Showing posts with label Fire Protection. Show all posts
Showing posts with label Fire Protection. Show all posts

Sunday, January 17, 2016

မြို့တော် စည်ပင်သာယာ အဆင့်အတန်း နှင့် မီးအာမခံ ကုမ္ပဏီ များ၏ အခန်းကဏ္ဍ။

Building Codes တွေ အစ နဲ့ Life Safety လိုအပ်ချက် တွေကို အခြား Perspective ကနေ ကြည့်ကြရအောင် ပါ။ မီးအာမခံ စနစ် တွေ နဲ့ ပရီမီယံ သတ်မှတ်ချက် တွေ အတွက် အရေးပါတဲ့ အချက် တစ်ချို့ ကို တင်ပြပေးမှာ ဖြစ်ပါတယ်။

  1. General
  2. Public Protection Classification (PPC) : အများပြည်သူ ကာကွယ်မှု အဆင့်အတန်း သတ်မှတ်ခြင်း။
  3. သုံးသပ်ချက်
  4. မှီငြမ်း
  5. PDF Download:
  1. General
  2. ဖွံ့ဖြိုးပြီး နိုင်ငံတွေ ရဲ့ မြို့ပြ အဆောက်အဦ တွေ မှာ Building Codes တွေ ရှိတယ်။ မီးဒါဏ် ခံနိုင်ရည် ကိုလည်း သတ်မှတ်ထားတဲ့ အတိုင်း ထည့်သွင်းတည်ဆောက်ထားတယ်။ ခေတ်မီတဲ့ မီးဘေးကာကွယ်ရေး နဲ့ မီးသတ်စနစ် တွေလည်း ရှိတယ် ဆိုပေမဲ့ မီးလောင်ဆုံးရှုံး မှု ကို ရာနှုန်းပြည့် ကာကွယ်ပေးလို့ မရနိုင်ပါဘူး။
    ဒါကြောင့်အဆောက်အဦ တိုင်းလိုလို မီးအာမခံ ထားကြလေ့ရှိပါတယ်။ အဲ မီးအာမခံ ပေးတဲ့ ကုမ္ပဏီတွေ (Insurance Companies) က လည်း မီးဘေးကာကွယ်ရေး ဘယ်လောက် ကောင်းလည်း ကြည့်ပြီး မှ အာမခံ ပေးတတ် ကြတာပါ။ (သူတို့ လည်း အကျိုးအမြတ် ရချင်လို့ လုပ်ကြတာပဲ လေ။ သူတို့ အတွက် Risk သိပ်များနေရင် အာမခံ ဘယ်ပေးချင်မှာလဲ။ သူတို့ပါ ဒေဝါလီ ခံရဘို့ ဖြစ်သွားမှာပေါ့။)
    ဒါကြောင့် Buildings Codes တွေ သတ်သတ်မှတ်မှတ် ပေါ်လာရ တဲ့ အကြောင်းထဲ မှာ Insurance Companies တွေ ရဲ့ ပါဝင်ခဲ့ မှု ကလည်း အရေးပါခဲ့ပါတယ်။
    Building Codes တွေ က လည်း အဆောက်အဦ တိုင်း မှာ Automatic Fire Detection & Fire Suppression Systems တွေ ထည့်ရမယ်လို့ သတ်မှတ်ထားတာ လည်း မဟုတ်ပါဘူး။ ကုန်ကျစရိတ် မျှတ မဲ့ အရွယ်အစာ (သို့) အခြေအနေ ကို သုံးသပ်ပြီး အနည်းဆုံး ထည့်သွင်းပေးရမဲ့ လိုအပ်ချက် ကို ပဲ သတ်မှတ်ပေးထား တာပါ။ သတ်မှတ်ထားတဲ့ အနည်းဆုံးလိုအပ်ချက် ထက် ပိုပြီး ထည့်ချင် ရင်ကတော့ ပိုင်ရှင် က ဆုံးဖြတ်ဘို့ပါ။
    မီးသတ်တပ်ဖွဲ့ နဲ့ မီးသတ်တပ်ဖွဲ့ အတွက် အဆင်သင့် ဖြစ်နေဘို့ လိုအပ်တဲ့ စနစ် တွေ က မီးလောင်ဆုံးရှုံးမှု တွေကို လျှော့ချ နိုင်ဘို့ အဓိက အားထားစရာ အဆင့်မှာ ရှိနေပါတယ်။ ဒီနေရာ မှာ မြို့တစ်မြို့ (သို့) ရပ်ကွက် တစ်ခု ရဲ့ Municipal Services (စည်ပင်သာယာ ဝန်ဆောင်မှုတွေ) ထဲမှာ မီးဘေးကာကွယ် မှု အဆင်သင့် ရှိမှု၊ မရှိမှု (ဝါ) ကာကွယ်မှု အဆင့်အတန်း ရဲ့ အရေးပါမှု ကို လေ့လာရအောင် ပါ။

    ... Back to Top (Contents)....
  3. Public Protection Classification (PPC) : အများပြည်သူ ကာကွယ်မှု အဆင့်အတန်း သတ်မှတ်ခြင်း။
  4. US မှာ မြို့တစ်မြို့ရဲ့ စည်ပင်သာယာ ဝန်ဆောင်မှု (Municipal Services) တွေ နဲ့ ပတ်သက်ပြီး စစ်ပေးတဲ့ အဖွဲ့အစည်း တစ်ခု ရှိပါတယ်။ Insurance Service Office (ISO) လို့ ခေါ်ပါတယ်။ (International Standard Organization နှင့် မမှားစေလိုပါ။) ဒီလို စီစစ်ပြီးရင် ရလာတဲ့ အချက်အလက် တွေ ကို အာမခံ ကုမ္ပဏီ တွေ ကို ပြန်ရောင်းစားပါတယ်။ (ခုတော့ ဝယ်တဲ့ ကုမ္ပဏီ တွေ နည်းလာပြီ လို့ သိရပါတယ်။ စကားချပ်။)
    ISO က Fire Suppression Rating Schedule ( FSRS) ဆိုတာနဲ့ အများပြည်သူ ကာကွယ်မှု အဆင့်အတန်း Public Protection Classification (PPC) ကို 1 ကနေ 10 အထိအဆင့်ခွဲ သတ်မှတ်ပါတယ်။ အဆင့်  1 က အကောင်းဆုံးပါ။ 1-8 က လက်ခံနိုင်တဲ့ အထဲမှာ ပါပါတယ်။ အဆင့် 9 မှာ လက်မခံနိုင်တဲ့ အချက် တစ်ချက် က သင့်တော်တဲ့ ရေရနိုင်တဲ့ နေရာ (Fire Hydrant) နဲ့ ပေ တစ်ထောင် ထက် ပိုဝေးနေလို့ပါလို့ ဆိုပါတယ်။ အဆင့် 10 က တော့ ခရီးအကွာ အဝေး ငါးမိုင် အတွင်း မီးသတ်စခန်း မရှိလို့ပါတဲ့။ ဒါကို အဆိုးဆုံး အခြေအနေ လို့ သတ်မှတ် ပြီး မီးအာမခံ ပေးတဲ့ သူတွေ လက်ရှောင်တယ်။ ပေးရင်တောင် ပရီမီယံ အရမ်းများမယ် လို့ ဆိုပါတယ်။
    အဆင့် 9 & 10 အရ Public Hydrants တွေ နဲ့ မီးသတ်စခန်း တွေ ရဲ့ အရေးပါပုံ ကို သိနိုင်ပါတယ်။ ISO က FSRS နဲ့ ကဏ္ဍလေးမျိုး မှာ စစ်ဆေးသုံးသပ်ပါတယ်။
    1. Emergency Communications Systems: 10 Points
    2. Fire Department: 50 Points
    3. Water Supply: 40 Points
    4. Community Risk Reduction 5.5 Points
      Potential total of 105.5 points 

    1. Emergency Communications Systems ( မီးလှန့် အချက်ပေး သတင်းပို့ စနစ်များ )
    2. ပထမ Fire Alarms စနစ်တွေ ကနေ (သို့) အရေးပေါ် ဖုန်းစနစ် တွေက ပေးပို့ လာတဲ့ မီးလှန့်အချက်ပေးမှု တွေ ကို ဘယ်လိုကိုင်တွယ် စီမံ ခန့်ခွဲတယ် ဆိုတဲ့ အချက် ကို စစ်ဆေးသုံးသပ် ပါတယ်။
      မီးလန့်တဲ့ အခါ အလိုလို ဆက်သွယ် သတိပေးတဲ့ စနစ် တွေ က ခုချိန်မှာ သိပ်ပြီးခက်ခဲ လှတာ မဟုတ်တော့ပါဘူး။ Central Station Fire Alarm System ဝန်ဆောင်မှု တွေ အဆင်သင့် ရှိနေဘို့ တော့ လိုအပ်ပါမယ်။ ဒါဆိုရင် Panel သေးသေးတစ်ခုလောက်ပဲ အများဆုံး လိုအပ်နိုင်ပါတယ်။ နိုင်ငံတော်တော် များများ မှာ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေကြပါပြီ။ ကိုယ်ပိုင် အိမ်ခန်းမှာ တောင် တတ်လို့ ရနေတဲ့ အဆင့်ပါ။ ဆက်သွယ်ရေး စနစ်တွေ က လည်း ကောင်းနေပြီ မို့ ဘယ်လို သတင်းပို့ချင်ပိုချင် ဖြစ်နိုင်နေပြီ မဟုတ်ပါလား။
      စကာင်္ပူ မှာ တော့ Decentralised Fire Alarm Monitoring System (DECAM) Companies တွေ ရှိပါတယ်။ နာမည်ကြီး Security Company တွေများပါတယ်။ သူတို့ ဆီမှာ ချိတ်ဆက်ထားတဲ့ အဆောက်အဦ တွေ က မီးလန့် တဲ့ Fire Alarm Signal ရတယ်ဆိုရင် ချက်ခြင်း စိစစ်ပြီး SCDF ကို အကြောင်းကြားပေးပါတယ်။
      မလေးရှားမှာ လည်း ဒီလို စနစ်မျိုး ရှိပါတယ်။ Fire Alarm Signal ကို သီးသန့် ဖုန်းလိုင်းနဲ့ မီးသတ်ဌာန ကို အလိုလို ဆက်သွယ်ပေးတဲ့ စနစ်ပါ။
      NFPA ကတော့ Central Station Fire Alarm System လို့ ခေါ်ပါတယ်။ ဒီ ဝန်ဆောင်မှု ကိုပေးတဲ့ ကုမ္ပဏီ တွေ ဟာ Factory Mutual (FM) & Underwriters' Laboratory (UL) တစ်ခုခု ကနေ အသိအမှတ် ပြုဘို့ လည်း လိုအပ်လေ့ရှိပါတယ်။
      အမေရိက က အိမ်တွေ မှာ အချို့က GSM လိုင်းပါပြီး လုံခြုံရေး ဝန်ဆောင်မှု ပေးတာရှိပါတယ်။ ဖုန်းလိုင်း တောင် မလိုတော့ပါဘူး။ Home Alarm System နဲ့ပါ ချိတ်ထားတာမို့ သူခိုးဝင်ဝင် မီးလန့်လန့် သင့်တော်ရာ (ရဲစခန်း သို့ မီးသတ်ဌာန သို့ အရေးပေါ်ဆက်ဆံရေး ဌာန) ကို ဆက်သွယ်ပေးပါလိမ့်မယ်။

      ... Back to Top (Contents)....
    3. Fire Department ( မီးသတ်ဌာန )
    4. ဒုတိယ ကတော့ မီးသတ်ဌာန ရဲ့ အမြဲတမ်း အဆင်သင့် ဖြစ်နေမှု စွမ်းရည်ပါ။ မီးလန့်တဲ့ သတင်းရတာ နဲ့ ဘယ်လို တုန့်ပြန် နိုင်သလဲ ဆို ဆိုတဲ့ အရည်အသွေး ကို စိစစ်ပါတယ်။ မီးသတ်အင်ဂျင်၊ မီးသတ် လှေခါးအမျိုးမျိုး၊ စက်အရွယ်အစား၊ အရံစက်ပစ္စည်း နှင့် ကိရိယာ များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၏ အရေအတွက်၊ အရည်အချင်း နှင့် လေ့ကျင့်ပေးမှု စတာတွေ ကို အကဲဖြတ်ပါတယ်။ နောက် မြို့နယ်နမိတ် ထဲ က ဘယ် ပရဝုဏ် ဘယ်ခြံဝင်း မဆို မီးသတ်ဌာနတွေ အနီးနား ( ငါးမိုင်ခရီး အတွင်း ) မှာရှိမရှိ ကို လည်း အကဲဖြတ်ပါတယ်။
      မီးသတ်ဌာန (သို့) အပြင်က ဝန်ဆောင်မှုပေးတဲ့ မီးသတ်ယဉ် တွေ က လည်း ကွန်ပြူတာ စနစ် Computer Aided Dispatch Systems တွေ နဲ့ GPS စနစ်တွေ ကို သုံးပြီး စီမံခန့်ခွဲနိုင်ပါတယ်။
      မီလောင် ဆုံးရှုံးမှု တွေ ကို ကာကွယ် နိုင်ဘို့ မှာ အချိန်က စက္ကန့် နဲ့ အမျှ အရေးကြီး တာမို့ပါ။

      နိုင်ငံသားတွေ လိုက်နာရန် လိုအပ်ချက် ။ ။ မီးသတ်ကားတွေ အရေးပေါ်ကားတွေ က ဥသြဆွဲရင် အခြားကားတွေ အားလုံး လမ်းဖွင့်ပေးရပါမယ်။ လမ်းဘေးချရပ်ပေးရပါမယ်။ သူတို့ ကတော့ လွတ်တဲ့နေရာ က မောင်းသွားပါလိမ့်မယ်။ လမ်းအတည့် မရရင် လမ်းပြောင်းပြန် လည်း မောင်းခွင့်ရှိပါတယ်။ မြန်မာမီးသတ် ကားတွေ ကို လည်း ဥပဒေ နဲ့ ဒီလို လုပ်ပိုင်ခွင့်တွေ ပေးထားပါတယ်။ (လူတွေ မဖြစ်မနေ ဘေးဖယ်ပေး မပေးတော့ မသိပါ။ မီးသတ်က လူအချို့ပြောချက်အရ ဖယ်မပေးရင် ဆင်းဘေပလိုက်မယ် ဆိုလားပဲ။ )။
      မီးသတ်ကားနောက် ကပ် လိုက်တာ က ယာဉ်စီးကမ်း ချိုးဖောက်တာ ဖြစ်သလို၊ မီးကြည့်သွားတာ က လည်း အနှောင့်အယှက် ပေးခြင်း တစ်မျိုးမို့ ဥပဒေ နဲ့ တားမြစ်ပေးဘို့ လိုအပ်ပါတယ်။

      ... Back to Top (Contents)....
    5. Water Supply ( ရေပေးဝေ ရေး စနစ်များ )
    6. တတိယ အချက် က တော့ ရေပေးဝေတဲ့ စနစ်တွေ ကို စိစစ်အကဲဖြတ်တာပါ။ မီးသတ်ဘို့ အတွက် အရေးပေါ် အရံ ရေအား ဘယ်လောက် ရနိုင်မလဲ ဆိုတဲ့ အချက် ကို အလေးပေး ပါတယ်။ ပြီးရင် ဒီ အရံ ရေအား ပမာဏ က အရေးပေါ်အခြေအနေ မှာ မီးသတ်ဘို့ အတွက် အဆင်သင့်ရှိမလား၊ လုံလောက်မလား ဆိုတာ ကို စိစစ်ပါတယ်။ တပ်ဆင်ထားတဲ့ မီးသတ်ဘုံဘိုင်ခေါင်း (Fire Hydrants) တွေရဲ့ အရွယ်အစား၊ အမျိုးအစား၊ တပ်ဆင်ထားပုံ၊ ပြည့်စုံ ကောင်းမွန်မှု ရှိ၊ မရှိ၊ ပုံမှန် စစ်ဆေးမှု၊ ရေအားစစ်ဆေးမှု အစီအစဉ် တွေ ကို ပါ အကဲဖြတ်ပါတယ်။
      ဒီအချက် ကို အခြား Building / Fire Codes တွေ မှာ တွေ့နိုင် ပါတယ်။ လေ့လာနိုင်ဘို့ FEMA လို့ခေါ်တဲ့ ဘေး အန္တရာယ်ကာကွယ်ရေး နဲ့ ပြန်လည်ထူထောင်ရေး ဆိုင်ရာ US အစိုးရ ဧဂျင်စီ ရဲ့ Water Supply Concept နဲ့ Fire Hydrants လိုအပ်ချက် စာအုပ် နှစ်အုပ် Links တွေ ပေးလိုက်ပါတယ်။
      FEMA Water Supply Systems and Evaluation Methods
      1. Volume I: Water Supply System Concepts
        https://www.usfa.fema.gov/downloads/pdf/publications/Water_Supply_Systems_Volume_I.pdf
      2. Volume II: Water Supply Evaluation Methods
        https://www.usfa.fema.gov/downloads/pdf/publications/water_supply_systems_volume_ii.pdf

      ဒီစာအုပ်တွေ ထဲ မြန်မာ Infrastructure Upgrade အတွက် အဖြေတစ်ခု ဖြစ်နိုင်တဲ့ District Water Supply Concept ကိုလည်း လေ့လာနိုင်ပါတယ်။

      ... Back to Top (Contents)....
    7. Community Risk Reduction ( ဆုံးရှုံးမှု လျော့ကျစေရန် ပြင်ဆင်မှု အစီအစဉ် များ။ )
    8. စတုတ္တအချက် ကတော့ နေထိုင်သူ ပြည်သူတွေ ရဲ့ ဆုံးရှုံးနိုင်မှု အခြေအနေ ကို လျော့ပါးအောင် ဘာတွေ၊ ဘယ်လို လုပ်နေသလဲ ဆိုတဲ့ အချက်ပါ။ မီးဘေးကာကွယ်ရေး အတွက် ဘာ Building Codes တွေ ရှိတယ်။ လိုက်နာမှု ရှိအောင် ဘယ်လို သတ်မှတ်ထားတယ်။ မီးဘေးကာကွယ် ရေး ပညာပေး အစီအစဉ် တွေ က ဘယ်လို။ မီးမတော်တဆ မှု တစ်ခု ဖြစ်ရင် ဘယ်လို စိစစ် စုံစမ်းမယ် ဆိုတဲ့ အချက်တွေ နဲ့ အကဲဖြတ် စိစစ်ပါတယ်။


    ... Back to Top (Contents)....
  5. သုံးသပ်ချက်
  6. မီးသတ်စနစ် တွေ မှာ စနစ်ကျနေ ပြီ ဖြစ်တဲ့ အမေရိကန် တွေ ရဲ့ စနစ်တွေ ကို မိတ်ဆက်ပေးတာ ဖြစ်ပါတယ်။ Insurance Office Data တွေ က အရင် က အရမ်းအားထား ခဲ့တဲ့ သဘောတွေ့ ရပါတယ်။ Code တွေ ပေါ်လာအောင် တွန်းအားပေးတဲ့ အထဲမှာလည်း ပါခဲ့ပါတယ်။ NFPA Fire Protection Handbooks တွေ မှာ ဒီ ISO data တွေ ကို မှီငြမ်းထားတာ တွေ့နိုင်ပါတယ်။ Building Codes တွေ Fire Prevention & Protection Practices တွေ၊ Codes & Standards တွေ ခုအခြေအနေ အထိရောက်လာတာ သူတို့ နဲ့ မကင်းဘူးလို ဆိုလိုချင်တာပါ။
    အမေရိက မှာ စီးပွားရေး အဆောက်အဦတွေ ကို သာမက အိမ်တွေ ကိုလည်း မီးအာမခံ ထားလေ့ရှိပါတယ်။ နောက်ဆုံး Apartment အိမ်ခန်းငှားတဲ့ အခါ လည်း စည်းကမ်းချက် အရ မီးအာမခံ ဝယ်ထားရတတ်ပါတယ်။ နေရာတကာ Insurance … ကား၊ ကျန်းမာရေး၊ အစုံ အစုံ...
    ခုနောက်ပိုင်း အချို့ Insurance Co. တွေ မှာ အလျော်အစား အချက်အလက်တွေ ပြည့်ပြည့်စုံစုံ ကိုယ့်ဖာသာ စုနိုင်လာတဲ့ အခါ ဒီ ISO data တွေတောင် မဝယ်တော့ဘူးလို့ ကြားရပါသေးတယ်။ နောက် စည်ပင်သာယာ တွေ မှာ လည်း မီးသတ်စနစ် တွေ က စနစ်တကျ ထည့်လာပြီ။ မြို့သစ်တောင် မြို့မတည်ခင် ထဲ က Master Plan နဲ့ လာတာ ဆိုတော့... အာရှ နဲ့ အခြားနိုင်ငံ မှာ အမေရိကန် ကုမ္ပဏီ တွေ Factory Mutual (FM) မှာ အာမခံ ထားရင် သူတို့ မှာ ရှိတဲ့ Fire Protection Specialist တွေ က Fire Protection Drawings တွေ ကို စစ်ပြီး လိုတာတွေ ကို Comments ပေးတယ်။ ပစ္စည်းတွေ ဆိုလည်း တကယ့် အကောင်းတွေ သုံးရတာ။ ဆင်ပြီးရင် လည်း ကျေနပ်အောင် စစ်တယ်။ ပြီးမှ အာမခံ ပေးတယ်။ (အချို့ ကတော့ ကိုယ့်ဖာသာ Self-Insured လုပ်တာလည်း ရှိပါတယ်။)
    မီးသတ်စနစ် မှာ သုံးတဲ့ Appliances / Equipment အားလုံးလိုလို က UL Listed ဖြစ်ဘို့ လိုပြီး တစ်ခါတစ်ရံ FM Approved ဖြစ်ဘို့ လည်းလိုအပ်နိုင်ပါတယ်။

    Summary:
    ခြုံငုံပြီး သုံးသပ်ရမယ် ဆိုရင် Water Supply Infrastructure, Fire Department နဲ့ Fire Alarm Reporting & Emergency Response Systems တွေ က လည်း မြို့တစ်မြို့ရဲ့ မီးဘေး ကာကွယ်ရေး အဆင့်အတန်း ကို ဖော်ပြတာ ဖြစ်သလို မီးအာမခံ အတွက် လည်း အရေးပါကြောင်းပါ ခင်ဗျာ။


    ... Back to Top (Contents)....
  7. References:(မှီငြမ်း)
    1. NFPA Fire Protection Handbook, 20th Edition: Section 12
    2. ISO Mitigation: PPC Program, FSRS
      http://www.isomitigation.com/ppc-program/fire-suppression-rating-schedule-overview.html
    3. FEMA Water Supply Systems and Evaluation Methods
      1. Volume I: Water Supply System Concepts
        https://www.usfa.fema.gov/downloads/pdf/publications/Water_Supply_Systems_Volume_I.pdf
      2. Volume II: Water Supply Evaluation Methods
        https://www.usfa.fema.gov/downloads/pdf/publications/water_supply_systems_volume_ii.pdf
    4. FM Global http://www.fmglobal.com/
      1. FM Approvals http://www.fmglobal.com/page.aspx?id=50000000
      2. FM Approval Standards
        http://www.fmglobal.com/page.aspx?id=50030000
    5. UL http://ul.com/

    ... Back to Top (Contents)....
  8. PDF Download:
  9. Download "I003_R01 Municipal Services vs Fire Insurance.pdf" from Dropbox.
    https://www.dropbox.com/s/bwotvt0p009s7ki/I003_R01%20Municipal%20Services%20vs%20Fire%20Insurance.pdf?dl=0

Read More... [ အကျယ် ဖတ်ရန်... ]

Sunday, November 29, 2015

မီးအန္တရာယ် ကာကွယ် ရေး စနစ်များ အကြောင်း မိတ်ဆက် - ဒီဇိုင်း အခြေခံ (အပိုင်းတစ်)


ဒီစာစု မှာ မိတ်ဆက်ပေးမဲ့ အပိုင်းတွေ ကတော့။
A. ဒီဇိုင်း ရည်မှန်းချက် (Objectives)
B. မီး သိပ္ပံ (Fire Science)
C. မီးတောက် သံသရာ၊ (Ignition, Growth and Development of Fire)
D. မီးအန္တာရာယ် ခန့်မှန်းဆန်းစစ်ခြင်း (Fire Hazard Assessment)
E. ဒီဇိုင်းကောင်း (Good Building Design with Fire Safety Measures)
F. Building Codes / Fire Safety Regulations / Acts

PDF File Links ကနေ Download ရယူနိုင်ပါတယ်။ (Feel Free to share.....)

https://www.dropbox.com/s/ossbhkrgoy983p8/F001_R0%20Fire%20Protection%20Introduction%20-%20Part%201.pdf?dl=0

Read More... [ အကျယ် ဖတ်ရန်... ]

Saturday, November 21, 2015

Classification of Fire လောင်စာ နဲ့ မီး အမျိုးအစား။

Fire Protection Systems  တွေ ရဲ့ အခြေခံ တစ်ခု ဖြစ်တဲ့ Classification of Fire  အကြောင်း ကို တင်ပြထားပါတယ်။
https://www.dropbox.com/s/q4cpt6yoeajjdrr/F002-01%20Classifications%20of%20Fire.pdf?dl=0

Read More... [ အကျယ် ဖတ်ရန်... ]

Saturday, November 14, 2015

Fire Hydrants (မီးသတ်သမားသုံး ရေဘုံဘိုင် ခေါင်းများ) လိုအပ်ချက်

မီးသတ်တပ်ဖွဲ့ ဝင်တွေ မီးကို အမြန်ဆုံး ထိန်း နိုင်ဘို့ အတွက် အခြေခံ လိုအပ်ချက် တစ်ခု က တော့ လိုအပ်တဲ့ ရေဖြည့်ပေးနိုင်မဲ့ Fire Hydrants တွေ လက်လှမ်းမီတဲ့ အကွာအဝေး အတွင်း ရှိနေဘို့ပါ။ ပါ။ ဒီလိုအပ်ချက် နဲ့ အတူ မဟာရန်ကုန် နဲ့ မန္တလေး လို မြို့ကြီးတွေ အတွက် Fire Hydrants တွေ လိုအပ်ချက် နဲ့ အခန်းကဏ္ဍ တွေ ကို မိတ်ဆက် ပေးထားပါတယ်။ Drop Box ကနေ Download လုပ်ယူနိုင်ပါတယ်။
https://www.dropbox.com/s/4o6367w2hgn7mk5/F121_R04%20Fire%20Hydrants.pdf?dl=0
File Size အရွယ်အစား လည်း သိပ်မကြီး တော့ပါဘူး။ 1 MB ထက်နည်းတာ မို့ PC / Mobile နဲ့ Download လုပ်တာ အဆင်ပြေပါလိမ့်မယ်။ အောက်မှာ Mobile User တွေ အတွက် Web Version ကိုလည်း  ပြန်ရေးပေးထားပါတယ်။
တိုးတက်နေတဲ့ နိုင်ငံတွေ ရဲ့ လမ်းဘေး တစ်ဘက်တစ်ချက် မှာ Fire hydrants လို့ခေါ်တဲ့ မီးသတ်သမားသုံး ရေဘုံဘိုင် ခေါင်း တွေ ကို တွေ့ ရလေ့ရှိပါတယ်။ (အဲ တိုးတက်ခဲ့ဘူးတဲ့ နိုင်ငံတစ်နိုင်ငံ ရဲ့ ရွှေမြို့တော် မှာ လည်း အရိပ်အငွေ့ တွေ ကျန်နေဆဲပါ။ ) ဒီ Fire Hydrant တွေကို အရေးပေါ် အခြေအနေ မှာ မီးသတ်တပ်ဖွဲ့ဝင် တွေပဲ အသုံးပြုခွင့် ရှိပါတယ်။ မီးသတ်ကား (သို့) အခြား fire engine တွေ မီးသတ် ပိုက်ခေါင်း ရေပန်း တွေ နဲ့ မီးကို ဖြန်းသတ်တဲ့ အခါ ဒီ Fire Hydrant တွေကရေ တွေ ကို အခြားတစ်ဘက် ကနေ စုတ်ယူ ဖြည့်တင်း ပေးရပါတယ်။
မီးသတ်ကား ကို ရေသွင်းပေးနေပုံ။
မီးသတ်ဌာန၊ မီးသတ်ကား နဲ့ ပိုက်ရစ်၊ ပိုက်ဆက် အရွယ်အစားတွေ Standard စံတစ်ခု သတ်မှတ်ပြီး ဖြစ်နေရပါမယ်။ အရေးအကြောင်း မှ တပ်ဆင်လို့ မရအောင် လွဲချော်နေတာ မျိုး မဖြစ်စေဘို့ ပါ။
မီးသတ်သမားတွေ Fire Hydrant အသုံးပြုပုံ နမူနာ ဗီဒီယို။ YouTube - Fire Hydrant Training http://www.youtube.com/watch?v=1nsD864K6pk&NR=1
Fire Department Connection: လို့ ခေါ်တဲ့ မီးသတ်ဌာန က ရေသွင်း ဘို့ ထားပေးရတဲ့ ပိုက်ခေါင်း တွေ က လည်း အဆောက်အဦ ထဲ မှာ မီးသတ်ဘို့ အတွက် လိုအပ်တဲ့ ရေအား ကို ရနိုင်ဘို့ ဒီ Fire Hydrants တွေ ကို ပဲ မှီခိုနေရတာပါ။
ဥပမာ Sprinkler Systems တွေမှာ ရေဆွဲအားကြောင့် လိုအပ်တဲ့ ရေအား မရနိုင်ရင်လည်း Fire Engine တွေရဲ့ အကူနဲ့ အားဖြည့်ပေးနိုင်ပါတယ်။ Fire Department Connection တွေ ကို Breeching Inlets ( UK, Singapore, Malaysia ) / Siamese Connections ( US ) လို့ လည်း သိကြပါတယ်။ အမေရိက မှာ ဘာလို့ Siamese Connections လို့ ခေါ်ရသလဲ ဆိုတာ ကတော့ 19 ရာစု ထဲမှာ အမေရိက ကို လာအခြေချ တဲ့ Chang and Eng Bunker ထိုင်းညီအကို နှစ်ယောက် ကိုအစွဲပြု ခေါ်ခဲ့ကြတာ ဖြစ်တယ် လို့ ဆိုပါတယ်။

  1. Fire Hydrants တွေ ဘာလို့ အရေးပါသလဲ ။
  2. Public Fire Hydrants
  3. Private Fire Hydrants
  4. မြို့တော် မဟာရန်ကုန် နှင့် Public Fire Hydrants များ
  5. မြို့တော် မဟာရန်ကုန် နှင့် Public Infrastructure

  1. Fire Hydrants တွေ ဘာလို့ အရေးပါသလဲ ။
  2. Fire Hydrants တွေ ဘာလို့ အရေးပါသလဲ ဆိုတာ ဆက်ပြီး ဆွေးနွေး ကြရအောင်ပါ။ မီးသတ်ဘို့ ရေအား လိုအပ်ချက် တွေနဲ့ မရင်းနှီးတဲ့ အခါ မီးသတ်ကား မှာ ရေပါတာပဲ၊ ဘာလို့ Fire Hydrants လိုမှာလဲ ဆိုတဲ့ အမြင်မျိုး ရှိကြပါတယ်။
    လိုအပ်ချက်ပြည့်မီတဲ့ Fire Hydrants သတ်မှတ်တဲ့ အကွာအဝေး အတွင်း အနီးအနား မှာ ရှိမနေ ရင် မီးကို ကောင်းကောင်း ထိန်းနိုင်ဘို့ အင်မတန် ခက်ခဲပါတယ်။ မီးတစ်ခု ကို နိုင်နိုင်နင်းနင်း ထိန်းနိုင်ဘို့ နေရာ နဲ့ မီးပြင်းအား ပေါ်မူတည် ပြီး နာရီ နဲ့ ချီ ပြီး ကြာနိုင်ပါတယ်။ ရေအားအပြည့် မသုံး နိုင်တာ က လည်း မီးကို သက်ဆိုးရှည် ဘို့ အားပေးမဲ့ အချက် တစ်ခု ပါ။ မီးကို နိုင်နိုင်နင်းနင်း ထိန်းနိုင်ဘို့ နဲ့ အနိုင်တိုက်ဘို့ အတွက် ရေအား ဘယ်လောက် ကောင်းကောင်း နဲ့ ဖြန်းတယ် ဆိုတဲ့ အချက်ပေါ် မှာလည်း မူတည်ပါတယ်။
    အချိန် ကလည်း စက္ကန့် နဲ့ အမျှ အရေးကြီး ပါတယ်။ မီးကို အချိန်တို အတွင်းနိုင်အောင် ထိန်းနိုင်ဘို့ အဓိကကျ၊ အရေးကြီးပါတယ်။ အခြားအဆောက် အအုံ တွေ ကို လည်း မကူးစက်၊ လောင်တဲ့ အဆောက်အအုံ ပြာမကျ ခင် ငြိမ်းသတ် နိုင်ပါမှ မီးကို အောင်မြင်စွာ ငြိမ်းသတ်နိုင်တယ် လို့ ပြောလို့ ရပါတယ်။
    ပုံမှန် မီးသတ်ကား Pumper တစ်စီးမှာ အကြမ်းအားဖြင့် ရေ ဂါလံ (US gal) ငါးရာ (1,900 L) လောက်ဆန့် တဲ့ ရေတိုင်ကီ နဲ့ တစ်မိနစ် ကို ဂါလံ တစ်ထောင် (1000 gpm, 63 L/s) လောက်အထိ ရေအား ပေးနိုင်တဲ့ ရေပန့် နဲ့ အတူ မီးသတ်ပိုက် ခေါင်းတွေ ပါဝင်ပါတယ်။ ဆိုလိုတာက အရှိန်ပြည့် နဲ့ စက္ကန့် သုံးဆယ် လောက် ဖြန်းလိုက် ရင် ရေကုန် သွားပါပြီ။ ကြာကြာခံအောင် အနည်းဆုံး ရေအား 250 gpm နဲ့ ချွေပြီး ဖြန်းရင်တောင် နှစ်မိနစ် ပဲ ခံ ပါမယ်။
    မြို့ပြ မီးသတ်တပ်ဖွဲ့ သုံးသော မီးသတ် ရေပိုက်များ သုံးမျိုးရိပါတယ်။( NFPA 1961 1961- Standard on Fire Hose)
    1. Attack Hose: to combat fires
    2. Suction Hose: drafting water from below the pump, i.e, pumper suction
    3. Supply Hose: pressurized water source to fire pump, e.g. Hydrant to Pumper
    • Attack Hoses: မီးသတ်ရေပန်း နှင့်ဆက်ထားသောပိုက် ( minimum design operating test pressure of 275 psi)။ တွေ မှာ တွေ့ရလေ့ ရှိတဲ့ အရွယ်အစား အချို့ ရဲ့ အကြောင်းကို မိတ်ဆက်ပေးလိုက်ပါတယ်။
    • 1" ပိုက်လိုင်း ကို Booster Line လို့ ခေါ်ပါတယ်။ သယ်ရရွှေ့ရ လွယ်ပြီး မီးသတ်တပ်ဖွဲ့ဝင် တစ်ဦး က နိုင်နိုင်နင်းနင်း ကိုင်တွယ်ပက်ဖြန်း နိုင်ပါတယ်။ ရေအားကတော့ နည်းပါတယ်။ approx. 50 gpm လောက်ပဲ ပက်ဖြန်းနိုင်ပါတယ်။
    • 1 3/4" Attack Hose: ကိုတော့ မီးသတ်တပ်ဖွဲ့ဝင် နှစ်ဦး-သုံးဦး ရဲ့ အားလိုအပ်ပါတယ်။ ရေအား ကတော့ အသင့်အတင့် ( 140- 200 gpm) ဖြစ်ပါတယ်။
    • 2 1/ 2" Attack Hose: ကို ကိုင်တွယ်ဘို့ အတွက် မီးသတ်တပ်ဖွဲ့ဝင် သုံး-လေး ဦး (သို့) ဒီထက် ပိုပြီး လိုအပ်နိုင်ပါတယ်။ ရွှေ့လို့ ပြောင်းလို့ တော့ သိပ်မလွယ်ပါဘူး။ ရေအား ကတော့ ( 200- 300 gpm) ဖြစ်ပါတယ်။
    • ပိုပြီးရေအား ကောင်းကောင်း ဖြန်းနိုင်တာ က တော့ Deck Gun / Water Cannon လို့ခေါ်တဲ့ ကားပေါ်မှာ တပ်ဆင်ထားတဲ့ Fire Monitor လိုပုံစံမျိုးပါ။ ဂါလံ တစ်ထောင် အထက် ရေအား ရှိနိုင်ပါတယ်။
    မီးကိုရေနဲ့ ငြိမ်းစေနိုင်ဘို့ အတွက် မီးသတ်ပိုက် က ရေ အဆက်မပြတ် ထွက်နေဘို့ အင်မတန် အရေးကြီး ပါတယ်။ ရေအားကောင်းကောင်း နဲ့ ဖြန်းနိုင်တဲ့ ပိုက်ခေါင်းမှာ အင်အား အပြည့်သုံးနိုင်ဘို့ လိုပါတယ်။ 1,000 gpm ရေဖြန်းအား က 500 gpm ထက် နှစ်ဆ မက ပို ထိရောက် နိုင်ပါတယ်။ 250 gpm နဲ့ ချွေတာ ဖြန်းမယ် ဆိုရင် တော့ အဆပေါင်း များစွာ ပိုကြာပါလိမ့်မယ်။
    International Fire Code (IFC) အရ ဆင်ခြေဖုန်း ရပ်ကွက် က သာမာန် မိသားစုတစ်စု လူနေ အိမ် ခပ်လတ်လတ် (<3,600 ft2) တစ်လုံး က မီးကို အနိုင်တိုက် ဖို့ အတွက် လိုအပ်ချက် က 1,000 gpm x 1 hour ပါ။ ကူးချီသန်းချီ လုပ်မယ် ဆို ရင် မီးသတ် Pumper အစီး ၁၂၀ စာ နဲ့ ညီမျှ ပါတယ်။ (အချိန် ကိုပါထည့်တွက် မယ် ဆိုရင် တော့ နှိုင်းယှဉ် လို့တောင် ရမယ် မထင်ပါဘူး။) 1000 gpm, 63 L/s ရေအား က ဘယ်လောက်လဲ ကြည့်ရအောင်။ စားအုံးဆီ ပေပါ တိုင်ကီ တစ်လုံး က 200 Liter (55 US gal) ပါ။ မြန်မာတွေ က တော့ Imperaial Gallon မို့ ခပ်လွယ်လွယ် ဂါလံ ၅၀ ဆန့် လို့ ခေါ်ကြပါတယ်။ ရေချိုး၊ ရေဖြည့် ရင် လေးဂါလံ ရေပုံး ဆယ့်နှစ်ပုံး (သို့) အနည်းဆုံး ခြောက်ထမ်း ဖြည့်ရပါတယ်။
    ဒီလို သာမန်ရပ်ကွက် မှာရှိတဲ့ Fire Hydrant တစ်ခုက ရနိုင်တဲ့ ရေအားက ပေ၄၀-၅၀ အမြင့်မှာ ရှိတဲ့ ဂါလံ 50 ရေတိုင်ကီ တွေ ကို သုံးစက္ကန့် တိုင်းတစ်လုံး အပြည့် (ဝါ) တစ်မိနစ် မှာ တိုင်ကီ အလုံးနှစ်ဆယ် ရေဖြည့်ပေးနိုင်ပါတယ်။ ဆက်စပ်ပြီး ယှဉ် ပြောရရင် မီးသတ်ရဲဘော်၊ ရဲမေ တွေ၊ ဗော်လန်တီယာတွေ၊ ရေညစ်ပတ် မြောင်းထဲ မရွံမရှာ၊ စွန့်စွန့်စားစား၊ အင်ကုန်၊ အားကုန် ရေပုံးကိုယ်စီ နဲ့ ခပ်ပြီး ရေဖြန်းတာ နဲ့ ယှဉ်ကြည့်ရင်လည်း လူအား ထောင်ဂဏန်း မက သောင်းဂဏန်း လောက် နဲ့ သွားညီပါလိမ့်မယ်။
    တစ်ခါတစ်ရံ မီးသတ်ကား အရေးပေါ် ရောက်လာပေမဲ့ ရေမပါတာလည်း ရှိနေနိုင်ပါတယ်။ ဒါကို မီးသတ်ကား ရေမပါ ပဲ ရောက်လာလို့ အလကား မဖြစ်သင့် ပါဘူး။ တကယ့်လက်တွေ့မှာ လိုအပ်တဲ့ Fire Hydrants တွေ အဆင်သင့်ရှိနေရင် ရေပါဘို့ ထက် အချိန်မီ ရောက်ဘို့ လိုပါတယ်။ Fire Hydrants တွေ အဆင်သင့်ရှိနေရင် တစ်မိနစ် စောရောက်တဲ့ ရေမပါတဲ့ ကားက တစ်မိနစ် နောက်ကျရောက်တဲ့ ရေပါတဲ့ ကားထက် ပို တန်ဘိုး ရှိကြောင်း ရှင်းပြပါမယ်။
    မီးသတ်ကား တွေ တန်းစီ ရေထည့်လိုက်၊ ဝင်လိုက်ထွက်လိုက်၊ မိနစ်ပိုင်း၊ စက္ကန့် ပိုင်းလောက် ဖြန်း ပြီးရင်ပိုက်တွေ ဖြုတ်လိုက် တတ်လိုက် လုပ်နေရရင် လုပ်ငန်းမတွင်၊ မထိရောက် တော့ပါဘူး။ ဒါကြောင့် မိနစ် ပိုင်း ကြာမဲ့ အချိန် အစား နာရီပေါင်း များစွာ ကြာပြီး အချို့ ကို မီးသွေး ဖြစ်မှ မီးကို စတိုက်နိုင် သလိုဖြစ်နေ ပါလိမ့် မယ်။
    ဒီနေရာ မှာ မီးငြိမ်းအောင် လုပ်တာ နဲ့ ပတ်သက်လို့ ပြောချင်ပါတယ်။ မီးဆိုတာ အချိန်တန်ရင် တော့ ငြိမ်း ရမှာပါ။ ဟုတ်ကဲ့ ။ ရေအား မကောင်းရင် ပဲ ဖြစ်ဖြစ်၊ နောက်ဆုံး လုံးဝ ရေမပက်ဘဲ ပစ်ထားရင် တောင် တချိန်ချိန် မှာ တော့ မီးညွန့် ကျိုး ပြီး ငြိမ်းကို ငြိမ်းမှာပါ။ လောင်စရာ လောင်စာကုန် သွားတဲ့ အခါပေါ့။
    အဆောက်အအုံ အချို့ နဲ့ အတွင်းက ပစ္စည်းတွေ ပြန်ရချင်လား။ ပြာပုံပင်လယ် ကျန်မလား ဆိုတဲ့ အကြောင်းတရား အဖြေ အတွက် ဘယ်လောက် ထိထိရောက်ရောက် မီးသတ်နိုင်လဲ၊ အချိန်တို အတွင်း မီး ထိန်းနိုင်၊ မထိန်းနိုင် နဲ့ အချိန် တိုတို၊အချိန် ဘယ်လောက် အတွင်း ရေအား ဘယ်လောက် ဖြန်းနိုင်လဲ ဆိုတာ တွေက အရေးပါ တဲ့ အခြေခံလိုအပ်ချက် အကျိုးတရား တွေ ထဲ မှာ ပါဝင်ပါတယ်။
    တစ်ရပ်ကွက် လုံး ကုန်မှ၊ တစ်ဈေးလုံး ကုန်မှ မီးငြိမ်းတယ် ဆိုရင် အကျိုးမရှိ၊ မထိရောက် တော့ပါဘူး။

    ... Back to Top (Contents)....
  3. Public Fire Hydrants
  4. တိုးတက်နေတဲ့ နိုင်ငံတွေ ရဲ့ လမ်းဘေး တစ်ဘက်တစ်ချက် နဲ့ အဆောက်အအုံ ခြံဝင်း တွေ ထဲမှာ Fire hydrants လို့ခေါ်တဲ့ မီးသတ်သမားသုံး ရေဘုံဘိုင် ခေါင်း တွေ ကို ပေ ၃၀၀ - ၅၀၀ လောက် စီခြားပြီး ရှိနေတာ တွေ့ ရပါလိမ့်မယ်။ အများအားဖြင့် သင့်တော်တဲ့ ရေဖိအား Pressure ရှိတဲ့ ရေတွေ ကို မီးသတ်တဲ့အခါ လိုသလောက် အဆင်သင့် ရအောင် စီစဉ်ထားရတာပါ။ စာရေးသူ ရောက်ဘူးတဲ့ အရှေ့တောင် အာရှ အနီးအနား နိုင်ငံ တွေ ကို ကြည့်ရင် ဘန်ကောက်၊ ကွာလာလမ်ပူ၊ စကာင်္ပူ စသည်ဖြင့် မြို့တိုင်း မှာ Public Fire Hydrants တွေရှိပါတယ်။ US မှာလည်း City တိုင်းလိုလို မှာ ရှိပါတယ်။
    မြို့ပြ တွေ မှာ မြို့အင်္ဂါရပ် နဲ့ ကိုက်ညီအောင် စည်ပင်သာယာ ဝန်ဆောင်မှု (Municipal Services) တွေ ရှိရပါတယ်။ မီးသတ်ဘို့ လိုအပ်ချက်တွေ အရ မြို့နယ်နိမိတ် ထဲ က အဆောက်အဦ တွေ ရှိရာ အများပိုင် လမ်းမတွေ ပေါ်မှာ Public Fire Hydrant တွေ ထားရှိ ပေးရပါတယ်။ မီးသတ်ဌာန ရဲ့ လိုအပ်ချက် (သို့) လိုအပ်တဲ့ မီးသတ်ရေအား ပမာဏကို မြူနီစီပါယ် သောက်သုံးရေဝေတဲ့ စနစ်ထဲမှာ ထပ်ဆောင်း ထည့်သွင်းတွက်ချက် ထားရပြီး သင့်တော်ရာ မှာ တပ်ဆင် ပေးထားလေ့ ရှိပါတယ်။ Fire Hydrants တွေ ကို သတ်မှတ်ချက်၊ လိုအပ်ချက် အတိုင်း ပြုပြင်ထိန်းသိမ်းခြင်း၊ အခါအားလျော်စွာ (ဥပမာ တစ်နှစ် နှစ်ကြိမ်) ရေအားစစ်ဆေးခြင်း တွေ ကိုလည်း လုပ်ဆောင် ပေးရပါတယ်။
    အပေါ်ပုံတွေ က စကာင်္ပူ၊ မလေးရှား မှာ အတွေ့များတဲ့ Fire Hydrants တွေရဲ့ပုံ ဖြစ်ပါတယ်။ အများအားဖြင့် ဆေးအနီရောင် သုတ်ထားလေ့ ရှိပါတယ်။အနားမှာ ရှိတဲ့ Valve Chamber ထဲမှာ မီးသတ်သမားတွေ ပဲဖွင့်သုံးနိုင်မဲ့ Gate Valve တစ်ခုရှိပါတယ်။

    ပုံမှာ နယူးယောက်မြို့က Fire Hydrant တစ်ခုပုံ ကို Wiki ကနေကူးယူ ဖော်ပြထားပါတယ်။ နေရာဒေသ ကို လိုက်လို့ အခြားအရောင် တစ်ခုခုဖြစ်နိုင်သလို၊ ဒီဇိုင်းလည်း ပြောင်းလဲ နိုင်ပါတယ်။ Fire Engine က တိုက်ရိုက် ယူသုံးမှာမို့ Fire Department ရဲ့ လိုအပ်ချက် နဲ့ တော့ ကိုက်ညီရပါလိမ့်မယ်။ သူတို့ကို ဖွင့်ဘို့ ပိတ်ဘို့ Valve ကတော့ ထိပ်ပေါ်မှာ ရှိနေတာ တွေ့နိုင်ပါတယ်။
    L.A (Los Angeles) County တစ်ဝိုက် အချို့နေရာတွ မှာ တွေ့ရတဲ့ Public Fire Hydrant တွေ ကတော့ အဝါရောင် ဖျော့ဖျော့ ပါ။ ဒီအရောင် တွေ က City အလိုက် တစ်ပြေးညီ သတ်မှတ်ချက် ဖြစ် နိုင်သလို အောက်မှာ ဖော်ပြထား သလို NFPA 291 သတ်မှတ်ချက် ရေအား နဲ့ လည်း သက်ဆိုင် နိုင်ပါတယ်။
    NFPA 291, Chap. 3
    Class CLess than 500 GPMRed
    Class B500-999 GPMOrange
    Class A1000-1499 GPMGreen
    Class AA1,500 GPM & aboveLight Blue
    နိုင်ငံ အလိုက်၊ မြို့ အလိုက် အသုံးပြုတဲ့ Fire Hydrants အမျိးမျိုး ရဲ့ ပုံ အချို့ ကို http://www.firehydrant.org/ မှာ လေ့လာနိုင်ပါတယ်။
    အချို့နေရာတွေ မှာ Fire Hydrants ကို အပေါ်က အခြားအရောင် နဲ့ ဆေးထပ်သုတ် ချင်ကြပါတယ်။ အဆောက်အအုံ အမြင်လှချင်လို့။ ဘာလို့၊ ညာလို့ ပေါ့။ ဒီလို ဆေးသုတ်တာ က နေရာဒေသ တော်တော်များများ မှာ တရားမဝင်ပါဘူး။ ဘာလို့လဲ ဆိုတော့ Body Color က ရေအား ဘယ်လောက်ရှိသလဲ ဆိုတာ ကို ဖော်ပြပြီး Houston Area မှာ Bonnet (ထိပ်) အရောင်ပေါ် မူတည်ပြီး အောက်က ရေပိုက် အရွယ်အစား (တစ်နည်းအားဖြင့် ရေအား) ဘယ်လောက် ရနိုင်တယ် ဆိုတာ ကို ရည်ညွန်းတာ မို့ ဖြစ်ပါတယ်။
    စာရေးသူ အခု လက်ရှိ နေထိုင်တဲ့ Texas ပြည်နယ် တောင်ပိုင်း မြို့သစ်၊ ရပ်ကွက်သစ်မှာဆိုရင် လည်း အိမ်တွေ မဆောက်ခင်ထဲက Utilities Infrastructures တွေနဲ့ အတူ Public Fire Hydrants တွေ ကို အရင် တပ်ဆင်ထားတာ တွေ့ရပါတယ်။ လုံးချင်း အိမ်တွေ ပဲ ရှိတဲ့ ဒီ ရပ်ကွက်မှာ တပ်ဆင် ထားတဲ့ ပုံကို ဘယ်ဖက်မှာ ဖော်ပြထားပါတယ်။
    လမ်းလယ် က အပြာရောင် ရောင်ပြန်တုံးလေး ကို လည်း သတိမူမိမယ် ထင်ပါတယ်။ ဒီပုံထဲ က Public Fire Hydrants တွေ ကို အဓိပ္ပါယ် ဖွင့်ရရင်။
    Light Blue = Type AA – above 1500 gpm
    White Bonnett = Connected to 16" Public Water Main Below (Houston Codes)
    အရေးပေါ် အခြေအနေ မှာ မီးသတ်ကား အလွယ်တကူ ရပ်ဘို့ သီးသန့် အနီကြောင်း တားထားပြီး ကားမရပ်ရ နယ်မြေ အဖြစ် သတ်မှတ် ထားတတ်ပါတယ်။ (မီးသတ်ကား ရပ်နိုင်ဘို့ပါ)။ တားတား၊ မတားတား အများအားဖြင့် Hydrants ရဲ့ လမ်းဘက်ခြမ်း ၁၅ ပေ အတွင်းဧရိယာ က မီးသတ်ကားမဟုတ်တဲ့ ဘယ်ကားမဆို ကားမရပ်ရ နယ်မြေပါ။ ကားသွားရပ် မိရင် Ticket ဒါဏ်ကြေးလည်း အင်မတန် ကြီးပါတယ်။
    Hydrant နား ကားရပ်တော့ဘာဖြစ်လဲ။ ကံကောင်းရင် Normal Ticket (ငွေကုန်). ကံမကောင်း လို့ မီးလောင်တာနဲ့ ကြုံလို့ ဒီလို အခြေအနေမျိုး ဖြစ်လာရင် ဒါဏ်ကြေးကြီးလည်း ပေးရ၊ ကားမှန်တွေ လည်း အခွဲခံရ၊ လူလည်း ရစရာ မရှိအောင် အပြောခံ ရပါလိမ့်အုံးမယ်။….
    ဗီဒီယို : YouTube - Parked by hydrant? BMW = Break My Window
    Fire Hydrants အတွေ့များတဲ့ အမှားတွေ ကတော့ စနစ်မကျတာ (နိမ့်လွန်းတာ၊ မြင့်လွန်းတာ၊ ပိုက်ခေါင်းက သုံးလို့မရတဲ့၊ သုံးရခက်တဲ့ ဘက်လှည့်နေတာ)၊ အလွယ်တကူ မြင်ကွင်း က ပျောက်နေတာ (အပင် သို့ တစ်ခုခု တွေနဲ့ ဖုံးကွယ်နေတာ) တွေဖြစ်ပါတယ်။ ပိုက်ခေါင်းတွေ ပွင့်ပြီး အမှိုက်တွေ၊ သံဗူးခွံတွေ ဆို့နေတာ စတဲ့ လူတွေရဲ့ဖျက်ဆီးမှုကို လည်း သတိပြုရပါမယ်။
    အမြဲတမ်း အဆင်သင့် ဖြစ်နေအောင် ထိန်းသိမ်းဘို့ နဲ့ လိုအပ်တဲ့ ရေအား ပမာဏ ရ၊ မရ၊ စစ်ဆေးဘို့ အတွက် တရားဝင် ခွင့်ပြုချက် ရှိတဲ့ သူတွေ ပဲ ဖွင့်ခွင့် ပိတ်ခွင့် ရှိတဲ့ Valve တွေ ပါဝင်ပါတယ်။ အရေးပေါ် အခြေအနေ မှာ မီးကို အချိန်မီ ထိန်းနိုင်ဘို့ အတွက် Fire-Flow Requrements လို့ ခေါ်တဲ့ ရေအားလိုအပ်ချက် က အခြေခံ ဖြစ်ပြီး အလွန် အရေးပါ ပါတယ်။ Adequate Flow and Pressure: လုံလောက်တဲ့ ရေအား ကို လိုအပ်တဲ့ ရေဖိအား၊ ပြင်းအား နဲ့ အမြဲတမ်း (အချိန်မရွေး) အဆင်သင့် ရနေနိုင်ဘို့ လိုအပ်ပါတယ်။
    Fire Hydrant တစ်ခု၏ ရေအား ကို စစ်ဆေးနေပုံ။
    တစ်ဆင့်ချင်း ကြည့်ချင်ရင် http://www.firehydrant.org/info/ftest3.html NFPA 291 မှာ Flow Test & Residual Pressure တိုင်းတာ စစ်ဆေးတဲ့ နည်း စနစ် ကို သတ်မှတ် ပေးထားပါတယ်။ (မှတ်ချက်။ ။ စကာင်္ပူ မှာ စစ်တဲ့ နည်းနဲ့ အနည်းငယ် ကွဲပြားပါတယ်။ ရလဒ် က တော့ အတူတူပဲ ဖြစ်မှာပါ။)
    အချို့ ပရောဂျက် အသစ်တွေ (ဥပမာ၊ ဈေးသစ်၊ အိမ်ယာစီမံကိန်း) တွေ မှာ Fire Hydrants လိုအပ်ချက် တွေ ကို အမှတ်တမဲ့ ဖြစ်နေတတ် ကြပါတယ်။ အချို့နေရာ တွေ မှာ Water Mains က အရမ်းသေးနေတာ၊ (သို့) Fire Hydrants အကွာအဝေး နေရာ ချထားမှု ညံ့ဖျဉ်းတာ၊ အားနည်းတာ တွေ ကြောင့် မီးသတ်ရာ မှာ လိုအပ်တဲ့ ရေပမာဏ မရနိုင်တာမို့ အခက်အခဲ ကြီးကြီးမားမား ကြုံတွေ့ ရလေ့ရှိပါတယ်။ မီးသတ်ကား တွေ အလွယ်တကူ ဝင်လို့ ရတဲ့ နေရာလည်း ဖြစ်ဘို့ လိုအပ်ပါတယ်။
    ကားတွေ အရမ်းရှုပ်တဲ့ လမ်းမကြီး တွေ မှာ ဆိုရင် လမ်းနှစ်ဘက်လုံး မှာရှိနေဘို့ လိုအပ်နိုင်ပါတယ်။
    ဒီ Fire Hydrant မှာ သင့်တော်တဲ့ ရေဖိအား ရအောင် Pressurized လုပ်ထား ရတာကြောင့်လည်း ရုပ်ရှင်တွေ ထဲ မှာ ကားတိုက်မှု ပဲဖြစ်ဖြစ်၊ လမ်းပေါ်ကို လေယာဉ်ပဲ ထိုးကျကျ၊ Hulk လို၊ ဂေါ်ဇီလာ လို အကောင်ကြီးတွေ ပဲ သောင်းကျန်း သောင်းကျန်း ထိခိုက်သွားတဲ့ Fire Hydrant ကရေတွေ မိုးပေါ်ထောင်ပန်း နေတဲ့ မြင်ကွင်းတွေ ကို ရုပ်ရှင် ဒါရိုက်တာတွေ ယုတ္တိရှိရှိ ကူးယူ ဖန်တီး ရိုက်ကူးနေကြ တာဖြစ်ပါတယ်။ Fire Hydrant တစ်ခု ပေါက်ပြီး ရေပန်းထွက် နေပုံ။ ဒီလို ပိုက်ပေါက်ပြီး ရေပန်းထွက် နေမယ် ဆိုရင် တာဝန်သိ ပြည်သူ တစ်ဦး အနေနဲ့ သက်ဆိုင်ရာ ကို ဖုန်းဆက် သတင်းပို့ ပေးရပါမယ်။
    ဒါကေတာ့ စကာၤပူ က ပံု ပါ။
    အပြင်မှာ တွေ့ရတဲ့ လက်တွေ့ အခြေအနေ တစ်ခု ကို ကြည့်နိုင်ဘို့ အောက်မှာ Link တွေ ပေးထားပါတယ်။

    ... Back to Top (Contents)....
  5. Private Fire Hydrants
  6. Building Design Architects & Engineers, Fire Protection Engineers တွေ အနေ နဲ့ မီးသတ်စနစ် တွေ အတွက် ရေအား လုံလုံလောက်လောက် လက်လှမ်းမီမီ ရနိုင်ဘို့ အတွက် စီမံပြင်ဆင် ရပါတယ်။ Public Fire Hydrants တွေ လိုအပ်တဲ့ သတ်မှတ်ထားတဲ့ အကွာအဝေး အတွင်း မရနိုင်တဲ့ အခါ ကိုယ်ပိုင် အဆောက်အအုံ ခြံဝင်း တွေ ထဲမှာ ထပ်ဆင့် တပ်ဆင် ရရင်တော့ Private Fire Hydrants တွေလို့ ခေါ်ပါတယ်။ သီးသန့် ခြံကျယ်ကျယ် နဲ့ အဆောက်အအုံ အချို့မှာပဲ လိုအပ်နိုင်တာပါ။ NFPA 14 & 24 က ဒီ Site Planning အတွက် မှီငြမ်းဘို့ကောင်းတဲ့ References တွေ ဖြစ်ကြပါတယ်။ (စကာင်္ပူ မှာ ဆိုရင်တော့ SCDF Fire Codes တွေ နဲ့ SS 575 / formerly CP 29)
    အကွာအဝေး ဂဏန်းတွေ က တော့ အခြေအနေ နဲ့ နေရာဒေသ အလိုက်ကွဲပြားနိုင်ပါတယ်။ Private Hydrant တစ်ခုနဲ့ တစ်ခု အများဆုံး အကွာအဝေး သတ်မှတ်ချက် အနေနဲ့ ကတော့ စကာင်္ပူ နိုင်ငံ မှာအကြမ်းအားဖြင့် 100m ဖြစ်ပြီး စက်ရုံတွေအတွက် 90m ၊ မလေးရှား နိုင်ငံ ကတော့ 90m ဖြစ်ပါတယ်။ Internation Fire Code အရ ဆိုရင်တော့ လိုအပ်တဲ့ Fire-Flow Requirement ပေါ်မူတည်ပြီး လိုအပ်ချက် က 200 ft - 500 ft (60 - 150m) ဖြစ်ပါတယ်။ ရေအားများများ လိုလေ စိတ်စိတ် ထားရလေပါ။ စက်ရုံ (သို့) အန္တရာယ် ရှိတဲ့ ဂိုထောင်တွေ မဟုတ်ရင် အကြမ်းအားဖြင့် ပေ ၃၀၀ ပါ။ ဒေသ အလိုက် Authority ရဲ့သတ်မှတ်ချက် တွေကို ဆန်းစစ် လိုက်နာရမှာ ဖြစ်ပါတယ်။
    အများအားဖြင့် တော့ စည်ပင်ရေအား က လုံလောက်လေ့ ရှိတာမို့ ရေကန်တွေ ရေပန့် တွေ မလိုအပ်ပဲ မြေအောက်ရေပိုက် တွေ ကို ထပ်ဆင့် ဆက်သွယ် တပ်ဆင် ရယုံပါပဲ။ လိုအပ်တဲ့ ရေအား မရ နိုင်ရင် တော့ ရေလှောင်ကန် တွေ ရေပန့်တွေ နဲ့ control systems တွေ ကိုပါတပ်ဆင် ပေးရတော့မှာ ဖြစ်ပါတယ်။ ဒီ ရေကန်၊ ရေပန့် လိုအပ်ချက် စက်ရုံတွေ၊ မဟာဈေးတွေ၊ ဟိုတယ်ကြီးတွေ နဲ့ အထပ်မြင့် သီးသန့်ခြံကျယ် ရှိတဲ့ ကွန်ဒို၊ apartment တွေ မှာ တပ်ဆင် ရတာ ယုတ္တိတန်ပေမဲ့၊ လူနေရပ်ကွက် နဲ့ လမ်းမ၊ လမ်းသွယ် နဲ့ ကပ်ရက် အိမ်ယာ တွေ၊ လုံးချင်းအိမ် တွေ အတွက် တပ်ဆင်ဘို့ ကတော့ အခက်အခဲ ရှိပါတယ်။
    မီးလောင်တဲ့ အခါ လွတ်လွတ်ကင်းကင်း မီးသတ်ခွင့် ရနိုင်ဘို့ အတွက် အဆောက်အအုံ နဲ့ မနီးကပ်လွန်းတဲ့ အနည်းဆုံး အကွာအဝေး တစ်ခု [ ဥပမာ။ NFPA: ပေ ၄၀ (22.2m) ။ မလေးရှား၊ စကာင်္ပူ 6m (ပေ ၂၀ ခန့်) ] လိုအပ်လေ့ ရှိပါတယ်။ ဒါက မီးသတ်တဲ့ အခါ မီးအရှိန် ကြောင့် အနှောင့်အယှက် မဖြစ်စေဘို့ ပါ။
    စာရေးသူ ကိုယ်တိုင် လည်း မလေးရှား နဲ့ စကာင်္ပူ မှာ သီးသန့် Private Fire Hydrants Systems လိုအပ်တဲ့ Projects လေးငါး ဆယ်ခု လောက်မှာ အစိတ်အပိုင်း တစ်ခု အဖြစ် ဒီဇိုင်း က အစ မြေအောက် ပိုက်ဆင်၊ စစ်ဆေးတာ အဆုံး အတွေ့အကြုံ အတော်အတန် ရခဲ့ပါတယ်။ စကာင်္ပူ မှာ က Codes (အရင် CP 48 & CP 29) တွေအဆင်သင့် ရှိတာ မို့ သိပ်ခက်ခဲ လှတာတော့ မဟုတ်ပါဘူး။
    KL မှာ 1998 လောက်တုန်း က KLCC Mandarin Oriental မှာ Fire Hydrant တွေ ကို စစ်တော့ အတူ ပိုင်ရှင်ဘက် က အင်္ဂလိပ် အင်ဂျင်နီယာ တစ်ယောက် က ဒီလို မှတ်ချက်ချပါတယ်။ " ငါ ရှုးပေါက် သလောက် တောင် မထွက် ပါလားဟ။ " စာရေးသူ ကတော့ Drawing အတိုင်း ကြည့်တာ က လွဲလို့ သူပြောတဲ့ အဓိပ္ပါယ် အဲဒီ အချိန်က သေသေချာချာ မသိခဲ့ ပါဘူး။ စာရေးသူ အင်ဂျင်နီယာ ပေါက်စ လုပ်ငန်းအတွေ့အကြုံ နှစ်နှစ် ရှိတဲ့ အချိန်မှာ တောင် ဘာကြောင့်လိုအပ်လဲ ဆိုတာ ကို မသိခဲ့တာ က မြန်မာနိုင်ငံ မှာ သာမန် လူတန်းစား Fire Hydrant အရေးကြီးချက် ကို မသိကြတာ အံ့သြစရာ မဟုတ်တော့ပါ။
    စကာင်္ပူ မှာ တပ်ဆင် တဲ့ ပရောဂျက် တွေ ထဲ က အမှတ်ရ တာ အချို့ ကို တင်ပြပေးပါမယ်။
    1. ပရောဂျက် တစ်ခု မှာ အပေါ် က မြေညီထပ်မှာ ပလက်ဖောင်း ပေ မဲ့ မြေအောက်ထပ် ကနေ ကြည့်တဲ့ အခါ ကားပါကင် ဖြစ်နေပါတယ်။ ဆိုလိုတာ က ကားပါကင် အပေါ်က ပိုက် ပြေးရမှာပါ။ Dia 150 / 200 (၆လက်မ၊ ၈လက်မ) လောက်ရှိတဲ့ Cement Lined Ductile Iron Pipe ကို မီးခံ Fire Rated Box Enclosure ထဲထည့်ရတာ ပိုက်တန် ဖိုးထက် များပါတယ်။
    2. Civil / Structure Engineer ဆီက ရတဲ့ မြေကြီးရဲ့ အနေအထား Soil Strength နဲ့ ထည့်ပေးရမဲ့ Pipe Support တွေ ကို ချင့်ချိန်ရပါတယ်။ အများအားဖြင့် အောက်ခံ မြေပျော့လို့ တဖြေးဖြေး မြေမနစ် ရအောင် Pile ထည့်ပေးရတာ လည်း ရှိပါတယ်။ မဒမ ချောင်း Bakau Pile (သို့) ကွန်ကရစ် သင့်တော်ရာ ကို Civil Engineer နဲ့ တိုင်ပင်ပြီး ထည့်ပေးရပါတယ်။
    3. နောက်တစ်ခု က Thrust Blocks ပါ။ Pipe Direction Change တဲ့ နေရာ နဲ့ Tee တွေ မှာ ထည့်ပေးရပါတယ်။
    4. ကားလမ်းအောက်ရောက် တဲ့ အခါ (သို့) ကားလမ်းဖြတ်တဲ့ အခါ အနည်းဆုံး 1m အနက် မှာ မြုတ်ပြီး ဝန်ဒါဏ် ခံနိုင်အောင် လုပ်ရပါတယ်။ CP အရ သင့်တော်တဲ့ အနက် မှာ မြုတ်ထား တာ ခွင့်ပြုပေ မဲ့ Consultant Engineer အများစု က Full Haunch Concrete encasement ဆိုပြီး ကွန်ကရစ် တုံးထပ်လောင်း ပြီး ပိုက်ကို ကာကွယ်ခိုင်းတတ်ကြပါသေးတယ်။ (Singapore Kiasu = အစိုးရိမ်လွန်ခြင်း။) ဘာပဲဖြစ်ဖြစ် ပိုက်အပေါ်မှာ ရှိမဲ့ ဝန် ကို တော့ တွက်ချက် တဲ့ အခါထည့်စဉ်းစား ဘို့ လိုအပ်တာတော့ အမှန်ပါ။
    5. မြောင်းတွေ ဖော်တဲ့ အခါ လိုအပ်တဲ့ အနက် မတိုင်မီ ရပ်ပြီး မြေသိပ်ရပါတယ်။ မထိန်းပဲ တူးရမဲ့ အနက်ထက် ကျော်ရင်တော့ နာပါပြီ။ မြေပြန်သိပ်တာ ကို အင်ဂျင်နီယာ သိရင် လက်ခံ လိမ့်မယ် မထင်ပါနဲ့ မြေကြီးရဲ့ တောင့်ခံအားပြန်ရဘို့ အောက်မှာ ကွန်ကရိလောင်း ပြီး ပြန်ဖြည့်ပေးရပါတယ်။ ဒါကတော့ Trade Secret ပါ။ အတူး မလွန်မိပါစေနဲ့။ ဘောနပ်စ တွေ မြေကြီးထဲ ရောက်သွား နိုင်ပါတယ်။
    6. မြောင်းတွေ ပြန်ဖြည့်တဲ့ အခါ အချို့ အင်ဂျင်နီယာ က သဲဖြူ အပြည့်ပြန်ဖြည့် ခိုင်းတတ်ပါတယ်။ အချို့ က တလွှာ နှစ်လွှာ အတိုင်းအတာ တစ်ခု အထိ သဲဖြူ နဲ့ တူးထားတဲ့ မြေကို အပေါ်က ပြန်ဖြည့်ခွင့်ပေးပါတယ်။ တူးထားတဲ့ မြေပြန်ဖြည့် ခွင့် ရရင် သဲသစ်ဘိုးရော ပိုလျှံမြေစွန့်ပစ်ခ ပါသက်သာပါတယ်။ ဒါကလည်း ကန်ထရိုက် လိုအပ်ချက် ပေါ်မှာ လည်းဆိုင်ပါတယ်။ မြောင်းပြန်ဖြည့်တဲ့ အခါ သတ်မှတ်ထားတဲ့ အလွှာထု တစ်ခု စီ ကို ဖြည့်ပြီး တစ်လွှာ လိုအပ်ချက်အတိုင်း ဖိသိပ်ပြီးမှ နောက်တစ်လွှာ ထပ်ဖြည့်ရပါတယ်။
    7. Testing လုပ်တဲ့ အခါ အရင်တုန်း က CP မှာ သတ်မှတ် ထားတဲ့ အတိုင်း မရရင် တောင် မှ PUB pressure ပဲလေဆိုပြီး လက်ခံခဲ့ပေမဲ့ ခုတော့ CP အသစ်မှာ အနီးစပ်ဆုံး Public Hydrant's Performance နဲ့ နှိုင်းယှဉ် တာ မို့ Hydraulic ကို သေချာတွက်ကြည့်ဘို့ လိုအပ်ပါတယ်။ ပိုက်အရွယ်အစား နဲ့ Looped Supply လုပ်တာက ဒီ လိုအပ်ချက် အတွက် သင့်တော်တဲ့ အဖြေတွေပါ။ အတိမ်အနက် ပြောင်းတာ နဲ့ ထောင့်ချိုး တာတွေမှာ 90 deg Elbow အစား 45 (or) 30 deg ကို သုံးရင် Pressure Drop ရော Thrust Force ပါနည်းစေပါတယ်။
    8. မလေးရှား က ပင်လယ်ကမ်းခြေ နဲ့ နီးတဲ့ ပရောဂျက် တစ်ခု မှာ မြေအောက် ပိုက်တွေ ဆားစား ပျက်စီး ကုန်တာမို့ Corrosion Protection ကို အဓိက စဉ်းစားပေးရပါတယ်။ Patroleum (Denso) Tape နဲ့ လုံလောက်အောင် ထပ်ပတ်ပြီးကာကွယ် တာ က ပိုပြီး ကြာရှည်ခံစေမှာပါ။ အနည်းဆုံး 55% overlap ဆိုရင် နှစ်ထပ် ရပါတယ်။ (စကာင်္ပူ ပရောဂျက် အချို့ မှာလည်း ဒီတိပ်ကို သုံးဘူးပါတယ်။)


    ... Back to Top (Contents)....
  7. မြို့တော် မဟာရန်ကုန် နှင့် Public Fire Hydrants များ
  8. ရန်ကုန်မြို့တော် ရဲ့ Public Fire Hydrants လိုအပ်ချက် နဲ့ အသုံးချနိုင် မချနိုင် ကို ဆွေးနွေးချင်ပါတယ်။ အင်တာနက် က ရှာဖွေတွေ့ ရှိချက် အရ မင်္ဂလာဒုံ စက်မှု ဇုန်မှာ Public Fire Hydrants တွေ ပါဝင်တယ် လို့ ဆိုပါတယ်။ နာဂစ် အပြီး Channel News Asia သတင်းတစ်ခု မှာ လူတွေကို Fire Hydrant တစ်ခု ကနေ ရေဝေ ပေးနေတာ လည်းတွေ့မိပါတယ်။ လူတွေ က ပုံးလေးတွေ၊ ဒန်အိုးလေးတွေ နဲ့ တန်းစီ နေကြတယ်။ ရေဖြည့်ပေးတဲ့ သူ က လည်း ဖြည့်ပေးပေါ့။ ရေက သာမန် တုံကင် က ထွက်သလောက် ပဲ ရှိပါတယ်။ တကယ့်ကို စိတ်မကောင်း စရာပါ။ အရေးပေါ် လိုအပ်ချက် အရ အလွဲသုံးနေတယ် လို့ လည်း အပြစ်မတင် သင့်တဲ့ အခြေအနေ လည်း ဖြစ်ပါတယ်။
    စာရေးသူ အမြင်အရ ကိုလိုနီခေတ် ရဲ့ လက်ကျန် ကောင်းမွေ တွေထဲက မထိန်းသိမ်း နိုင်လို့ (ဝါ) ထိန်းသိမ်းရကောင်း မှန်း မသိလို့ ဆုံးရှုံးရတဲ့ ဆုံးရှုံးမှုတွေ ထဲ တစ်ခု လို့ပဲ မြင်ပါတယ်။
    ဒီ Public Hydrants တွေ လုံလုံလောက်လောက် မရှိတဲ့ အချက် က လည်း အချို့မီးသတ်ကား တွေ ရောက်ရောက်ချင်း ရေမပက် ရဲစေတဲ့ အချက်တွေထဲ ကတစ်ခု ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ စနစ်ဆိုး တစ်ခု ရဲ့ အမွေ အရ လက်ထဲ တစ်ခုခု မထည့်သေးရင် ရေဖြန်းမပေးဘူး ဆိုတဲ့ ကောလဟာလ နဲ့ လူတချို့ရဲ့ အမြင်တွေ ကိုလည်း ပြောင်းလဲဘို့ ခက်နေမလားပဲ။ စာရေးသူ အနေ နဲ့ ရွှေပြည်တော် ပြန်မရောက်တာ ဆယ်စုနှစ် တစ်ခုလောက် ရှိနေပြီ မို့ ပြောင်းလဲမှု တွေ နဲ့ လက်ရှိ အခြေအနေ တွေ ကို သေသေချာချာ မသိနိုင်တာ ရှိပါတယ်။ မြန်မာနိုင်ငံ နဲ့ ပတ်သက်ပြီး အင်တာနက် က နေ လိုက်ရှာတဲ့ အခါ နိုင်ငံတကာ ဖွံ့ဖြိုးရေး ရန်ပုံငွေ တစ်ခု က မန္တလေး မှာ Infrastructure Upgrade လုပ်ဘို့ စာတမ်း မှာ Public Fire Hydrants အခန်း ထည့်သွင်းထားတာ တွေ့ရပါတယ်။
    မိတ်ဆွေ အင်ဂျင်နီယာ တစ်ယောက် ရဲ့ အဆိုအရ ရန်ကုန်မြို့မှာ Fire Hydrants တွေ ရှိတယ်။ သို့သော် နေရာတိုင်း မှာမရှိသေးဘူး၊ ကွက်ကျားပဲရှိတယ်၊ ဖြစ်သလို တပ်ထားတော့ ကားပါကင် နေရာ မှာရော မြေအောက် ကားပါကင်အဆင်း ramp မှာရော တပ်ထားကြတယ်။ မြေနေရာ က ဈေးကြီးတော့ သီးသန့်ခွာပြီး ပေးထားတဲ့ နေရာက နေပြည်တော် လောက်မှာပဲ တွေ့ရတယ်။ ရေကလည်း အမြဲရချင်မှ ရမယ်။ စည်ပင် က မီးလောင်မှ ရေလွှတ်ပေးနိုင်တာလည်း ရှိတယ်လို့ ဆိုပါတယ်။
    ကျနော် ကိုယ်တိုင် လည်း ရန်ကုန် မြို့ ကို ဖြတ်သွားတုန်း Hydrant အချို့ ကို တွေ့မိပါတယ်။ တကယ့်ကို အနည်းစု ပါ။ တော်လှန်ရေးပန်းခြံ နားတစ်ဝိုက် မှာ လည်း အချို့တွေ့မိပါတယ်။ အရွယ်၊ ဆင်တဲ့ပုံ၊ ပုံစံ တစ်မျိုးနဲ့ တစ်မျိုး မတူတာ ကိုလည်း သတိထားမိပါတယ်။ မပြည့်စုံ ယုံ မက Standard သတ်သတ်မှတ်မှတ် မရှိတဲ့ ပုံစံမျိုး လည်း ဖြစ်နေပါတယ်။
    ရန်ကုန် မြို့တော်စည်ပင်က လည်း ပိုက်နဲ့ ရေဝေတဲ့ သောက်သုံးရေ ကိုတောင် လုံလောက်အောင် မပေးနိုင်တာ အတော်ကြာနေပါပြီ။ တိုးတက်လာတဲ့ လူဦးရေ နဲ့ မီအောင် ရေသန့်ပေးဝေတဲ့ စနစ် ထပ်မဖြည့်ဆီးနိုင်ယုံ မက ရှိပြီးသား စနစ် ကို ထိန်းနိုင်ဘို့ လည်း အခက်အခဲ ရှိနေဆဲပုံ တွေ့ရပါတယ်။
    အထပ်မြင့် အဆောက်အဦ တွေ ကို ကိုယ့်ဖာသာ အဝီစိတွင်း တူးသုံး ဆိုတဲ့ အခြေအနေ ကတော့ ရန်ကုန်မြို့ နဲ့ မြို့နေလူထု အတွက် လက်ရှိရော အနာဂါတ် ပါ ကောင်းကျိုး မပေးမဲ့ အင်မတန် ဆိုးဝါးတဲ့ အခြေအနေ တစ်ခုပါ။
    မြို့တော် ရန်ကုန် ရဲ့ Infrastructure တွေ မွန်းမံ ဘို့ ဘယ်လောက် လိုအပ်နေလဲ ဆိုတာကို ပြတဲ့ အချက်တွေ ထဲ က တစ်ချက်ပါ။ မြို့တော် စည်ပင်သာယာ ရဲ့ အဖြေရှာနေပုံ၊ ရေသန့်စက်တွေ နဲ့ အခြားသက်ဆိုင် ရာ အကြောင်းအရာ တွေ၊ သီးသန့် ဆွေးနွေးဘို့ The needs for Infrastructure Upgrade for the City of Yangon မှာ ဆက်လက်ဆွေးနွေး တင်ပြပေးပါမယ်။
    နောက်လိုအပ်ချက် အတိုင်း Fire Hydrants တွေ မရှိခဲ့ ရင်ဖြင့် အခြား ယာယီအဖြေ၊ ရွေးစရာ ဘာတွေ ရှိမလဲ ဝိုင်းစဉ်းစား ကြရအောင်ပါ။ အကောင်းဆုံး အနေအထား မရသေးခင် ယာယီ အဖြေ ဘာတွေ ရှိမလဲ။

    1. ပထမ ရွေးစရာ - ရပ်ကွက် အလိုက် ရေလှောင်ကန် များ ထားရှိပေးခြင်း။ ။
    2. သာမန် လူနေရပ်ကွက် တစ်ခု အတွက် SS 575 အရ ဆိုရင် Residential Group I & II အတွက် Pressure 2 bar, 27 L/s x 45 minutes x 60 s/min = 72,900 Liter (about 20,000 USgal) လောက်လိုအပ်ပါတယ်။ အခြားအုပ်စု တွေ အတွက် Sprinkler Protected ဆိုရင် Fire Compartment ဧရိယာ ပေါ်မူတည်ပြီး 57 L/s အထိလိုအပ်နိုင်ပါတယ်။ Group VI - Factory & Group VIII - Storage အတွက် ဆိုရင် 90 mins ပါ။
      မီးသတ်ကား ကို အချိန်တို အတွင်း ရေတိုက်ရိုက် သွယ်နိုင်တယ် ဆိုရင် အတိုင်းအတာ တစ်ခု အထိ ထိရောက်မှာပါ။ မီးသတ်ကားတွေ ရေစုတ်ဘို့ ပါ အားသုံးရမှာ မို့ ရေအား အပြည့်တော့ မရနိုင်ပါဘူး။ နောက်နေရာ လိုအပ်ချက် ကို လည်း ကြည့်ရပါလိမ့်မယ်။
      မန္တလေး မှာ ဂါလံ သုံးထောင် (၃၀၀၀) မီးသတ်ရေလှောင်ကန် အချို့ တွေ့မိပါတယ်။ (လိုအပ်ချက် နဲ့ ဝေးပေမဲ့ မရှိတာထက် စာ ရင်တော့ အများကြီး တော်ပါသေးတယ်။)မီးသတ်ကား အတွက် သုံးရမှာ မို့ ပေ ၃၀၀ တစ်ကန် ထားဘို့ ဆိုတာ က လည်း သိပ်မလွယ် လှပါဘူး။ ရေကန် မှာ ရေသေဖြစ်နေရင် Pathogens, Bacteria & Algae တွေ မွေးသလို ဖြစ်နေမှာ ကို လည်းဆင်ခြင် ရပါမယ်။ ခြင်တွေ အတွက် မျိုးပွားရာ နေရာ မဖြစ်အောင် လည်း တစ်ခါတည်း စဉ်းစား ထားပေးဘို့ လိုအပ်ပါလိမ့်မယ်။

    3. ဒုတိယရွေးစရာ - မီးသတ်ကား ရေဖြည့် စရာနေရာများ ။ ။
    4. ဒုတိယ အချက် က တော့ မီးသတ်ကား တွေ ကို ကူညီရေဖြည့်ပေးနိုင်တဲ့ နေရာတွေ ထားဘို့ ပါ။ ကျနော် ကျောင်းသားဘဝ က အချို့စက်ရုံတွေ မှာ တွေ့ဘူးတဲ့ ဒီလို ဆိုင်းဘုဒ် တွေသဘောမျိုး ဖြစ်ပါတယ်။
      မီးဘေးအတွက် ရေဂါလံ (မည်မျှ) ကူညီနိုင်ပါသည်။
      ဒီနေရာမှာ လည်း အချိန်ကုန်တာနဲ့၊ ထိရောက်မှု အားနည်းတာ ကို သတိပြုရမှာ ဖြစ်ပါတယ်။
      နောက်တစ်မျိုး က တော့ တတိယ နေရာ မှာ ဖော်ပြထားတဲ့ Dry Hydrants တွေပါ။

    5. တတိယ ရွေးစရာ - Dry Hydrants ။ ။
    6. အင်းယား၊ ကန်တော်ကြီးလို ရေကန်ကြီးတွေ အနားမှာ Dry Hydrant တွေ တပ်ဆင်ဘို့ ပါ။ Dry Hydrant ဆိုတာ က ရေကန်ထဲ က ရေနဲ့ ဆက်ထားတဲ့ ရေပိုက်ခေါင်း ပါ။ ရေကန်ထဲ အထိ ပိုက်ချဘို့ မလိုပဲ လမ်းဘေးကနေ အသင့်စုတ်ယူနိုင်အောင်ပါ။ ကန်ဘေးနား က အဆောက်အအုံ တွေ အတွက် အကျိုးရှိ၊ ထိရောက်မှာ ဖြစ်ပါတယ်။ ရေမျက်နှာပြင် က နေ ပိုက်အထိ အမြင့်ကွာခြားမှု Negative Suction Head သိပ်မများဘို့ တော့ သတိထားရပါမယ်။ ( Due to Possibility of Cavitation and Uncertainties of Priming ) ။ ၁၀ ပေ အတွင်း ဆိုရင်တော့ သိပ်မဆိုး ပါဘူး။ ပေ ၂၀ ထက်တော့် မများပါစေနဲ့။ သုံးမဲ့မီးသတ်ကားတွေ ရဲ့ NPSH (Net Positive Suction Head) required လိုအပ်ချက် နဲ့ ရေအမြင့်၊ ပိုက်အရွယ်အစား၊ ရေအားတွေ က နေတွက်ချက် လို့ ရတဲ့ NPSH available နှစ်ခု ယှဉ်ြ့ပီး ခန့်မှန်းဘို့ လိုပါမယ်။
      မှတ်ချက်။ ။ဒီ နေရာမှာ လည်း Public Fire Hydrans က သူ့ထက် အဆပေါင်း များစွာ ထိရောက်မှု ရှိတာမို့ ဒါကလည်း ယာယီ အဖြေ နဲ့ Public Fire Hydrans တွေ ရှိလာတဲ့ အခါ ဒုတိယ ရွေးစရာ တစ်ခု အနေပဲ ဖြစ်သင့်ပါတယ်။
      ဒီကန်တွေ ကို Water Reservoir အနေနဲ့ သုံးပြီး သောက်သုံးရေ အရည်အသွေး မီ Water Treatment Plant & Municipal Water Distribution Networks တွေထားလို့ ရနိုင်ပါတယ်။ ဒါဆိုရင် တော့ Public Hydrants တွေ ထည့်သွင်း ပေးနိုင်မယ်ထင်ပါတယ်။

    7. စတုတ္ထရွေးစရာ - Fire Tankers ။ ။

    8. ရေသက်သက်ပဲ သယ်ပို့ နိုင်တဲ့ ကားတွေ ပါ။ ရန်ကုန် မှာ ဒီစနစ် ကို အားထားနေတာ တွေ့ရပါတယ်။ ဒါလည်း တစ်စီး ကို မှ ဂါလံ ထောင့်ငါးရာ ( 1500 US gal ) လောက်ပဲ ဆန့်တာ မို့ သိပ်အလုပ်တွင် မှာ မဟုတ်ပြန်ပါဘူး။
      အသွားအပြန် ရေဖြည့်ပြိး တိုက်ရိုက်သုံးလို့ ရတာလည်း မဟုတ်ပြန် တာ မို့ မီးသတ်အင်ဂျင် နဲ့ ဆက်ဘို့ ဖြုတ်တာ တတ်တာ လုပ်ရတဲ့ အချိန်တွေ ကို လည်း မီးက စောင့်နေမှာ မဟုတ်ပါဘူး။ သူ့သဘာဝ အရ ရေမနိုင် သေးခင် လောင်ခွင့်ရသလောက် လောင်မြဲတိုင်း လောင်နေမှာပါ။

    9. ပဉ္စမ ရွေးစရာ - မြစ်ရေ၊ ချောင်းရေ။ ။
    10. ရေထဲမှာ ချီကာဂို မြို့က မီးသတ်သဘောင်္ လို ရေယာဉ် တွေ အသုံးချ လို့ ရပါတယ်။
      ပန်းလှိုင်မြစ်၊ ရန်ကုန်မြစ် စသည်ဖြင့် မြစ်ကြီးတွေ ရှိနေတာ ကို အသုံးချ နိုင်ပါတယ်။ အားနည်းချက် က ရေတွေ က ရေငံစပ် ဖြစ်ပြီး အနည်နဲ့ သန့်ရှင်းမှု အားနည်းတာပါ။ မီးသတ် ကားတွေ ရေငံစားပြီး ရေရှည်မခံ နိုင်မှာ ကိုလည်း စဉ်းစားရပါမယ်။
      Dry Hydrant သုံးဘို့ ကတော့ အခက်အခဲ ရှိပါလိမ့်မယ်။ ရေမျက်နှာပြင် နဲ့ မီးသတ် အင်ဂျင် အမြင့် သိပ်ကွာနေရင် Negative Suction Head အရမ်းများတာ မို့ လုံးဝ ရေစုတ်လို့ ရမှာ မဟုတ်ပါဘူး။ ရေတက်၊ ရေကျ က လည်း ရှိသေးတာ မို့ အခက်အခဲ တချို့ ရှိနိုင် ပါသေးတယ်။


    ... Back to Top (Contents)....
  9. မြို့တော် မဟာရန်ကုန် နှင့် Public Infrastructure
  10. အပေါ်မှာ သုံးသပ်ခဲ့တဲ့ အချက်တွေ ကို ခြုံပြီး ပြန်စဉ်းစားကြည့်မယ် ဆိုရင် အခြေခံ လိုအပ်ချက် ဖြစ်တဲ့ Water Districts တွေ သတ်မှတ်ပြီး စည်ပင်ရဲ့ Municipal Infrastructure တွေကို မွမ်းမံတာ က ရေရှည် အတွက် အဖြေလို့ စာရေးသူ အနေ နဲ့ မြင်ပါတယ်။ Infrastructure Upgrade မှာ Benefit-Cost Ratio နဲ့ ရင်းနှီးမြုပ်နှံ ရမဲ့ ငွေပမာဏ နဲ့ ရလာမဲ့ အကျိုးရလဒ် ဆန်းစစ်တာ၊ ဖြစ်နိုင်ချေ နဲ့ အခက်အခဲ တွေ ကို လည်း ဆန်းစစ်ဘို့ လိုပါလိမ့်မယ်။ စာဖတ်သူ အမြင် ကို အောက်မှာ မှတ်ချက်ပေးခဲ့ နိုင်ပါတယ်။ (ဒီအချက် ကို လည်း The needs for Infrastructure Upgrade for the City of Yangon မှာ ဆက်လက်ဆွေးနွေး ပါမယ်။)
    Water Supply Networks နဲ့ အတူ အခြား Utilities တွေ ဖြစ်တဲ့ ရေ၊ မိလ္လာ၊ မိုးရေ၊ ဂက်စ ဓာတ်ငွေ့၊ လျှပ်စစ်၊ ဆက်သွယ်ရေး စနစ်တွေ (တယ်လီဖုန်း၊ ကေဘယ်) တွေ ကို သေချာ Coordinate လုပ် စည်းကမ်းသတ်မှတ်၊ စီမံကိန်းချ ပြီးမှ Infrastructure Add/Alter/Upgrade/Modification လုပ်ရမှာ ပါ။ အကောင်အထည် ဖော်နိုင်ဘို့ အတွက် လုပ်ငန်း တကယ် ကျွမ်းကျင် တဲ့ ကန်ထရိုက်တာ ရဘို့ ကလည်း အခက်အခဲ ရှိအုံးမှာပါ။ For Design & Construction အတွက် နိုင်ငံတကာ အကူအညီ နဲ့ ကျွမ်းကျင်တဲ့ နိုင်ငံခြား ကုမ္ပဏီ တွေ ပါဝင်ဘို့ လိုအပ်ပါတယ်။ နိုင်ငံခြား ကုမ္ပဏီ တွေ ဖက်စပ် အနေနဲ့ဝင် လာဘို့ လိုလိမ့်မယ် ထင်ပါတယ်။ ( စိနတိုင်း က ကံရာဇာငယ် ကုမ္ပဏီ တွေ မပါစေချင်ပါ။)
    Water Demand Estimates, Booster Pump Capacities, Pipe Stress & Surge Analysis and Pipe Laying Practices တွေ အတွက် လည်း နည်းပညာ နားလည်တဲ့ အင်ဂျင်နီယာတွေ တော်တော်များများ ရှိပါလိမ့်မယ်။ Contamination Control ကလည်း သတ်မှတ်ချက်တွေ ရှီပြီးသား မို့ နည်းပညာ ပိုင်း က အရမ်းရှုတ်ထွေးတာ မဟုတ်ပါဘူး။ နောက် အင်တာနက် ခေတ်မို့ နိုင်ငံတကာ မြို့တော်တွေ က လုပ်ဆောင်ချက် တွေ ကို လည်း လေ့လာနိုင်ပါတယ်။ (များလွန်းတော့ လည်း ဇဝေဇဝါ ဖြစ်နေ ရင် မရွေ့နိုင်ပဲ တစ်နေတတ်ပါတယ်။ အတွေ့အကြုံ ရှိတဲ့ သူတွေပါမှ ရွေ့မှာပါ။)
    ရေဝေတဲ့ စနစ်မှာ နိုင်ငံတကာ နဲ့ WHO သောက်သုံးရေ အဆင့်အတန်း ဖြစ်ရပါမယ်။ ဒါက အနည်းဆုံး လိုအပ်ချက်ပါ။ လက်ရှိအခြေအနေ မှာ မြို့တော်စည်ပင် အနေနဲ့ (သောက်သုံးရေ) ဆိုတဲ့ စကားလုံး အစား (သုံးရေ) ဆိုတဲ့ စကားလုံး လေးပြောင်းပြီး နဲ့ အဆင့်မမီ၊ သောက်လို့ မရတဲ့ ရေ တွေ ကို (အခြေအနေအရ) ပေးဝေနေရတာ ဖြစ်ကောင်းဖြစ်ပေမဲ့ ဒီအခြေအနေ က ရေရှည်အချိန်ဆွဲ ထားရမဲ့ ကိစ္စ မဟုတ်ပါဘူး။
    မြို့တွေမှာ ရှိတဲ့ Water Supply Networks & Hydrants Location ကို Geographical Information System (GIS) သုံး သိမ်းဆည်းထားပြီး ဒစ်ဂျစ်တယ် မြေပုံ နဲ့ ပေါင်းစပ် မီးသတ်ဌာန တည်နေရာ၊ ဇုန် နယ်ပယ် တွေလည်း ပါဝင်ပြီး မီးသတ်တပ်ဖွဲ့ တွေ အရေးပေါ်အခြေအနေ ကို Computer Program, Digital Devices & GPS Technology တွေသုံးပြီး တွက်ချက် လျင်လျင်မြန်မြန် တုန့်ပြန်နိုင်ဘို့ အတွက် အသုံးချနိုင်ပါတယ်။ (ကုလ အစီအစဉ် နဲ့ မြန်မာပြည် မှာလည်း GIS လုပ်နေတယ် လို့ တော့ ကြားမိပါတယ်။ အသေးစိတ် သိတဲ့သူများ ရှိရင်။… )
    US က မြို့တွေ မှာ စည်ပင်သာယာ လိုအပ်ချက် တွေ Municipal Codes ကို Public Documents တွေ အနေ နဲ့ လေ့လာလို့ရပါတယ်။ အင်တာနက် မှာ လည်း ရှိလေ့ရှိပါတယ်။
    ရေပိုက်နဲ့ တိုက်ရိုက်သွယ်နိုင်တဲ့ အကွာအဝေး အတွင်း မဟုတ်ရင် အကျိုး သိပ်မရှိတာ ကို အပေါ်မှာ ရှင်းပြခဲ့ပါတယ်။ လိုအပ်တဲ့ ရေအား Flow & Pressure မပေးနိုင်ရင် မီးသတ်အင်ဂျင် က ထုတ်ပေးမဲ့ ရေအားလည်း လျော့ကျ သွားပါလိမ့်မယ်။ ဒါကြောင့် မီးသတ်ကား လာရပ်မှ ရေဖြည့်ပေးနိုင်တဲ့ စနစ်ထက် အဆပေါင်း များစွာ အကျိုးရှိ ထိရောက်တာ ကို သတိမူစေချင်ပါတယ်။ Something is better than nothing ဆိုတဲ့ အပေးအယူ နဲ့ လိုအပ်ချက် မပြည့်ခင် အထိ တော့ သီးခံစောင့်ကြရအုံးမှာပါ။
    Sprinkler Systems တွေ ပါဝင်တဲ့ အဆောက်အအုံ တွေ မှာ မီးသတ်စနစ် အတွက် လိုအပ်တဲ့ ရေလှောင်ကန်၊ ရေပန့် တွေ ပါလေ့ရှိတာမို့ Pressurized Private Hydrants Systems ထပ်ထည့်ဘို့ ဝန်မကြီး လှပေမဲ့ အဆောက်အအုံ အသေးတွေ၊ မြို့လယ်တိုက်ခန်း တွေ မှာ လိုက်ပြီး ရေကန်၊ ရေပန့်တွေ ထည့်ဘို့က အကုန်အကျ များပါလိမ့်မယ်။ ခြုံပြီး သုံးသပ်ရမယ် ဆိုရင် အောက်မှာ ဖော်ပြထားတဲ့ အဆောက်အအုံ တွေ အတွက် Private Hydrants Systems တွေ ပါဝင်သင့်တယ် လို့ မြင်ပါတယ်။
    1. စက်မှု ဇုန်များ နှင့် စက်ရုံများ။
    2. မြို့တော် ဈေးများ၊ (မင်္ဂလာဈေး၊သိမ်ကြီးဈေး)
    3. စူပါမားကက် ကုန်တိုက်
    4. ကုန်လှောင် ဂိုထောင် များ
    5. ဝန်းကျယ်ကျယ်၊ (အကြမ်းအားဖြင့် ခြံဝင်းပတ်လည် အတိုင်းအတာ ပေ 1,200, ပျမ်းမျှ 300 ft x 300 ft) အထက် သီးသန့် ခြံဝင်း ထဲမှာ ဆောက်မဲ့ စက်ရုံ (သို့) ကွန်ဒို၊ ဟိုတယ်ကြီးများ၊ အထပ်မြင့် အိမ်ယာများ

    လိုအပ်တဲ့ ရေအား၊ အရေအတွက်၊ အကွာအဝေး တွေ အပြင် သတ်မှတ်တဲ့ ရေအား နဲ့ သင့်တော်တဲ့ ပိုက်အရွယ်အစား၊ ခံနိုင်ရည်ရှိတဲ့ ပိုက်အမျိုးအစားတွေ ကို လည်းထည့်သွင်း စဉ်းစားပေးရမှာ ဖြစ်ပါတယ်။ Corrosion Protection: မြေအောင်ပိုက်တွေ ရေရှည်ခံနိုင်ရည် ရှိအောင်၊ တော်ရုံနဲ့ ဆွေးမြေ့ပျက်စီး သွားခြင်း မရှိရအောင် စီမံဘို့ လည်း အရေးကြီးပါတယ်။ Ductile Iron Pipe လို ကတ္တရာ အလွှာပါပြီးသား ရေရှည်ခံနိုင်တဲ့ ပိုက်မျိုး တောင် ရန်ကုန်လို ရေငံစပ် မြေမှာ မြေအောက်ပိုက်တွေ ရေရှည်ခံနိုင်မှာ မဟုတ်ပါဘူး။ Patroleum Tape လို့ခေါ်တဲ့ တိပ်မဲ အထူတွေ နဲ့ အရစ်ရစ်ပတ်ပြီး ကာကွယ်တာ က ထပ်ဆင့်လိုအပ်ချက် ဖြစ်ပါလိမ့်မယ်။ နောက် Cathodic Protection လို့ ခေါ်တဲ့ စနစ်တွေ လည်း လိုအပ်လာ နိုင်ပါတယ်။ နောက်တစ်ခု က မြေကျွံ (သို့) မြေနစ် တာ ကို ကာကွယ်ဘို့ပါ။ မြေအောက် ပိုက်မြှုတ် ဘို့ လိုအပ်ချက် တွေ ကတော့ NFPA 24 & Piping Standards လို စနစ်တွေ ကိုမှီငြမ်းရပါမယ်။
    အဲ စိနတိုင်းထုတ် ချိုင်းနားမိဒ် ခေါ် မိဒ်(အင်) ချိုင်းနား ဖော် မြန်တင့် ပိုက်တွေ က တော့ စေတနာ မပါပဲ ဈေးချိုချို နဲ့ အရည်အသွေး မရှိတာတွေ မို့ တိုင်းပြည်နဲ့ လူမျိုး ကို နစ်နာစေမှာပါ။ ချည်းနားမိဒ် ပိုက်တွေ ရဲ့ အရည်အသွေး ကို မယုံမိဘို့ လိုအပ်ပါတယ်။ သေချာပြန်စစ် မဲ့ ဓာတ်ခွဲခန်းတွေ မရှိခင် မသုံးတာ အကောင်းဆုံးပါပဲ။ သူတို့ ဆီမှာ စစ်ထားတယ် ဆိုတဲ့ စာရွက်တွေ ပါရင်လည်း မယုံမိဘို့ လိုပါမယ်။ (လာဘ်ယူ ပြီး ဝယ်မဲ့ အဝယ်တော် တွေ ကို လည်း သန့်ပစ်ဘို့ လိုပါမယ်။)
    ပိုက်ဘိုးသက်သာ တယ်ဆိုပေမဲ့ လူအား၊ စက်အား အချိန်တွေ သုံးပြီးရင်းနှီး ရမဲ့ ကိစ္စပါ အချို့ပြည်တွင်းသုံး ဂက်စ်ပိုက်လိုင်းတွေ မှာ ချည်းနားမိဒ် ပိုက်တွေကို သုံးတဲ့ အတွက် အနှစ်လေးငါးဆယ် ခံရမဲ့ နေရာ ဆယ်နှစ်တောင် မခံ ဘူးလို့ သိရပါတယ်။ ဒီချည်းနားပြည်ဖြစ် တွေ ကြောင့် မြန်တင့် တို့ တိုင်းပြည် လည်း နစ်နာလှပါပြီ။
    အဲ.. အခြားနိုင်ငံ တွေ ကို ပို့တာ တွေ က တော့ အကောင်းစားတွေ ဗျ။
    နောက်တစ်ခု က လူတွေ အသိပညာ ပေး နိုင်ဘို့ပါ။ ဘာအကြောင်း နဲ့ မှ Fire Hydrants တွေကို အလွဲသုံးလို့ မရဘူး။ မီးရေး အတွက်ပဲ သုံးရမယ်။ ဖြုတ်ခိုးရင် အင်မတန် ပြင်းထန်တဲ့ ပြစ်မှုဖြစ်မယ်။ ဖျက်ဆီးရင်၊ အလွဲသုံးရင်၊ ရေသွားဖွင့်ရင် အမှန်တကယ် အရေးယူခံရမယ် ဆိုတာသိနေကြဘို့ လိုအပ်ပါတယ်။ ဥပမာ - သင်္ကြန်မှာ ရေဆော့ဘို့ သုံးတာ ကို လုံးဝ လက်ခံဘို့ မဖြစ်ပါဘူး။ ဒီလို အကာအကွယ်ပေးတဲ့ ဥပဒေ တွေ လိုအပ် ပါတယ်။
    အချို့နိုင်ငံ တွေ မှာ ဒီမိုကရေစီ အော်နေပေမဲ့ မီးသတ်ကား လို ကားမျိုး ကို အဓိကရုန်း လူခွဲတဲ့ နေရာမှာ သုံးပါတယ်။ ခိုးဆိုးလုယက် သောင်းကျန်းနေတဲ့ အခြေအနေ ကို မဆိုလို ပဲ ကောင်းကောင်းမွန်မွန် နဲ့ ဆန္ဒ ထုတ်ဖော်တဲ့ သူတွေ ကို Water Canon သုံး လူစုခွဲ မယ် ဆိုရင် စာရေးသူ အနေနဲ့ ဒါကို လည်း အလွဲသုံးတာ လို့ပဲ မြင်ပါတယ်။ ဒီလို အလွဲသုံးတဲ့ အခါ ဘယ်လိုပဲ ဥပဒေ နဲ့ ကာကွယ်ကာကွယ်၊ လူတွေ မုန်းတီးရွံရှာ တဲ့ Fire Hydrants တွေ ဖြစ်ကုန်ပါလိမ့်မယ်။ ဒေါသကြီးတဲ့ သူက ဖျက်ဆီးမယ်။ သီးခံ နိုင်တဲ့ သူကလည်း အဖျက်မခံ ရအောင် ကာကွယ် မှာ မဟုတ်တာ မို့ ပြည်သူပိုင် ပစ္စည်း ကို အာဏာပိုင် တစ်စု အတွက် အလွဲသုံးစား လုပ်တဲ့ လူတွေ ကြောင့် မပျက်စီး စေဘို့ မီးသတ်တပ်ဖွဲ့ဝင် တွေ သတိ ရှိစေချင်ပါတယ်။ ထို့အတူ မီးသတ်တပ်ဖွဲ့ ဆိုတာ လည်း ဒီလို တလွဲ နေရာတွေ မှာ ပါနေရင် လူတွေ ကို ကာကွယ် စောင့်ရှောက်တဲ့ အဖွဲ့ အနေ နဲ့ မြင်တော့ မှာ မဟုတ်တော့မဲ့ အရေးက ဝမ်းနည်းစရာ ဖြစ်ပါတယ်။
    မြန်မာ နိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် သွားနေတဲ့ အချိန် မှာ မီးသတ်တပ်ဖွဲ့တွေ ပြည်သူလူထု မေတ္တာ ရှိမဲ့၊ လူထုလည်း အကျိုးရှိမဲ့ အရောင်မရှိတဲ့ ပရဟိတ အဖွဲ့အစည်း တစ်ခု အဖြစ် အမြဲရှိနေစေဘို့ ဆန္ဒပြုပါတယ်။
    မည်သူမဆို ပွင့်ပွင့်လင်းလင်း ဝင်ရောက် ဆွေးနွေး နိုင်ပါတယ်။ အကြောင်းအရာ နဲ့ တိုက်ရိုက် ပတ်သက်တာကို ပဲ ဆွေးနွေး စေလိုပါတယ်။ အပြုသဘောဆောင်ဘို့ နဲ့၊ အပြန်အလှန် လေးစားမှု ရှိကြဘို့ လည်း အဆိုပြု ပါတယ်။

Read More... [ အကျယ် ဖတ်ရန်... ]

Friday, November 6, 2015

မီးအန္တရာယ် ကာကွယ် ရေး စနစ်များ အကြောင်း မိတ်ဆက် - စကားဦး (နိဒါန်း)

ကျန်ခဲ့တဲ့ ၈ နှစ်ကျော် က ရေးခဲ့တဲ့ စာစုတွေ ကို မီးအန္တရာယ် ကာကွယ် ရေး နစ်တွေ ရဲ့ ပြောင်းလဲ မှု နဲ့ အတွေ့အကြုံသစ် တွေ မူတည်ပြီး ပြန်လည် မွမ်းမံ တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
Download PDF: https://www.dropbox.com/s/50d3afyy1ttt8x0/F000_R02%20Fire%20Protection%20-%20Preface.pdf?dl=0
အဆောက်အအုံ တွေ အတွက် လိုအပ်တဲ့ မီးဘေးကာကွယ်ရေး စနစ် တွေ နဲ့ မီးသတ်စနစ် တွေ အကြောင်း ကို မိတ်ဆက်တဲ့ စာစု ရဲ့ ပထမ ဆုံး စာ စုပါ။ မကြာခင် နောက်စာစု တွေ ကို ဆက်လက်တင် ပေးသွားပါမယ်။

လူတွေ ယဉ်ကျေးမှု ပြောင်းလဲ တိုးတက်လာခြင်း မှာ မီးကို ရှာဖွေတွေ့ရှိခြင်း က အထောက်အပံ့ အများကြီး ပေးခဲ့တာတွေ့ရပါမယ်။ မီးကို စတင် တွေ့ရှိပြီး နောက် လူတွေ မီးကင်စားတတ်လာတယ်၊ နောက်တစ်ဆင့်တက်ပြီး ချက်ပြုတ် စားသောက် တတ်လာတယ်။ အနွေးဓါတ် ရအောင် ဖန်တီး နိုင်လာတယ်။ အလင်းရောင် ရအောင် သုံးတတ်လာတယ်။ ဒါ့အပြင် လူ့ အသုံးအဆောင် လက်နက် ကိရိယာ တွေ တိုးတက် လာအောင်၊ လူနေမှု အဆင့်အတန်း တိုးတက်လာအောင် လူ့သမိုင်း တလျောက် အထောက်အပံ့ ပေးခဲ့ပါတယ်။
အခြားတစ်ဖက် မှာ လည်း မီးက လူမျိုးမရွေး၊ ဘာသာမရွေး မျက်နှာမရွေးပဲ လူတွေ ကို ဒုက္ခပေး ဖျက်ဆီး နိုင်တဲ့ စွမ်းအင် တစ်ခု လည်း ဖြစ်နေပြန်ပါတယ်။ ဒါကြောင့် မြန်မာ တွေ က မီးကို ရန်သူမျိုး ငါးပါးထဲမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ရှေးတုန်းက တော့ တောမီး နဲ့ သဘာဝ မီးတွေ လောက်ပဲ ကြောက်စရာရှိခဲ့ပါတယ်။ ခုခေတ်မှာ ဓါတုပစ္စည်းတွေ၊ လူလုပ်ပစ္စည်းတွေ၊ ရေနံထွက် ပစ္စည်းတွေ စသည်ဖြင့် မီးလောင်တဲ့ အခါ ဘေးထွက်ဆိုးကျိုးပေးနိုင်တာတွေ က ပိုပြီး ကြောက်စရာ ကောင်းလာပါတယ်။
အဆောက်အဦ တစ်ခု ဆောက်လုပ်တဲ့ အခါ အထဲမှာ ရှိနေမဲ့ လူတွေ၊ ပစ္စည်းဥစ္စာ တွေ သာမက အနီးအနား က အဆောက်အဦ တွေ ကို ပါ မီး အန္တရာယ် က နေ အတတ်နိုင်ဆုံး အကာအကွယ် ပေးနိုင်ဘို့ လိုအပ်ချက် တွေကို ထည့်သွင်း စဉ်းစားသင့် ပါတယ်။
အဆောက်အဦ တစ်ခု ဒီဇိုင်းလုပ်တဲ့ အခါ မီးဘေးကာကွယ် ရေးစနစ် နဲ့ မီးသတ်စနစ် တွေ ဖြစ်တဲ့ Fire Prevention and Fire Protection Systemsတွေ ကို စနစ်တကျ တွက်ချက်၊ စဉ်းစားပြီး ထည့်သွင်းတည်ဆောက် ထားသင့် သလို၊ အဆောက်အဦ ဆောက်လုပ်နေဆဲ (သို့) ပြင်ဆင်နေဆဲ အချိန် မှာရော၊ ဆောက်ပြီးသွားတဲ့ အခါမှာ အသုံးပြုနေတဲ့ အချိန် မှာ လည်း အမြဲတမ်း အဆင်သင့် ဖြစ်နေအောင် လည်း စနစ်တကျ ထိန်းသိမ်းထား ရမှာဖြစ်ပါတယ်။
တိုးတက်နေတဲ့ နိုင်ငံတွေ မှာ တော့ ဒီ မီး အန္တရာယ် ကို အတတ်နိုင်ဆုံး လျှော့ချ ပေးမဲ့ စနစ် တွေ ကို မပါမဖြစ် ထည့်သွင်းပေးဘို့ လိုအပ်ပါတယ်။ အထူးသဖြင့် လူအများနဲ့ သက်ဆိုင်တဲ့ အဆောက်အအုံ တွေ မှာပါ။ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း တွေ အတိုင်း ထည့်သွင်းစဉ်းစား မထားခဲ့ဘူး၊ မလိုက်နာခဲ့ဘူး၊ ဆိုရင် ဖြင့် ဆောက်လုပ်ပြီးသွားတဲ့ အဆောက်အဦ ဖြစ်ရင်တောင် အသုံးပြုခွင့်၊ နေထိုင်ခွင့် ပါမစ် ရမှာ မဟုတ်ပါဘူး။
ဆောက်လုပ်ဆဲ အခြေအနေ (သို့) ပြင်ဆင်နေတဲ့ အချိန်တွေ မှာ လည်း ယာယီမီးဘေး ကာကွယ်ရေး စနစ်တွေ နဲ့ အရေးပေါ် လိုအပ်ချက် တွေ သတ်မှတ်ချက် အတိုင်း ထားရှိ၊ လိုက်နာခြင်း မပြုခဲ့ရင် လည်း သက်ဆိုင်ရာ (အာဏာပိုင်) တာဝန်ရှိသူ တွေ က ဒီလို အရေးပေါ် အခြေအနေ လုံခြုံမှု အကာအကွယ် မဲ့တဲ့ ဆောက်လုပ်ရေး အလုပ်တွေ ဆက်မလုပ်ဘို့ တရားဝင် တားမြစ် နိုင်သလို၊ ဒာဏ်လည်း တပ်ရိုက် နိုင်ပါတယ်။
သတ်မှတ်ထားတဲ့ လိုအပ်ချက် အတိုင်း ဒီဇိုင်းလုပ်၊ ထည့်သွင်းဆောက်လုပ်၊ စမ်းသပ် စစ်ဆေး ပြီး ပြည့်စုံ ကောင်းမွန် အဆင်သင့် ဖြစ်ပြီ ဆိုမှ အသုံးပြုခွင့်၊ပါမစ် လျှောက်လို့ရမှာပါ။ အသုံးပြုနေတဲ့ ကာလ တစ်လျှောက်လုံး မှာ လည်း လိုအပ်တဲ့ ထိန်းသိမ်းပြင်ဆင် မှုတွေ၊ သတ်မှတ်ချက်တွေ အတိုင်း လိုက်နာကျင့်သုံး ရပါလိမ့်မယ်။
ဒီ မီးဘေးကာကွယ်ရေး အခြေခံ လိုအပ်ချက်တွေ ကို နေရာအနှံ့အပြား တစ်ပြေးညီ လိုက်နာနိုင်ဘို့ အတွက် Building Codes / Building Control Act, Regulation, Law, Standards, Code of Practices စသည်ဖြင့် လိုက်နာရမဲ့ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ လိုအပ်ချက် တွေ ကို တရားဝင် သတ်မှတ် ပြဌာန်းထားလေ့ရှိကြပါတယ်။ နိုင်ငံ အလိုက် ကိုယ်ပိုင် ရေးဆွဲသတ်မှတ် ကြတယ် ဆိုပေမဲ့ နိုင်ငံ အတော်များများ ကတော့ ဗြိတိသျှ အင်္ဂလိပ် (အင်္ဂလန်) British Standards (သို့) အမေရိကန် US Standards တွေ ကို မှီငြမ်း အခြေခံ ကြပါတယ်။
စကားမစပ် နိုင်ငံတကာ စံချိန်စံညွှန်းသတ်မှတ် နိုင်ဘို့ ကြိုးပမ်းချက် အချို့ ကို ထည့်သွင်း မိတ်ဆက်ပေးလိုပါတယ်။ တစ်နိုင်ငံ တစ်စနစ် ဖြစ်နေတာတွေ ကို ညီညီညာညာ ပေါင်းစီး နိုင်ဘို့ အတွက် နိုင်ငံတကာ စံနှုန်း သတ်မှတ်ရေး အသင်းအဖွဲ့ကြီး တစ်ခု ဖြစ်တဲ့ International Standards Organization ကိုဖွဲ့စည်း ပြီး ISO Standards / Code တွေ ကို ရိုးရှင်းအောင် နဲ့ နေရာမရွေး သုံးနိုင်အောင် ကြိုးစားခဲ့ကြတာ လည်း အတိုင်းအတာ တစ်ခု အထိတော့ ခရီးပေါက် ခဲ့ပါပြီ။ ဒီမှာ လည်း Adoption လို့ ခေါ်တဲ့ ဒေသအလိုက် ပြန်လည်မွမ်းမံ သုံးစွဲမှု က ရှိနိုင်ပြန်ပါတယ်။ ပြန်လည် တည်းဖြတ် ထုတ်ဝေထားတဲ့ British Standards တွေမှာ BS-EN, BS-EN-ISO စသည်ဖြင့် ရှေ့က ထိပ်စီး ပုံစံပြောင်းလာတာ တွေ့ရပါမယ်။ EN ဆိုတာကတော့ European Union, EU (ဥရောပဘုံဈေး အဖွဲ့ဝင် နိုင်ငံများ)၊ ဘုံသုံးဘို့ EN Standards တွေ အဖြစ် European Committee for Standardization ကနေ ထုတ်ဝေပေးတာ ဖြစ်ပါတယ်။ ISO-EN က ISO ကနေ တစ်ဆင့်ခံ မွမ်းမံ ထုတ်ဝေ ထားတာ မို့ မူရင်း ISO Standards နောက်ဆုံးထုတ် ကို အခြေခံတာ ဖြစ်ချင်မှ ဖြစ်ပါမယ်။ နောက်တစ်ဖန် ဒီဘုံသုံး စနစ် တွေ ကို လည်းပဲ နိုင်ငံ တစ်နိုင်ငံ စီ က သူတို့ ဘာသာ နဲ့ ပြန်လည်ထုတ်ဝေသုံးစွဲ ကြတာ ဖြစ်ပါတယ်။ BS-EN-ISO ကိုအင်္ဂလန် က British Standard Institute ( BSI) ကနေ အင်္ဂလိပ် ဘာသာ နဲ့ ထုတ်ဝေပါတယ်။ ဂျာမဏီ က လည်း ဂျာမန်ဘာသာ ဖြင့် DIN-EN-ISO အဖြစ် ၄င်း၊ ပြင်သစ် နိုင်ငံ က လည်း ပြင်သစ်ဘာသာ ဖြင့် NF-EN-ISO အဖြစ် ၄င်း၊ မိမိတို့ရဲ့ နိုင်ငံ အတွင်း ပြန်လည် ပြဌာန်းထုတ်ဝေ သုံးစွဲ ကြပါတယ်။
ဒီလို Standards တွေ စနစ်တကျ တိုးတက် လာရတာ ကလည်း နှစ်ပေါင်း များစွာ အတွေ့အကြုံပေါ် အခြေခံတဲ့ စနစ်ကောင်းတွေ တိုးတက် လာတာဖြစ်ပြီး လိုအပ်ချက် Standards တွေ ကို စနစ်တကျ ထိမ်းသိမ်း နိုင်တဲ့ အဖွဲ့ အစည်းတွေ ကြောင့် ပါ။ ဥပမာ အားဖြင့်

  1. Internation Code Council ( ICC)
  2. British Standard Institute ( BSI) ,
  3. National Fire Protection Association ( NFPA) ,
  4. Society of Fire Safety Engineers ( SFPE) ,
  5. and many more…
မီး အာမခံ အသင်းအဖွဲ့ တွေ က နေ စတင် ဖြစ်ပေါ်လာ တဲ့ NFPA အသင်း ဆိုရင် 1896 မှာ စတင် တည်ထောင်ခဲ့ တာမို့ အတွေ့အကြုံ သက်တမ်း နှစ်ပေါင်း ၁၂၀ ရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မီးဘေး နဲ့ အခြားအန္တရာယ် ကာကွယ်ရေး စနစ် တွေ နဲ့ ပတ်သက် တဲ့ Standards, Codes, Handbooks & Other publications တော်တော်များများ ထုတ်ဝေ ခဲ့ပြီး ကမ္ဘာတဝှမ်း က နိုင်ငံတိုင်းလိုလို က မှီငြမ်း အားထားနေရတဲ့ အဖွဲ့အစည်း တစ်ခု အဖြစ် ရှိနေပါတယ်။
အရှေ့တောင်အာရှ မှာ အတိုးတက်ဆုံး ဖြစ်တဲ့ စကာင်္ပူနိုင်ငံ မှာ ဆိုရင် လည်း
Singapore Civil Defence Force (SCDF = ပြည်သူ့ အကျိုးစီးပွား ကာကွယ်ရေးတပ် ခေါ် မီးသတ် တပ်ဖွဲ)့၊
Building & Construction Authority (BCA = ဆောက်လုပ်ရေး ဝန်ကြီး ဌာန)၊
Singapore Standard Council (ပစ္စည်း (သို့) ဆောက်လုပ်ရေး စံချိန်စံညွန်း တွေ နဲ့ စနစ်တွေ သတ်မှတ်ပြဌာန်းရေး ကောင်စီ)
စတဲ့ အာဏာပိုင် အဖွဲ့ အစည်းတွေ ရှိပြီး လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း တွေ ကို စနစ်တကျ သတ်မှတ် ပြဌာန်းပြီးရုံ မက မလိုက်နာပဲ မနေရ အောင် လည်း စစ်ဆေးတာ၊ သုံးသပ်တာ၊ ဥပဒေ နဲ့ ဘောင်ကွပ်ထားတာ နဲ့ ထိန်းထားပါတယ်။ ဒီစနစ်တွေ ကို အကောင်အထည် ဖော် အသုံးပြုတဲ့ သူတွေ ကတော့ နဲ့ ရင်းနှီးကျွမ်းဝင် ပြီး လုပ်ငန်းအတွေ့အကြုံရှိတဲ့
  • Professional Engineers တွေ က စနစ်တကျ ဒီဇိုင်းလုပ်၊
  • Experienced Contractors တွေ က ပစ္စည်း မှန်သုံး ပြီး စနစ်တကျ တည်ဆောက်။
  • သုံးရမဲ့ ပစ္စည်းမှန် ကို Codes တွေ က သတ်မှတ်၊ မမှန် စစ်ပေး၊ ထိန်းပေး မဲ့ ဓာတ်ခွဲခန်းတွေ က လည်း ရှိ။
  • Vendors, Manufacturers တွေ က စံချိန်စံညွှန်း မီတဲ့ ပစ္စည်း ပစ္စယ၊ တွေ ကို ပဲ ထုတ်လုပ် (သို့) တင်သွင်းရောင်းချ။
  • Property Owners တွေ က မိမိတို့မှာ ရှိတဲ့ မီးဘေးကာကွယ်ရေး စနစ်တွေ ကို အစဉ်မပြတ် ထိန်းသိမ်းပြီး အမြဲတမ်း အဆင်သင့် ဖြစ်နေအောင် ထား။
  • မီးသတ်တပ်ဖွဲ့ဝင်တွေ က လည်း နည်းပညာ၊ ယဉ်၊ စက်ပစ္စည်း၊ တပ်ဖွဲ့အင်အား နဲ့ လေ့ကျင့်မှု တွေ နဲ့ အမြဲတမ်း အဆင်သင့် ဖြစ်နေအောင် ပြင်ဆင်၊ အဆောက်အဦ တွေ ကို စစ်ဆေးမှု တွေ ကိုလည်း လုပ်။
ဒီလို သက်ဆိုင်ရာ အဘက်ဘက် က ပူးပေါင်းပါဝင် ခဲ့တာ ကြောင့် စနစ်တကျ ဖွံ့ဖြိုး တိုးတက် ခဲ့ပြီး ဖြစ်ပါတယ်။ Code and Regulations ပိုင်းမှာ ဆက်လက် တင်ပြ ပေးပါမယ်။

ဒီ မီးဘေးကာကွယ်ရေး စနစ် တွေ ကို စဉ်းစား တဲ့အခါ အဆင့်တိုင်း၊ အဆင့်တိုင်း အတွက် လိုအပ်ချက်တွေ ကို စဉ်းစား ပေးဘို့ လိုအပ်ပါတယ်။

မီးမလောင်အောင် မီး အန္တရာယ် မဖြစ်ခင် က ကြိုတင် ကာကွယ်တာ၊ မီးအစ မပျိုးနိုင်အောင်၊ အလွယ်တကူ မီးမလောင် နိုင်တဲ့ အခြေအနေ မဖြစ်ပေါ်အောင် နဲ့ မီးဒါဏ်ခံနိုင်ရည် ရှိအောင်၊ သေးတဲ့ မီးမကြီးအောင်၊ တစ်နေရာကတစ်နေရာ မီး အလွယ်တကူ မကူးအောင် နဲ့ အရေးပေါ် အခြေအနေ မှာ အထဲမှာ ရှိတဲ့ လူတွေ ဘေးလွတ်ရာ ကို အန္တရာယ် ကင်းကင်း ထွက်ခွာ လွတ်မြောက် နိုင်အောင် နဲ့ မီးငြိမ်းသတ် ဘို့ လိုအပ်တဲ့ စနစ် တွေ အဆင်သင့် ရှိနေဘို့ စသည်၊ စသည် စနစ်တကျ ခန့်မှန်း တွက်ချက် ပြီး ထည့်သွင်း စဉ်းစားပေးရပါတယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေ သူတို့တာဝန် အကောင်းဆုံး ထမ်းဆောင်နိုင်ဘို့ လိုအပ်တဲ့ အခြေခံ လိုအပ်ချက်တွေ ကိုလည်း ထည့်သွင်းပေးရပါတယ်။

ဒီစနစ်တွေ က မနေ့တနေ့ ကမှ ရုတ်တရက်ကြီး ဘွားကနဲ ပေါ်လာတာ မဟုတ်ပါဘူး။ အခု အခြေအနေ အထိ တိုးတက် လာဘို့ အတွက် ခါးသီးတဲ့ ဆုံးရှုံးမှု အတွေ့အကြုံတွေ၊ ဆုံးရှုံးမှု ဖြစ်စဉ်တွေ ကိုလေ့လာပြီး နောက်ထပ် မဖြစ်ရလေအောင် ဘယ်လို ကာကွယ်ပြင်ဆင် သင့်တယ် ဆိုတဲ့ လေ့လာ တွေ့ရှိချက်တွေ၊ ရုပ်ဝတ္ထု ပစ္စည်းတွေ ရဲ. မီးလောင်နိုင်မှု၊ မီးခိုးဖြစ်ပေါ်မှု ဂုဏ်သတ္တိတွေ နဲ့ လက်တွေ့ စမ်းသပ် မှု အမျိုးမျိုး အဖုံဖုံ၊ တစ်ခုနဲ့တစ်ခု နီးစပ်ရောနှော ရာ က ဖြစ်လာနိုင်တဲ့ ဓါတု ဓါတ်ပြုမှု အချက်အလက် ပေါင်းစုံ၊ သုတေသန အမျိုးမျိုး စသည်စသည် ဖြင့် နည်းပညာ နဲ့ လက်တွေ့တွေ ကိုပေါင်းစပ် အခြေခံ ပြီး တဖြေးဖြေး တိုးတက် ကောင်းမွန် လာရတာ ဖြစ်ပါတယ်။

ဒီလိုတိုးတက်တဲ့ စနစ်တွေ ရှိနေတာတောင်မှ မီးမတော်တဆ မှု တွေ က ဆုံးရှုံး မှု အမျိုးမျိုး ကို ဖြစ်စေဆဲပါ။ လူလုပ် ပစ္စည်း တွေ ဖြစ်တဲ့ ပလတ်စတစ် လို Flammable / Hazardous Chemicals တွေ ကြောင့် ခုခေတ် မီးတွေ က ပိုပြီး အန္တရာယ်ကြီးပြီး ကြောက်စရာ ပိုကောင်း ပါတယ်။

ဒီ မိတ်ဆက်မှာ ပထမပိုင်း မှာ မီးဘေး ကာကွယ်ရေး စနစ်တွေ ရဲ့ အခြေခံ လိုအပ်ချက် တွေ၊ မီးရဲ့ သဘော သဘာဝ၊ အခြေခံ သဘောတရား အချို့ နဲ့ Code and Regulations တွေ ကို မိတ်ဆက်ပေးပါမယ်။

ပြီးရင် ဒုတိယ ပိုင်း မှာ Classifications လို့ ခေါ်တဲ့ မျိုးအစား အဆင့်အတန်း ပိုင်းခြားသတ်မှတ် ပုံ ကို မိတ်ဆက်ပေးသွား ပါမယ်။ Classification တွေခွဲခြား သတ်မှတ် လိုက်တဲ့ အခါ လိုအပ်ချက်တွေ ကို ပိုမို နားလည်လွယ်စေတာမို့ သင့်တော်တဲ့ စနစ်တွေ၊ ကို စနစ်တကျ ရွေးချယ် နိုင်ဘို့ အထောက်အကူ ပြုပါတယ်။ Classification မှာ
  • Classification of Occupancy: အဆောက်အဦ ကို ဘာအတွက် ဘယ်လို သုံးမှာလဲ။ ဘယ်သူတွေ အတွက်လဲ။
  • Classification of Fire: ဘယ်လို မီး အမျိုးအစားလဲ။ ဘာတွေကို လောင်ကျွမ်းနေတာလဲ။
  • Classification of Commodity Stored: ဘာပစ္စည်းတွေ ကို ဘယ်လောက်၊ ဘယ်လို သိုလှောင်ထားရှိမှာလဲ။
  • Classification of Hazards: ဘယ်လို အန္တရာယ် အမျိုးအစားလဲ။ ဘယ်လောက် အန္တရာယ် ရှိနိုင်သလဲ။
ဒီ Classification တွေ၊ အဆောက်အဦ ရဲ့ အရွယ်အစား၊ အထဲမှာ ရှိနိုင်မဲ့ လူဦးရေ (သို့) မီးလောင်နိုင်တဲ့ ပစ္စည်း အတိုင်းအတာ ပမာဏ နဲ့ သုံးစွဲတဲ့ ဆောက်လုပ်ရေး ပစ္စည်း၊ ဆောက်လုပ်မှု အမျိုးအစား Construction Type တွေ ကို အခြေခံ ပြီး Code and Regulation တွေမှာ သတ်မှတ်ထားတဲ့ အနည်းဆုံး လိုအပ်ချက် တွေ စည်းမျဉ်းတွေ နဲ့ အညီ ထည့်သွင်းပေးရပါမယ်။ အနည်းဆုံး လိုအပ်ချက် တွေ သတ်မှတ်တဲ့ အခါ ဆုံးရှုံးမှု ဖြစ်နိုင်ချေ နဲ့ တွက်ချေ ကိုက်၊ မကိုက် အစွန်းနှစ်ဘက် ကို ချိန်ဆ ပြီး သတ်မှတ် ပေးထားတာ မို့ အကြမ်းအားဖြင့် လုံလောက်တယ် လို့ လက်ခံကြပါတယ်။

ဥပမာ Fire Sprinkler Systesms တွေ မရှိမဖြစ် ထည့်သွင်းဘို့ လိုမလို။ Fire Sprinkler Systesms တွေက အကောင်းဆုံး မီးသတ်စနစ် တစ်ခု ဆိုပေမဲ့ အန္တရာယ် သိပ်မရှိဘူးလို့ သတ်မှတ် တဲ့ အဆောက်အဦ ငယ်လေးတွေ မှာ အတိုင်းအတာ တစ်ခု အထိ ကင်းလွတ်ခွင့် ပြုရပါတယ်။

ပုံကြီးချဲ့ပြောရမယ် ဆိုရင် လယ်ထဲမှာ သီးသန့် ဆောက်ထားတဲ့ ဝါးတိုင်၊ ဝါးခင်း၊ သက်ကယ်မိုး တဲအိမ်ငယ်လေးကို ကို Complete Fire Sprinkler Systems တတ်ရမယ် ဆိုရင် ယုတ္တိမတန် ပါဘူး။ အဲသလိုပဲ မြို့လယ်ခေါင်မှာ ဝါးတိုင်၊ ဝါးခင်း၊ သက်ကယ်မိုး တဲထိုးပြီး လောင်စာဆီဆိုင် ဖွင့်မယ် ဆိုရင်လည်း မဖြစ်သင့်ပါဘူး။ အန္တရာယ်များတယ် လို့ သတ်မှတ်တဲ့ အခြေအနေ မှာ ဆိုရင် တော့ အဆောက်အဦ အရွယ်အစား မရွေး Fire Sprinkler Systems (သို့) အလားတူ မီးသတ်၊ ကာကွယ်ပေးနိုင်တဲ့ စနစ် ထည့်သွင်းပေးဘို့ လိုအပ် နိုင်ပါတယ်။ ကိုယ့်ခြံထဲ ကိုယ်ဆောက်တာ ပေမဲ့ ကို အဆောက်အအုံ မီးဒါဏ် ခံ နိုင်ရည် ရှိ ရုံ မက အပြန်အလှန် မီးကူး မလွယ် အောင် လည်း လုပ်ရပါမယ်။ ငါ့ခြံ ငါလုပ်ချင်တာ လုပ်မယ် ဆိုပြီး ငါတကောကော လို့ မရပါဘူး။

တတိယ ပိုင်း အနေ နဲ့ Passive Fire Protection လို့ ခေါ်တဲ့ မီးမလောင်ခင် ကြိုတင်ကာကွယ်မှု စနစ်တွေ ကို မိတ်ဆက် တင်ပြ ပေးပါမယ်။ အရေးပေါ် အခြေအနေ မှာ အဆင်သင့် ဖြစ်နေအောင် ကြိုတင် ဘာတွေ ကို ထည့်သွင်း စဉ်းစားထား ရမယ် ဆိုတာ လည်းပါဝင်ပါတယ်။ Means of Escape အရေးပေါ် အခြေအနေ ထွက်ပေါက် လမ်းကြောင်း လိုအပ်ချက်၊ Structural Fire Precautions: အဆောက်အဦကို မီးဒါဏ် ခံနိုင်အောင် ဆောက်လုပ်ဘို့ အတွက် လိုအပ်ချက်၊ Site Planning & External Fire Fighting Provision အဆောက်အဦ နဲ့ တည်နေရာ မြေကွက် ဝန်းခြံ အတိုင်းအတာ အနေအထား လေ့လာဆန်းစစ် ပြီး မီးဘေးနည်းအောင် စီစဉ် (အကွက်ချ)၊ မီးကူး မလွယ်အောင်။ မီးသတ်ကား တွေ အလွယ်တကူ ဝင်ရောက် နိုင်ဘို့ နဲ့ မီးသတ်တပ်ဖွဲ့ မီးကို ထိထိရောက်ရောက် ငြိမ်းသတ်နိုင်ဘို့အတွက် လိုအပ်ချက်တွေ၊ ကို မိတ်ဆက် ပေးသွားမှာ ပါ။ အခြားအဆောက်အဦ က မီး ကိုယ့်ဆီ အလွယ်တကူ မကူးအောင်၊ ကိုယ့်အဆောက်အဦ က မီးလည်း အခြားအဆောက်အဦ ကို လွယ်လွယ် မပြန့်နိုင်အောင် ပါစဉ်းစားပေးရပါမယ်။

စတုတ္တပိုင်း မှာတော့ မီးအစပျိုး (သို့) မီးလောင်တဲ့ အခါ မီးငြိမ်းသတ် နိုင်ဘို့ အတွက် အသုံးများတဲ့ Active Fire Protection Systems တွေကို စာဖတ်သူနဲ့ မိတ်ဆက်ပေးသွား မှာဖြစ်ပါတယ်။

Industrial Fire Protection Systems တွေကတော့ ရိုးရိုး အဆောက်အဦတွေ ထက် ပိုမို လေးနက် ရှုတ်ထွေးတာ မို့ ဒီ စာစု မှာ အပေါ်ယံ လောက်ပဲ မိတ်ဆက်ပေးနိုင်မှာပါ။ နောက်ပိုင်းမှာ ဆက်ဘို့ ရှိပါတယ်။



ဆက်ရန် -


Read More... [ အကျယ် ဖတ်ရန်... ]

Saturday, June 5, 2010

မြန်မာပြည် မြို့တော် ဈေးများ နဲ့ မီး ဘေးကာကွယ်ရေး။

    "မီးလောင်မှုကြီးတွေ တော်တော်များများ မှာ မီးစလောင်တာ ကို အချိန်မီ သာသိခွင့် တားခွင့် ရခဲ့ရင် ရေတစ်ခွက်၊ သဲတစ်ဆုပ် နဲ့တင် ငြိမ်းသတ်လို့ ရနိုင်ပါတယ်။"
  • မြို့ကြီးတွေ က မြို့မဈေးတွေ မီးလောင်တဲ့ သတင်း တွေ က နှစ်တိုင်းလိုလို ကြားရပါတယ်။ (အထူးသဖြင့် နွေရာသီ ရောက်ရင် ပေါ့။) ဒီအခါ ဆိုင်တွေမှာ ပုံအော ရင်းထားတဲ့ သူတွေ ရင်ကွဲနာ ကျရောပဲ။ လူပင်ပန်းခံ၊ စိတ်ပင်ပန်းခံ ပြီး နှစ်ရှည်လများ တစ်ဖြေးဖြေးချင်း စုဆောင်း လာရတာတွေ၊ ရင်းနှီးထားရတာ တွေ ချက်ချင်းကြီး ဆုံးရှုံးသွားရတယ်။ ကံဆိုး လို့ ကိုယ့်ဆိုင် က စတဲ့ မီးဆို ရင် အရင်း အပြင် နောက်က ရှိသမျှ ပါ အလိုက်ပေး လိုက်ရပါလိမ့်အုံးမယ်။ " တောမီးလောင် တောကြောင် လက်ခမောင်း ခတ် " ဆို တဲ့ စကားပုံ က လည်း ဈေးပြန်ဆောက်တဲ့ အခါ၊ ကိုယ့်ဆိုင်ခန်း နေရာလေး ပြန်ရဘို့ အတွက် ပူပင်စရာ တစ်ခု ကို တင်စားချက် အဖြစ် ဖြစ်နိုင်ချေ ရှိနေပြန်ပါသေးတယ်။
  • ဒီ Post ကို စရေးခဲ့တာ ၆ လ ကျော် လောက် ရှိပါပြီ။ မနှစ်က မန္တလေး ဈေးချိုတော်ကြီး ကို ခန ရောက် ခဲ့ပြီး ဒါတွေ ကို သတိထားခဲ့ မိပါတယ်။
    1. လူသွားလမ်းတွေ (အထည်ပုံတွေ၊ ဂျပ်ဘုံးတွေ နဲ့) ပိတ်ချင်တိုင်း ပိတ်နေတာ။
    2. အရေးပေါ် အခြေအနေ အတွက် လိုအပ်တဲ့ အလင်းရောင် မရှိတာ (မှောင်နေတာ)၊ အရေးပေါ် ထွက်ပေါက်ပြ Emergency Exit Signs & Exit Lighting တွေ မရှိတာ နဲ့ အရေးပေါ် ထွက်ပေါက် ရှာရခက်တာ။
    3. ဆိုင်ခန်းတွေ မှာ မီးလောင်နိုင်တဲ့ ပစ္စည်းတွေ (အဝတ်၊ စက္ကူ၊ စာအုပ်တွေ) ပုံနေတာ (ဆိုင်ခန်းတွေ က အစ သစ်သားခင်း၊ သစ်သားကာ လောင်စာ တွေ ပါ။) မီးဒါဏ်ခံနိုင်တဲ့ အဆောက်အအုံ မျိုး အနေနဲ့ ဆောက်လုပ်ထားတာ မတွေ့ရပါဘူး။
    4. အရေးပေါ် မီးသတ်စနစ် တွေ အဆင်သင့် ရှိမနေတာ
    5. မီးသတ်စခန်း က ကပ်ရက် လမ်းတစ်ဘက် မှာ ရှိပေမဲ့ ဈေး ဘေးပတ်လည် လမ်းတွေ က လည်း မီးသတ်ကား မပြောနဲ့ ဆိုက်ကားတောင် ဖြောင့်အောင် သွားလို့ မရတာ။
  • ဒါကြောင့် နောက်ပိုင်း ရေးချင်စိတ် ပေါ်လာခဲ့ လို့ အစရေးခဲ့ ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် Publish မလုပ်နိုင် ခဲ့ပါဘူး။ ခု မင်္ဂလာဈေး နဲ့ မုံရွာဈေးတွေ မှာ ပါ မဆမတန် ဆုံးရှုံး မှု တွေ ထပ်ဖြစ်လာလို့ ပြန်စ မိတာဖြစ်ပါတယ်။
  • တကယ်တော့ Fire Protection Systems လို့ခေါ်တဲ့ မီးဘေး ကာကွယ်ရေး စနစ်တွေ ထွန်းကားခဲ့တာ ကြာပါပြီ။ Automatic Fire Sprinkler Systems လို အလိုအလျောက် မီးငြိမ်းသတ်ပေးနိုင်တဲ့ စနစ်တွေ က မီးတွေ တော်တော်များများ ကို ကာကွယ်ပေးခဲ့ပြီးပါပြီ။ ဒါပေမဲ့ မြန်မာပြည်မှာ တော့ ဒီစနစ်တွေ ကို အဆောက်အအုံ အနည်းငယ် မှာပဲ တွေ့နိုင်ပါသေးတယ်။ ကျန်ခဲ့တဲ့ ၁၉၉၀ ဝန်းကျင်က ဆောက်ခဲ့တဲ့ နိုင်ငံတကာ အဆင့် ဟိုတယ် တွေ မှာ ရှိနေပြီး ဖြစ်ပါတယ်။ အခု အသစ်ဆောက်ထားတဲ့ မင်္ဂလာဒုံ လေဆိပ်သစ် မှာလည်းတွေ့မိပါတယ်။ ဒါပေမဲ့ Plaza တွေ နဲ့ ဈေးအကြီးစား တွေမှာ မတွေ့ရသေးဘူး လို့ထင်ပါတယ်။
  • ကိုလိုနီ လက်ထက် က ကျန်ခဲ့တဲ့ Fire Hydrant တွေ နဲ့ အချို့အဆောက်အအုံ ဟောင်းတွေ မှာ Fire Hosereels တွေ ရှိခဲ့ဘူးပါတယ်။ တီဗီ သတင်း တစ်ခု မှာ သဘာဝ ဘေးဒါဏ် တစ်ခု ထိ အပြီး ရန်ကုန် မှာ ရေတွေ ဝေပေးတဲ့ အခါ Fire Hydrant တွေ က နေ ရေဘုံဘိုင် လို ရေဝေနေရတာ တွေ့ရတော့ အတော် စိတ်မကောင်း ဖြစ်ရပါသေးတယ်။
  • စာရေးသူ စက်မှုတက္ကသိုလ် တက်တော့ Fire Hosereels တွေ ရှိနေခဲ့တယ် လို့ ခံစား မိခဲ့သလိုလို ပါပဲ။ ရှိသာရှိပေမဲ့ ထိန်းသိမ်းထားတာ မဟုတ်လို့ ပျက်စီးနေကြတာ ဖြစ်ပြီး ရေလည်း ထွက်မှာ မဟုတ်ပါဘူး။ တကယ်လို့ အလုပ်လုပ် တယ် ဆိုရင်တောင် မှ စာရေးသူ လို စက်မှုတက္ကသိုလ် ကျောင်းသား တစ်ယောက် တောင် ဘယ်အခြေအနေ မှာ ဘယ်လို သုံးရကောင်းမှန်း အဲဒီ့ အချိန် မှာ မသိခဲ့သေးတာ အမှန်ပါ။ We Need FIRE EDUCATION from NOW-ON !
  • လူအများစု စုဝေးရာ၊ ပစ္စည်းတွေ အများကြီးသိုလှောင်ထားရာ ဖြစ်တဲ့ ဈေးကြီးတွေမှာ မီးသတ်စနစ် တတ်သင့်နေပြီလို့ ထင်ပါတယ်။ အခက်အခဲ တွေ ကတော့ ရှိနေဆဲပါ။ တစ်ချိန်ချိန် မှာ ဒီစာ က မြန်မာပြည် မှာ မီးဘေးကာကွယ်ရေး စနစ် တွေ ထွန်းကားလာ စေဘို့ ရည်ရွယ်ပါတယ်။
  • ဒီ blog post ကို စာရေးသူ အရင် တင်ပြပေးခဲ့ဘူးတဲ့ Introduction to Fire Protection Systems နဲ့ တွဲဖက် လေ့လာ စေလိုပါတယ်။ [ http://chawlwin.blogspot.com/2008/10/fire01introduction.html ]
  • ဒီ Post မှာ တင်ပြမှာတွေ ကတော့
    1. မီးဘေး ကာကွယ်ရေး စနစ် တွေ ဘာလို့ တတ်ဆင်သင့် သလဲ။
    2. ပူးပေါင်း ဆောင်ရွက်မှု အတွက် တာဝန် ကိုယ်စီ ရှိကြသည်။
    3. စဉ်းစားရန် အချက်များ။
    4. အခြေခံ မီးဘေးကာကွယ်ရေး လိုအပ်ချက်များ။
    5. သုံးသပ်ချက်။
    6. References


  1. မီးဘေး ကာကွယ်ရေး စနစ် တွေ ဘာလို့ တတ်ဆင်သင့် သလဲ။
    • မီးဘေး ကာကွယ်ရေး စနစ် တွေ က စတင် တပ်ဆင်ဘို့ က ဈေးချိုတယ် လို့တော့ ပြောလို့ မရပါဘူး။ ရေရှည်ကို ကြည့်မယ် ဆိုရင်တော့ လူတွေ နဲ့ ပစ္စည်းတွေ ကို အကာကွယ်ပေးတဲ့ အပြင် စိတ်ငြိမ်းချမ်းစေ မှု ကို ပါပေးမှာ မို့ အကျိုးရှိစေမှာ တော့ အမှန်ပါ။
      1. ကိုယ့်ရဲ့ ပစ္စည်းတွေ အတွက်၊ လုံခြုံမှု ကိုရမယ်။ စိတ်ပူပန်မှု ကို လျော့ပါးစေမယ်။
      2. အလုပ်လုပ်နေတဲ့ အချိန်မှာ လည်း မီးကြောင့် ဖြစ်မဲ့ အသက် အန္တရာယ် ကို သိပ် ပူပန်စရာ မလိုဘူး။
      3. မီးအာမခံ ထားတဲ့ အခါ ပရီမီယံ အဆပေါင်း များစွာ နည်းသွားမယ်။ ဆိုင်တိုင်းလိုလို အာမခံ ထားနိုင်လာမယ်။ တကယ်လို့ မတော်တဆ ဆုံးရှုံးမှု ဖြစ်ခဲ့အုံး မီး အာမခံ ကနေ အတိုင်းအတာ တစ်ခု အထိ ပြန်ရမယ်။ မီးအာမခံ ကုမ္ပဏီ တွေ အတွက်လည်း အကျိုးရှိမှာ ဖြစ်ပါတယ်။
    • ဒီစနစ် တွေ က ပြီးပြီးရော လုပ်လို့ ရတာ မဟုတ်ပါဘူး။ "မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေအိတ်လေး တွေ လောက်နဲ့တင် လည်း မရပါဘူး။" ကလေးကစားစရာ သာသာ မီးသတ်ဗူးသေးသေး လေး ကို ချိတ်ပြထားယုံ နဲ့ လည်း မရပါဘူး။ စာရေးသူ အရင် က တင်ပြပေးခဲ့ သလို အစစ အရာရာ တစ်ခုချင်း အသေးစိတ် ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ အခက်အခဲ တွေ လည်း အများကြီး ရှိနိုင်ပါတယ်။
  2. ပူးပေါင်း ဆောင်ရွက်မှု အတွက် တာဝန် ကိုယ်စီ ရှိကြသည်။
    • ဈေးတွေ လို လူအများ စုဝေးရာ နေရာ တွေ ကို မီးဘေးကာကွယ် ရေး အတွက် တစ်ဦး၊ တစ်ယောက်၊ တစ်ဖွဲ့ ထဲ မှာ တင် တာဝန်ရှိတာ မဟုတ်ပါဘူး။ ပါဝင်ရမဲ့ သူတွေ ကတော့။
      1. မီးသတ်တပ်ဖွဲ့။ မီးသတ်ဦးစီးဌာန။
      2. ဒီဇိုင်းလုပ်သူ ဗိသုကာ နှင့် အင်ဂျင်နီယာ များ ( Architects, Structural Engineers, Mechanical Engineers & Electrical Engineers )
      3. ဆောက်လုပ်သူ ကန်ထရိုက်တာ။
      4. အဆောက်အအုံ ပိုင်ရှင်။
      5. ဆိုင်ခန်း ပိုင်ရှင် များ။
    • Root Cause ကို စနစ်တကျ လေ့လာ ဆန်းစစ် ပြင်ဆင် ရမှာ ဖြစ်ပြီး မီးလောင်ရတာ က ဝါယာရှော့ခ် ဖြစ်လို့ ဆိုတာ ကို ပဲ တာဝန်မဲ့ အပြစ် ထိုးချနေလို့ မရပါဘူး။
    • အားလုံး တာဝန် ကိုယ်စီ ရှိကြပြီး ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက် ရမှာဖြစ်ပါတယ်။ လိုတစ်မျိုးမလိုတစ်မျိုး သားရေကွင်း လို မဟုတ်တဲ့ တိကျတဲ့ ပြဌာန်းချက်တွေ နဲ့ ရှိဘို့ လည်း လိုအပ်ပါတယ်။ ကိုယ့်လုပ်ပိုင်ခွင့် ကို အလွဲသုံးစား လုပ်တာ ကင်းတဲ့၊ လာဘ်သတ်ပကာ ကင်းတဲ့ ပညာရှင် ဆန်ဆန် နဲ့ အဓိက ဦးတည်ချက် ဖြစ်တဲ့ မီးဘေးကာကွယ် ပေးနိုင် ဘို့ တစ်ခု ထဲ ကိုပဲ ဦးစားပေးတဲ့ သူတွေ၊ ပူးပေါင်းဆောင်ရွက် လိုတဲ့ သူတွေ ဖြစ်ဘို့ လိုအပ်ပါတယ်။ (စင်္ကာပူ မှာ လို မီးသတ်လိုအပ်ချက် အတွက် မီးသတ်တပ်ဖွဲ့ရဲ့ မနှောင့်နှေး တဲ့ အမြန် ပူးပေါင်း ဆောင်ရွက်တတ်တဲ့ စနစ် မျိုး လိုအပ်ပါတယ်။
    • ကိုယ်နဲ့ မဆိုင်ပဲ အနှောင့်အယှက် ပေးကြတာ ဖြစ်တဲ့ မီးကြည့်ခြင်း နှင့် ဝင်လုခြင်း များ မဖြစ်ရအောင် ဥပဒေ အရ ကာကွယ် ပေးရပါမယ်။ နိုင်ငံတကာ မှာ မီးသတ်ကား ဥသြဆွဲ လာရင် ကားတွေ အားလုံး လမ်းဘေးချ ရပ်ပေး ရပါတယ်။ အမေရိကန် လို လွတ်လပ်ခွင့် ရှိတဲ့ နိုင်ငံ မှာတောင် မီးလောင်တဲ့ အခါ မီးကြည့်သွားတာ က အပြစ်ရှိပါတယ်။ ဥပဒေ အရဖမ်းဆီး ဒါဏ်ရိုက် (သို့) ထောင်ချခွင့် ရှိပါတယ်။

    1. မီးသတ်တပ်ဖွဲ့။ မီးသတ်ဦးစီးဌာန။
      • တိုးတက်တဲ့ နိုင်ငံ တွေ မှာ မီးသတ်တပ်ဖွဲ့ က အဆောက်အအုံ နေထိုင်ခွင့် ပါမစ် အတွက် အာဏာ အပြည့်ရှိသလို အရေးပေါ် အခြေအနေ မှာ လျှင်လျှင်မြန်မြန် တုန့်ပြန်နိုင်ဘို့ အတွက် ပြဌာန်းချက်တွေ၊ မူတွေ ချမှတ်ပေးတဲ့ အကျိုးအမြတ် မကြည့်တဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။
      • တိုးတက်ပြောင်းလဲ နေတဲ့ မီးဘေးကာကွယ်ရေး နည်းစနစ် တွေ ကို မျက်ခြေမပြတ် လေ့လာ နေတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်နေဘို့ လည်းလိုအပ်ပါတယ်။ ခေတ်နဲ့ အညီ ခေတ်မီတဲ့ မီးသတ်စက်ပစ္စည်း တွေ ကို တတ်ဆင် ထားနိုင်ဘို့ လည်းလိုအပ် ပါတယ်။ (ဘတ်ဂျက် ကတော့ လိုမှာပါ။) မီးဘေးကာကွယ်ရေး အတွက် နိုင်ငံတကာ အဆင့်မီ မီးသတ်တပ်ဖွဲ့ တွေ ဖြစ်လာဘို့ လိုအပ်ချက်တွေ ပြည့်စုံရရှိ လာရင်တော့ နိုင်ငံ နဲ့ ပြည်သူတွေ အတွက် အားထားစရာ အင်အား တစ်ခုပါပဲ။
      • မဆောက်ခင်၊ ဆောက်နေဆဲ နဲ့ ဆောက်ပြီး သွားတဲ့ အချိန် အထိ လိုက်နာရမဲ့ စည်းကမ်း၊ အချက်အလက် တွေ ကို လူတိုင်း သိနိုင်အောင် လုပ်ပေးထားပြီး အင်ဂျင်နီယာ နဲ့ မီးသတ် ပညာရှင် တွေ (Fire Protection Professionals) လိုအပ်သလို သွားရောက် ဆွေးနွေးနိုင်ပါတယ်။
      • အဆောက်အအုံ အတွက် သင့်တော်တဲ့ မီးဘေး ကာကွယ်ရေး စနစ်တွေ ပါမပါ၊ မှန်မမှန် စစ်ဆေး အတည်ပြု ပေးရတဲ့ အဖွဲ့အစည်း လည်း ဖြစ်ပါတယ်။ Drawings / Plans တွေ ကို စစ်ဆေးတာတင် မက Site Inspection အတွက် လည်း သင့်တော်တဲ့ Inspectors / Fire Safety Officers တွေ ကို လေ့ကျင့်ပေးတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။
      • အရေးပေါ် အခြေအနေ မှာ ထိထိရောက်ရောက် တုန့်ပြန်နိုင်ဘို့ သာမက မီးသတ်တပ်ဖွဲ့ အတွက်လည်း အန္တရာယ် နည်းနိုင်သမျှ နည်းအောင် လည်း လိုအပ်တဲ့ Provisions တွေ ကို ပါ ပြဌာန်း ပေးထားလေ့ရှိပါတယ်။
    2. ဒီဇိုင်းလုပ်သူ ဗိသုကာ နှင့် အင်ဂျင်နီယာ များ ( Architects, Structural Engineers, Mechanical Engineers & Electrical Engineers )
      ဒီဇိုင်းလုပ်တဲ့ သူတွေ မှာလည်း တာဝန်ကိုယ်စီ ရှိကြပါတယ်။
      1. Architects
        • Site Planning & External Fire Fighting Provision :အရေးပေါ် အခြေအနေ မှာ မီးသတ်ကား တွေ လွတ်လွတ်ကင်းကင်း ဝင်ထွက် နိုင်ဘို့ နဲ့ မီးသတ်တပ်ဖွဲ့တွေ အဆောက်အအုံ ထဲ ကို ဝင်နိုင်ဘို့ သင့်တော်မဲ့နေရာ လျာထားပေးရတာ၊ အပြင်ဘက်မှာ မီးသတ်တပ်ဖွဲ့ အရံသင့် ရေထုတ် သုံးနိုင်ဘို့ Fire Hydrants တွေနဲ့ မီးသတ်အင်ဂျင် ကနေ အဆောက်အအုံ ထဲ ရေထိုးထည့်နိုင်ဘို့ Breeching Inlet တွေ ကို အင်ဂျင်နီယာ နဲ့ ညှိနှိုင်း နေရာချထားပေးရတာတွေ ပါ။
        • Means of Escape :အရေးပေါ် အခြေအနေ မှာ လူတွေ လွတ်မြောက်နိုင်ဘို့ လိုအပ်တဲ့ Provisions တွေ ကို ထည့်သွင်းပေးတာ၊
        • Space Planning : Space Zoning, Fire Rated Partitions & Doors, Exits, Escape Routes, Stairs
        • Basic Fire Fighting Provisions :Fire Extinguisher, Fire Hosereels, Standpipe (Risers), Signs, etc.
        • Active Fire Fighting Strategies : Fire Fighting Systems, Detection, Smoke Venting, etc.
        • Coordination with MEP Engineers : Spaces Provisions for Active Fire Protection Systems, Water Tanks, Pump Rooms, etc.
      2. Structural Engineers
        • Structural Fire Precautions :နေရာ အလိုက် သင့်တော်တဲ့ ရာသီဥတုဒါဏ် နဲ့ Load ဝန်အား ခံနိုင်ရည် တွေ အပြင် မီးဒါဏ် ခံနိုင်ရည် အားကို ပါ တွက်ချက် စဉ်းစားပေးရပါမယ်။
        • Load Bearing Structure Design :မီးသတ် စနစ်အတွက် Water Tanks ရေကန်တွေ နဲ့ စက်ပစ္စည်းတွေ ထားတဲ့ Pump Rooms တွေ မှာ သင့်တော်တဲ့ Load ဒီဇိုင်းကို MEP Engineers တွေ နဲ့ တိုင်ပင်ပြီး တွက်ချက်ပေးရပါမယ်။ မီးသတ်ကား ဝင်မဲ့ နေရာ မှာ မီးသတ်ကား Load ဝန်အား ခံနိုင်ရည် ရှိမဲ့ လမ်းကို ဒီဇိုင်းလုပ်ပေးရပါမယ်။
      3. Mechanical Engineers
        • Architects တွေ နဲ့ Structural Engineers တွေ က Passive Fire Protection လို့ ခေါ်တဲ့ မီးဒါဏ်ကာကွယ် နိုင်ဘို့ အဓိက စဉ်းစားရတဲ့ အချိန်မှာ Mechanical Engineers တွေ ကတော့ မီး ကိုငြှိမ်းသတ်ဘို့ Active Fire Protection ကို စဉ်းစားပေးရပါတယ်။
        • Fire Fighting Systems : သင့်တော်တဲ့ Fire Protecting Systems မီးသတ်စနစ်တွေ၊ ကို ဒီဇိုင်းလုပ်ပေးရပါမယ်။ လိုအပ်မဲ့ စက်ပစ္စည်း အရွယ်ပမာဏ၊Electrical Demand၊ ပိုက်အရွယ်အစား က စပြီး လိုအပ်တဲ့ တွက်ချက်မှု တွေ ကို လည်း လုပ်ပေးရပါမယ်။
        • Mechanical Ventilation and Smoke Control Systems : အရေးပေါ် အခြေအနေ မှာ Air Conditioning Systems နဲ့ အခြား MEP Systems တွေကနေ မီးနဲ့ မီးခိုးတွေ မကူးနိုင်အောင် နဲ့ မီးခိုးတွေ ကို အချိန်မီ ဖယ်ထုတ်နိုင်အောင် ဒီဇိုင်းလုပ်ပေးရပါမယ်။
      4. Electrical Engineers
        • Electrical Safety Design ဒီလျှပ်စစ် လိုအပ်ချက် ကို အတွေ့အကြုံ ရှိတဲ့ Professional Electrical Engineer က ဒီဇိုင်းလုပ်ရပါမယ်။ ဆိုင်ခန်းတွေ ရဲ့ မီးသုံးမဲ့ အား ( မီးထွန်းဘို့၊ ပါဝါသုံးဘို့၊ ) လိုအပ်ချက် အပြင် အဆောက်အအုံ တစ်ခုလုံး အတွက် လိုအပ်ချက် တွေ ကို လည်း တွက်ချက်ပေးရတဲ့ သူပါ။ Overload (or) Short Circuit ဖြစ်ရင် သက်ဆိုင်ရာ Circuit ကို အလိုလို ဖြတ်ချဘို့။ Earth Fault / Leakage ဖြစ်ရင် အလိုလို ဖြတ်ချဘို့ တွေ လည်းပါဝင်ပါတယ်။ လျှပ်စစ်မီး ၊ ရေနဲ့ မတည့် ဘူးဆိုပေမဲ့ မီးသတ်စနစ် အများစု က Transformer Rooms တွေ နဲ့ Electrical Switch Rooms တွေက လွဲရင် ရေသုံးတာ များပါတယ်။ Earth Fault / Leakage ဖြစ်ရင် အလိုလို ဖြတ်ချမှာ မို့ ရေနဲ့သတ်လို့ မီးပိုကြီးစရာ အကြောင်း သိပ် မရှိလှပါဘူး။
        • Lighting Emergency / Exit Lighting အရေးပေါ် အခြေအနေ မှာ လူတွေ ကို အလင်းရောင် ပေးနိုင်အောင် နဲ့ လွယ်လွယ်ကူကူ ထွက်ပေါက် ကို ရှာတွေ့အောင် ထွန်းပေးရမဲ့ မီးတွေ ဖြစ်ပါတယ်။ လျှပ်စစ် မီးပြတ်သွားလည်း လင်းနေရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Back-up Battery Pack ဖြစ်ဖြစ်၊ Emergency Power Backup နဲ့ ဖြစ်ဖြစ် ထားပေးရပါတယ်။
        • Emergency Standby Power Generatorsအရေးပေါ် အခြေအနေ မှာ မီးသတ်စနစ် တွေ အတွက် လိုအပ်မဲ့ ပါဝါ ကို လုံလုံလောက်လောက်ပေး နိုင်ဘို့ ဒီဇိုင်းလုပ်ထားတဲ့ ဂျင်နရေတာပါ။
    3. ဆောက်လုပ်သူ ကန်ထရိုက်တာများ။
      • Not Cutting Corners :ရေရှည် အကျိုးအမြတ် ကို ကြည့်ဘို့။ ပြီးစလွယ် မလုပ်ဘို့။ အပေါ်ယံ ဖုံးဖိပြီး လုပ်တာမျိုးရှောင်ဘို့။
      • Use Quality Material/Equipments :အရည်အသွေး ပြည့်မီတဲ့၊ သင့်တော်တဲ့ ပစ္စည်းကို သုံးဘို့။ ပစ္စည်း မခိုဘို့။
      • Maintain Good Installation Quality :ဆောက်လုပ်တတ်ဆင် တဲ့ အခါ Installation Quality ထိန်းဘို့။ ကျွမ်းကျင်သူတွေ ကို ပဲ အသုံးပြုဘို့။
    4. အဆောက်အအုံ ပိုင်ရှင်။
      • စီးပွားရေး အုပ်စုတွေ က ပိုင်တာ ရှိသလို စည်ပင်သာယာ က ပိုင်တာလည်း ရှိပါမယ်။ ဘယ်သူပဲ ဖြစ်ဖြစ် တာဝန်ကိုယ်စီ တော့ ရှိမှာ ပါပဲ။
      • Include Fire Protection Systems :သင့်တော်တဲ့ မီးသတ်စနစ် တွေ အတွက် ဘတ်ဂျက်ထည့်ပေးဘို့။ မလျော့ဘို့။
      • Tenants' Manuals :ဆိုင်ခန်းရှင် တွေ အတွက် Fit-out Manual / Agreements တွေ ထည့်သွင်းတဲ့ အခါ မီးဘေးကာကွယ် ရေး နဲ့ ဆိုင်တဲ့ အချက်အလက် တွေ ပါဝင်ဘို့။ အထဲမှာ ထားနိုင်တဲ့ ပစ္စည်း သတ်မှတ်ချက် တွေ ပါဘို့။ ( ဥပမာ။ ။ Limiting Flammable Liquids / Combustible Materials.)
      • Fire Educations :ဆိုင်ခန်းရှင် တွေ၊ ဈေးသူဈေးသား တွေ ကို မီးဘေး ကာကွယ်ရေး အသိပေးဘို့။ ရံဖံရံခါ၊ Fire Drill ခေါ် မီးဘေးတိမ်းရှောင်မှု လေ့ကျင့်ခြင်း ကို လုပ်ပေးဘို့။ Fire Extinguisher သုံးတာ ကို Demonstration လုပ်ပြဘို့
      • Enforce Fire Protection Practices: Escape Route မှာ ပစ္စည်းထားတာ၊ ပစ္စည်းကို သတ်မှတ်ထားတဲ့ အတိုင်း မထားတာ။ မသင့်တော်တဲ့ (Safety Mark မပါတဲ့) လျှပ်စစ်ပစ္စည်း တွေ သုံးစွဲတာ တွေ ကို အရေးယူဘို့။ ဒါဏ်ရိုက်ဘို့ (မှတ်ချက်။ ။ ဒါဏ်ရိုက်ပါက မီးဘေးကာကွယ် ရေး ရံပုံငွေ အဖြစ် တရားဝင် စာရင်းသွင်း မှ သာ တရားမျှတ မည်ဖြစ်သည်။)
      • Maintenance of Fire Protection Systems : မီးသတ်စနစ် တွေ ကို အမြဲတမ်း အဆင်သင့် ဖြစ်နေစေဘို့ အတွက်၊ အချိန်မှန် ထိန်းသိမ်းမဲ့ ဝန်ထမ်းရှိဘို့ နဲ့ လိုအပ်တဲ့ ပြင်ဆင်မှု ထိန်းသိမ်းမှု၊ စမ်းသပ်မှု တွေ ကို လုပ်ဘို့။
      • ဈေးအတွက် ရန်သူမျိုး ငါးပါး ဘေး ကနေ ကာကွယ်ဘို့ သင့်တော်တဲ့ လုံခြုံရေး စနစ်တွေ စည်းတွေ ကို ဒီဇိုင်းလုပ်စဉ် ဆောက်လုပ်စဉ် ထဲက ထည့်သွင်းစဉ်းစား ပြီး အကောင်အထည် ဖော်ခြင်းဖြင့် သူခိုး၊သူဝှက် ရန်ကို သာမက တို့မီး ရှို့မီး အန္တရာယ် တွေကိုပါ အတိုင်းအတာ တစ်ခု အထိ အကာအကွယ် ပေးနိုင်ပါလိမ့်မယ်။
      • Electrical Power Requirements : Electrical Engineer နဲ့ ညှိနှိုင်းပြီး ဆိုင်ခန်းတွေ ရဲ့ မီးသုံးမဲ့ အား ( မီးထွန်းဘို့၊ ပါဝါသုံးဘို့၊ )။ မီးထွန်းဘို့ ဆိုရင်လည်း အလင်းရောင် အတွက်၊ အလှဆင်ဘို့ အတွက်၊ ပစ္စည်း တွေ ကို ဆွဲဆောင်မှု ပေးစေဘို့ အတွက် ဘယ်လောက်စီ သုံးမယ်။ ပါဝါသုံးဘို့ ဆိုရင်လည်း ဘယ်လောက်အထိ သုံးဘို့ လိုအပ်တယ် ဆိုတာ အပြင် ခွင့်ပြုနိုင်တဲ့ အတိုင်းအတာ ကို လည်း သတ်မှတ်ပေးရပါမယ်။ ဆိုင်ခန်းရှင်တွေ ရဲ့ လိုအပ်ချက် ကို လည်း ဖြစ်နိုင်ရင် စာရင်းကောက်ယူသင့်ပါတယ်။ ဒါက Electrical Safety အတွက်ပါ။
    5. ဆိုင်ခန်း ပိုင်ရှင် များ။
      • ဆိုင်ခန်း ပိုင်ရှင်များ ကတော့ ဆုံးရှုံးမှု ကို တိုက်ရိုက်ခံရမဲ့ သူတွေ ဖြစ်သလို စည်းကမ်းအဖောက်ဆုံး သူတွေ လည်း ဖြစ်တတ်ပါတယ်။
      • Follow Tenancy Manual for Safety မီးဘေးကာကွယ်ရေး အတွက် လိုက်နာရမဲ့ အချက်တွေ ကို လိုက်နာပါ။
      • Always clear escape routes : Escape Routes တွေကို ပိတ်ပြီး ပစ္စည်းတွေ မထားသင့်ပါဘူး။ ဈေးတွေ ကို သွားကြည့်ရင် လမ်းတွေ ကို အထည်ထုတ်တွေ၊ စက္ကူ၊ ဂျပ်ထူဘူး တွေ နဲ့ ပိတ်နေတာ က အရေးပေါ် အခြေအနေ မှာ ဒုက္ခပေးပါလိမ့်မယ်။ ခနပါ၊ မဖြစ်လောက်ပါဘူး ဆို တဲ့ အတွေးမျိုး ဘယ်တော့မှ မရှိဘို့ သတိပြုရပါမယ်။
      • Store mercantile properly and do not store flammable liquids / materials:မီးလောင်နိုင်တဲ့ လောင်စာ တွေ ကို မသိုလှောင် ထားမိစေဘို့ လိုအပ်ပါတယ်။ လိုအပ်တယ်ဆိုရင် Special Fire Compartment လိုအပ်ပါလိမ့်မယ်။
      • Use Only Safe Electrical Appliances :ယုံကြည်စိတ်ချ ရ တဲ့ လျှပ်စစ်ပစ္စည်း ကိုပဲ သုံးဘို့ပါ။ အထူးသဖြင့် Motor ပါတဲ့ Electrical Appliances တွေဆို မီးအားအတက်အကျ ဒါဏ်မခံနိုင်တာ မို့ Regulator / Safe Cut-Off သုံးရပါမယ်။ Socket တွေ ကို မဆမတန် Overload မဖြစ်စေ ရပါဘူး။ ရေနွေးကျိုတဲ့ ဂေါက်၊ မီးဖို စတာတွေ က သုံးဘို့ မသင့်တဲ့ ပစ္စည်းတွေပါ။ ရေနွေးဆူရင် သူ့ဖာသာ ပိတ်သွားမဲ့ Safety Kettle တွေလောက်တောင် မီးလောင်နိုင်တဲ့ ပစ္စည်းတွေ နဲ့ လွတ်လွတ်ကင်းကင်း မှာပဲ သုံးသင့်ပါတယ်။
      • Familiar with Fire Protection Education :အရေးပေါ် အခြေအနေ မှာ ဘယ်လို တုန့်ပြန်မလဲ သိရပါမယ်။ အခြေခံ မီးသတ်ပစ္စည်းတွေ နဲ့ ယဉ်ပါးနေရပါမယ်။ မီးသတ်ဗူး (Portable Fire Extinguishers) တွေ၊ Fire Hosereel တွေ ကို သုံးတတ်ရပါမယ်။ Fire Hosereel တွေ က မီးလောင်တဲ့ အခါမှာ သုံးဘို့ဖြစ်ပြီး ရေဆေးတဲ့ အခါ သုံးဘို့ မဟုတ်ကြောင်း နားလည်ရပါမယ်။
  3. စဉ်းစားရန် အချက်များ။
    မီးဘေးကာကွယ် ဘို့ အတွက် စဉ်းစားရမဲ့ အချက်တွေ ကတော့
    1. မီးစမလောင် ရလေအောင် ဘယ်လို ကာကွယ် မှာလဲ ?
      • Fire Triangle က နိယာမ အရ အပူ (မီးပွင့်)၊ လောင်စာ နဲ့ လေ (အောက်ဆီဂျင်) သုံးခု ပေါင်းမှ မီးဖြစ်ပါတယ်။ ဒါကြောင့် မီးပွင့်ဖြစ်မဲ့ အပူ ကို တားရပါမယ်။ ဒီနေရာမှာ Wire Shock, ဆေးလိပ်မီး၊ အမွှေးတိုင်၊ ဖယောင်းတိုင် မီး၊ မီးခွက်၊ မီးအိမ် တွေ က အဓိက ဖြစ်ပါတယ်။ ဒါကြောင့် ဈေးထဲမှာ ဆေးလိပ် မသောက်ဘို့ တားရပါမယ်။ အမွှေးတိုင်၊ ဖယောင်းတိုင် ကို အကာအကွယ် လုံလုံလောက်လောက် မရှိပဲ ထွန်းတာ တားရပါမယ်။ သေသေချာချာ သတ်မှတ် ကာကွယ် ထားတဲ့ စားသောက်ဆိုင် မီးဖို က လွဲရင် အပြင်မှာ ရေနွေးတင်ကျိုတဲ့ မီးဖို မထားရပါဘူး။ ( Safety Kettle တောင်မှ လောင်စာ နဲ့ လွတ်လွတ်ကင်းကင်း နေရာမှာ ပဲ သုံးသင့်ပါတယ်။)
      • နောက်တစ်ခု က အပူဖြစ်မဲ့ နေရာနဲ့ လောင်စာ ကွာနေစေဘို့ပါ။ ဝါယာရှော့ခ် ဖြစ်ပေမဲ့ လျှပ်စစ် Circuit ကို ဒီဇိုင်းလုပ်ထားရင် လျှပ်စစ်က သူ့ဖာသာပြတ်ကျ သွားပါမယ်။ ဆက်လောင်စရာ လောင်စာ အနားမှာကပ်ရက် မရှိရင် မီးမလောင်နိုင်ပါဘူး။
      • (အထည်၊ စက္ကူ၊ လို) မီးလောင်အား ကောင်းတဲ့ လောင်စာ တွေ ကို အဆမတန် မလှောင်ထားမိဘို့ လိုအပ်ပါတယ်။ ဒါမှ မီးမကြီးလာမှာ ဖြစ်ပါတယ်။
      • လောင်စာဆီ တွေ ကတော့ ဈေးထဲ မှာ လုံးဝ မထားတာ အကောင်းဆုံးပါ။
    2. မီးစ လောင်ခဲ့ရင်လည်း အရှိန်ကြီးမလာအောင်၊ အရှိန်မရခင် ငြှိမ်းသတ်နိုင်အောင် ဘာလုပ်ရမလဲ ?
      • အဓိက က အချိန်မီ ငြှိမ်းသတ် နိုင်ဘို့ပါ။
        "အချိန်မီသာသိရရင် ရေတစ်ခွက်၊ သဲတစ်ဆုပ် နဲ့တင် ငြိမ်းသတ်လို့ ရနိုင်ပါတယ်။"
        Portable Fire Extinguisher (မီးသတ်ဗူး) နဲ့ တောင် ကာကွယ်နိုင်ပါတယ်။ ဒီလို အရှိန်မရမီ အချိန်မီ တားနိုင်ရင် ဆုံးရှုံးမှု နည်းပါမယ်။
      • လက်လှမ်းမီ တဲ့ နေရာမှာ မီးအားပျော့ပျော့ ကို ငြိမ်းသတ်နိုင်တဲ့ Portable Fire Extinguishers / Fire Hosereels တွေ ရှိဘို့ လိုအပ်ပါတယ်။ ဒါတွေ ကို ထိထိရောက်ရောက် သုံးတတ်တဲ့ သူ တွေ ဖြစ်ဘို့ လည်း လိုအပ်ပါတယ်။
      • ဈေးချိန်မဟုတ် လူမရှိတဲ့ အချိန်မှာ စတဲ့ မီးမျိုး ဆိုရင်တော့ မီးကင်းလှည့်တာ ထက် Active Heat / Smoke Detection Systems / Automatic Fire ProtectionSystems (Sprinkler, Gaseous Suppressions Systems, etc. ) တွေ က ပိုပြီး ထိထိရောက်ရောက် ကာကွယ် ပေးနိုင် ပါလိမ့်မယ်။
      • တိုးတက်တဲ့ နိုင်ငံတွေ မှာတော့ Active Fire Systems တွေ လူမစ ရပဲ မီးအစပျိုးတာနဲ့ သူ့ဖာသာ အလိုလို လုပ်လုပ် မီးသတ်၊ တစ်ပြိုင်နက် တည်းမှာပဲ မီးသတ်ဌာန ကို လည်း အလိုလို ချိတ်ဆက် အသိပေးမဲ့ Systems တွေ ပါဝင်လေ့ရှိပါတယ်။ ဘယ်နေရာ မှာ အရေးပေါ် အခြေအနေ လည်း ကြိုသိတာ မို့ ချက်ချင်း ရောက်လာနိုင်ပါတယ်။
      • မဆောက်ခင် နဲ့ ဆောက်စဉ် ထဲ က အစီအစဉ် ချထားတာ မို့ မီးသတ်ကားဝင် ဘို့၊ မီးသတ်တပ်ဖွဲ့ တွေ အလုပ်လုပ်ဘို့ အနှောင့်အယှက် နည်းမှာ ဖြစ်ပြီး ပိုပြီး မြန်ဆန်စွာ ငြိမ်းသတ်နိုင်မှာ ဖြစ်ပါတယ်။
    3. တစ်နေရာ က နေတစ်နေရာ ကို မီးနဲ့ မီးခိုး မကူးရလေအောင် ဘယ်လို တားမလဲ ?
      • သင့်တော်တဲ့ Fire Rated Walls တွေ Fire Rated Doors ကို ထည့်သွင်းပေးတာ၊
      • Fire Rated Wall / Fire Compartments တွေ ကို ဖြတ်မဲ့ ACMV Ducts တွေ မှာ Fire Dampers တွေ တပ်တာ။ Non Combustible Pipe / Materials တွေ ကို သုံးတာ နဲ့ Fire Seal တွေ ထည့်တာ
      • အခြားအဆောက်အအုံ တွေ နဲ့ သင့်တော်တဲ့ အကွာအဝေး (Set-back) ထားပေးတာ၊ အပြင်က Structure ကိုလည်း သင့်တော်တဲ့ Rating ရအောင် ဒီဇိုင်းလုပ်တာ တွေ ပါဝင်ပါတယ်။
    4. လူတွေ ထွက်ပြေးလွတ်မြောက်နိုင်အောင် ဘယ်လို စီစဉ်မလဲ ?
      • အထဲမှာ ရှိနေတဲ့ လူတွေ ကို အရေးပေါ် အခြေအနေ ဖြစ်ကြောင်း အသိပေးမဲ့ စနစ် နဲ့ အတူ သင့်တော်တဲ့ Means of Escape ရှိဘို့ပါ။ လမ်းကြောင်း ရှင်းရမယ်။ လုံလောက်ကျယ်ဝန်း ရမယ်။ မီးကြောင့် ပြိုကျ နိုင်တဲ့ နံရံတွေ၊ Ceiling တွေ နဲ့ အခြားပစ္စည်းတွေ မရှိရဘူး။ လုံလောက်တဲ့ အလင်းရောင် ရဘို့ အညွှန်း Lighting (Exit / Emergency Lights) ရှိရမယ်။ မီးခိုး နဲ့ မီး ဘေး က နေ ကာကွယ်ထားတဲ့ လမ်းကြောင်း တွေ ဖြစ်နေဘို့ လည်း လိုအပ်ပါတယ်။
  4. အခြေခံ မီးဘေးကာကွယ်ရေး လိုအပ်ချက်များ အဆင့်ဆင့်။
    1. Infrastructure
      • မီးဘေးကာကွယ်ရေး အတွက် အဓိက လိုအပ်တဲ့ Infrastructure တွေ ကတော့။
        1. Water : မီးဘေးအတွက် ပါ သုံးနိုင်အောင် ပေးဝေနိုင်မဲ့ ရေပေးဝေရေး စနစ်
        2. Electricity : အားထားနိုင်သော တည်ငြိမ်သည့် လျှပ်စစ် ဓါတ်အားပေး စနစ် (Reliable and Stable Electricity Supply)
        3. Telecommunication : မီးသတ်ဌာန ကို အချိန်မရွေး ချက်ချင်း ဆက်သွယ် နိုင်မည့် (Reliable Telecom Network)
        4. Road, Access: မီးသတ်အင်ဂျင် များ အခက်အခဲ မရှိ လာနိုင်မည့် လမ်းပန်း အဆက်အသွယ်။)
        5. Fire Departments with Fire Engines: မီးသတ်အင်ဂျင် များ ရှိသော မီးသတ် ဌာန သင့်တော်ရာ (မဝေးလွန်း တဲ့ နေရာ) မှာ ရှိနေဘို့။
        6. Fire Hydrants (Public/Private): မီးသတ်အင်ဂျင် တွေ အဆင်သင့် သုံးနိုင်ရန် မီးသတ်ဘုံဘိုင်ခေါင်း များ သင့်တော်ရာ (မဝေးလွန်း တဲ့ နေရာ) မှာ ရှိနေဘို့။
      • မြန်မာပြည် မှာ တော့ ဒီ Infrastructure တွေ က ဝမ်းနည်းစရာ ကောင်းလောက်အောင် ခေတ်နောက်ပြန် နေပါပြီ။ ပြည်သူလူထု နေထိုင်ရေး၊ စီးပွားရေး ပြေလည်ဘို့ အတွက် Infrastructure တွေ ကလည်း အဓိက ကျပါတယ်။
      • မီးအားမှန်တဲ့ နေရာမှာ ၁၅ နှစ် - အနှစ် ