrade/Modification လုပ်ရမှာ ပါ။ အကောင်အထည် ဖော်နိုင်ဘို့ အတွက် လုပ်ငန်း တကယ် ကျွမ်းကျင် တဲ့ ကန်ထရိုက်တာ ရဘို့ ကလည်း အခက်အခဲ ရှိအုံးမှာပါ။ For Design & Construction အတွက် နိုင်ငံတကာ အကူအညီ နဲ့ ကျွမ်းကျင်တဲ့ နိုင်ငံခြား ကုမ္ပဏီ တွေ ပါဝင်ဘို့ လိုအပ်ပါတယ်။ နိုင်ငံခြား ကုမ္ပဏီ တွေ ဖက်စပ် အနေနဲ့ဝင် လာဘို့ လိုလိမ့်မယ် ထင်ပါတယ်။ ( စိနတိုင်း က ကံရာဇာငယ် ကုမ္ပဏီ တွေ မပါစေချင်ပါ။)
    Water Demand Estimates, Booster Pump Capacities, Pipe Stress & Surge Analysis and Pipe Laying Practices တွေ အတွက် လည်း နည်းပညာ နားလည်တဲ့ အင်ဂျင်နီယာတွေ တော်တော်များများ ရှိပါလိမ့်မယ်။ Contamination Control ကလည်း သတ်မှတ်ချက်တွေ ရှီပြီးသား မို့ နည်းပညာ ပိုင်း က အရမ်းရှုတ်ထွေးတာ မဟုတ်ပါဘူး။ နောက် အင်တာနက် ခေတ်မို့ နိုင်ငံတကာ မြို့တော်တွေ က လုပ်ဆောင်ချက် တွေ ကို လည်း လေ့လာနိုင်ပါတယ်။ (များလွန်းတော့ လည်း ဇဝေဇဝါ ဖြစ်နေ ရင် မရွေ့နိုင်ပဲ တစ်နေတတ်ပါတယ်။ အတွေ့အကြုံ ရှိတဲ့ သူတွေပါမှ ရွေ့မှာပါ။)
    ရေဝေတဲ့ စနစ်မှာ နိုင်ငံတကာ နဲ့ WHO သောက်သုံးရေ အဆင့်အတန်း ဖြစ်ရပါမယ်။ ဒါက အနည်းဆုံး လိုအပ်ချက်ပါ။ လက်ရှိအခြေအနေ မှာ မြို့တော်စည်ပင် အနေနဲ့ (သောက်သုံးရေ) ဆိုတဲ့ စကားလုံး အစား (သုံးရေ) ဆိုတဲ့ စကားလုံး လေးပြောင်းပြီး နဲ့ အဆင့်မမီ၊ သောက်လို့ မရတဲ့ ရေ တွေ ကို (အခြေအနေအရ) ပေးဝေနေရတာ ဖြစ်ကောင်းဖြစ်ပေမဲ့ ဒီအခြေအနေ က ရေရှည်အချိန်ဆွဲ ထားရမဲ့ ကိစ္စ မဟုတ်ပါဘူး။
    မြို့တွေမှာ ရှိတဲ့ Water Supply Networks & Hydrants Location ကို Geographical Information System (GIS) သုံး သိမ်းဆည်းထားပြီး ဒစ်ဂျစ်တယ် မြေပုံ နဲ့ ပေါင်းစပ် မီးသတ်ဌာန တည်နေရာ၊ ဇုန် နယ်ပယ် တွေလည်း ပါဝင်ပြီး မီးသတ်တပ်ဖွဲ့ တွေ အရေးပေါ်အခြေအနေ ကို Computer Program, Digital Devices & GPS Technology တွေသုံးပြီး တွက်ချက် လျင်လျင်မြန်မြန် တုန့်ပြန်နိုင်ဘို့ အတွက် အသုံးချနိုင်ပါတယ်။ (ကုလ အစီအစဉ် နဲ့ မြန်မာပြည် မှာလည်း GIS လုပ်နေတယ် လို့ တော့ ကြားမိပါတယ်။ အသေးစိတ် သိတဲ့သူများ ရှိရင်။… )
    US က မြို့တွေ မှာ စည်ပင်သာယာ လိုအပ်ချက် တွေ Municipal Codes ကို Public Documents တွေ အနေ နဲ့ လေ့လာလို့ရပါတယ်။ အင်တာနက် မှာ လည်း ရှိလေ့ရှိပါတယ်။
    ရေပိုက်နဲ့ တိုက်ရိုက်သွယ်နိုင်တဲ့ အကွာအဝေး အတွင်း မဟုတ်ရင် အကျိုး သိပ်မရှိတာ ကို အပေါ်မှာ ရှင်းပြခဲ့ပါတယ်။ လိုအပ်တဲ့ ရေအား Flow & Pressure မပေးနိုင်ရင် မီးသတ်အင်ဂျင် က ထုတ်ပေးမဲ့ ရေအားလည်း လျော့ကျ သွားပါလိမ့်မယ်။ ဒါကြောင့် မီးသတ်ကား လာရပ်မှ ရေဖြည့်ပေးနိုင်တဲ့ စနစ်ထက် အဆပေါင်း များစွာ အကျိုးရှိ ထိရောက်တာ ကို သတိမူစေချင်ပါတယ်။ Something is better than nothing ဆိုတဲ့ အပေးအယူ နဲ့ လိုအပ်ချက် မပြည့်ခင် အထိ တော့ သီးခံစောင့်ကြရအုံးမှာပါ။
    Sprinkler Systems တွေ ပါဝင်တဲ့ အဆောက်အအုံ တွေ မှာ မီးသတ်စနစ် အတွက် လိုအပ်တဲ့ ရေလှောင်ကန်၊ ရေပန့် တွေ ပါလေ့ရှိတာမို့ Pressurized Private Hydrants Systems ထပ်ထည့်ဘို့ ဝန်မကြီး လှပေမဲ့ အဆောက်အအုံ အသေးတွေ၊ မြို့လယ်တိုက်ခန်း တွေ မှာ လိုက်ပြီး ရေကန်၊ ရေပန့်တွေ ထည့်ဘို့က အကုန်အကျ များပါလိမ့်မယ်။ ခြုံပြီး သုံးသပ်ရမယ် ဆိုရင် အောက်မှာ ဖော်ပြထားတဲ့ အဆောက်အအုံ တွေ အတွက် Private Hydrants Systems တွေ ပါဝင်သင့်တယ် လို့ မြင်ပါတယ်။
    1. စက်မှု ဇုန်များ နှင့် စက်ရုံများ။
    2. မြို့တော် ဈေးများ၊ (မင်္ဂလာဈေး၊သိမ်ကြီးဈေး)
    3. စူပါမားကက် ကုန်တိုက်
    4. ကုန်လှောင် ဂိုထောင် များ
    5. ဝန်းကျယ်ကျယ်၊ (အကြမ်းအားဖြင့် ခြံဝင်းပတ်လည် အတိုင်းအတာ ပေ 1,200, ပျမ်းမျှ 300 ft x 300 ft) အထက် သီးသန့် ခြံဝင်း ထဲမှာ ဆောက်မဲ့ စက်ရုံ (သို့) ကွန်ဒို၊ ဟိုတယ်ကြီးများ၊ အထပ်မြင့် အိမ်ယာများ

    လိုအပ်တဲ့ ရေအား၊ အရေအတွက်၊ အကွာအဝေး တွေ အပြင် သတ်မှတ်တဲ့ ရေအား နဲ့ သင့်တော်တဲ့ ပိုက်အရွယ်အစား၊ ခံနိုင်ရည်ရှိတဲ့ ပိုက်အမျိုးအစားတွေ ကို လည်းထည့်သွင်း စဉ်းစားပေးရမှာ ဖြစ်ပါတယ်။ Corrosion Protection: မြေအောင်ပိုက်တွေ ရေရှည်ခံနိုင်ရည် ရှိအောင်၊ တော်ရုံနဲ့ ဆွေးမြေ့ပျက်စီး သွားခြင်း မရှိရအောင် စီမံဘို့ လည်း အရေးကြီးပါတယ်။ Ductile Iron Pipe လို ကတ္တရာ အလွှာပါပြီးသား ရေရှည်ခံနိုင်တဲ့ ပိုက်မျိုး တောင် ရန်ကုန်လို ရေငံစပ် မြေမှာ မြေအောက်ပိုက်တွေ ရေရှည်ခံနိုင်မှာ မဟုတ်ပါဘူး။ Patroleum Tape လို့ခေါ်တဲ့ တိပ်မဲ အထူတွေ နဲ့ အရစ်ရစ်ပတ်ပြီး ကာကွယ်တာ က ထပ်ဆင့်လိုအပ်ချက် ဖြစ်ပါလိမ့်မယ်။ နောက် Cathodic Protection လို့ ခေါ်တဲ့ စနစ်တွေ လည်း လိုအပ်လာ နိုင်ပါတယ်။ နောက်တစ်ခု က မြေကျွံ (သို့) မြေနစ် တာ ကို ကာကွယ်ဘို့ပါ။ မြေအောက် ပိုက်မြှုတ် ဘို့ လိုအပ်ချက် တွေ ကတော့ NFPA 24 & Piping Standards လို စနစ်တွေ ကိုမှီငြမ်းရပါမယ်။
    အဲ စိနတိုင်းထုတ် ချိုင်းနားမိဒ် ခေါ် မိဒ်(အင်) ချိုင်းနား ဖော် မြန်တင့် ပိုက်တွေ က တော့ စေတနာ မပါပဲ ဈေးချိုချို နဲ့ အရည်အသွေး မရှိတာတွေ မို့ တိုင်းပြည်နဲ့ လူမျိုး ကို နစ်နာစေမှာပါ။ ချည်းနားမိဒ် ပိုက်တွေ ရဲ့ အရည်အသွေး ကို မယုံမိဘို့ လိုအပ်ပါတယ်။ သေချာပြန်စစ် မဲ့ ဓာတ်ခွဲခန်းတွေ မရှိခင် မသုံးတာ အကောင်းဆုံးပါပဲ။ သူတို့ ဆီမှာ စစ်ထားတယ် ဆိုတဲ့ စာရွက်တွေ ပါရင်လည်း မယုံမိဘို့ လိုပါမယ်။ (လာဘ်ယူ ပြီး ဝယ်မဲ့ အဝယ်တော် တွေ ကို လည်း သန့်ပစ်ဘို့ လိုပါမယ်။)
    ပိုက်ဘိုးသက်သာ တယ်ဆိုပေမဲ့ လူအား၊ စက်အား အချိန်တွေ သုံးပြီးရင်းနှီး ရမဲ့ ကိစ္စပါ အချို့ပြည်တွင်းသုံး ဂက်စ်ပိုက်လိုင်းတွေ မှာ ချည်းနားမိဒ် ပိုက်တွေကို သုံးတဲ့ အတွက် အနှစ်လေးငါးဆယ် ခံရမဲ့ နေရာ ဆယ်နှစ်တောင် မခံ ဘူးလို့ သိရပါတယ်။ ဒီချည်းနားပြည်ဖြစ် တွေ ကြောင့် မြန်တင့် တို့ တိုင်းပြည် လည်း နစ်နာလှပါပြီ။
    အဲ.. အခြားနိုင်ငံ တွေ ကို ပို့တာ တွေ က တော့ အကောင်းစားတွေ ဗျ။
    နောက်တစ်ခု က လူတွေ အသိပညာ ပေး နိုင်ဘို့ပါ။ ဘာအကြောင်း နဲ့ မှ Fire Hydrants တွေကို အလွဲသုံးလို့ မရဘူး။ မီးရေး အတွက်ပဲ သုံးရမယ်။ ဖြုတ်ခိုးရင် အင်မတန် ပြင်းထန်တဲ့ ပြစ်မှုဖြစ်မယ်။ ဖျက်ဆီးရင်၊ အလွဲသုံးရင်၊ ရေသွားဖွင့်ရင် အမှန်တကယ် အရေးယူခံရမယ် ဆိုတာသိနေကြဘို့ လိုအပ်ပါတယ်။ ဥပမာ - သင်္ကြန်မှာ ရေဆော့ဘို့ သုံးတာ ကို လုံးဝ လက်ခံဘို့ မဖြစ်ပါဘူး။ ဒီလို အကာအကွယ်ပေးတဲ့ ဥပဒေ တွေ လိုအပ် ပါတယ်။
    အချို့နိုင်ငံ တွေ မှာ ဒီမိုကရေစီ အော်နေပေမဲ့ မီးသတ်ကား လို ကားမျိုး ကို အဓိကရုန်း လူခွဲတဲ့ နေရာမှာ သုံးပါတယ်။ ခိုးဆိုးလုယက် သောင်းကျန်းနေတဲ့ အခြေအနေ ကို မဆိုလို ပဲ ကောင်းကောင်းမွန်မွန် နဲ့ ဆန္ဒ ထုတ်ဖော်တဲ့ သူတွေ ကို Water Canon သုံး လူစုခွဲ မယ် ဆိုရင် စာရေးသူ အနေနဲ့ ဒါကို လည်း အလွဲသုံးတာ လို့ပဲ မြင်ပါတယ်။ ဒီလို အလွဲသုံးတဲ့ အခါ ဘယ်လိုပဲ ဥပဒေ နဲ့ ကာကွယ်ကာကွယ်၊ လူတွေ မုန်းတီးရွံရှာ တဲ့ Fire Hydrants တွေ ဖြစ်ကုန်ပါလိမ့်မယ်။ ဒေါသကြီးတဲ့ သူက ဖျက်ဆီးမယ်။ သီးခံ နိုင်တဲ့ သူကလည်း အဖျက်မခံ ရအောင် ကာကွယ် မှာ မဟုတ်တာ မို့ ပြည်သူပိုင် ပစ္စည်း ကို အာဏာပိုင် တစ်စု အတွက် အလွဲသုံးစား လုပ်တဲ့ လူတွေ ကြောင့် မပျက်စီး စေဘို့ မီးသတ်တပ်ဖွဲ့ဝင် တွေ သတိ ရှိစေချင်ပါတယ်။ ထို့အတူ မီးသတ်တပ်ဖွဲ့ ဆိုတာ လည်း ဒီလို တလွဲ နေရာတွေ မှာ ပါနေရင် လူတွေ ကို ကာကွယ် စောင့်ရှောက်တဲ့ အဖွဲ့ အနေ နဲ့ မြင်တော့ မှာ မဟုတ်တော့မဲ့ အရေးက ဝမ်းနည်းစရာ ဖြစ်ပါတယ်။
    မြန်မာ နိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် သွားနေတဲ့ အချိန် မှာ မီးသတ်တပ်ဖွဲ့တွေ ပြည်သူလူထု မေတ္တာ ရှိမဲ့၊ လူထုလည်း အကျိုးရှိမဲ့ အရောင်မရှိတဲ့ ပရဟိတ အဖွဲ့အစည်း တစ်ခု အဖြစ် အမြဲရှိနေစေဘို့ ဆန္ဒပြုပါတယ်။
    မည်သူမဆို ပွင့်ပွင့်လင်းလင်း ဝင်ရောက် ဆွေးနွေး နိုင်ပါတယ်။ အကြောင်းအရာ နဲ့ တိုက်ရိုက် ပတ်သက်တာကို ပဲ ဆွေးနွေး စေလိုပါတယ်။ အပြုသဘောဆောင်ဘို့ နဲ့၊ အပြန်အလှန် လေးစားမှု ရှိကြဘို့ လည်း အဆိုပြု ပါတယ်။

No comments: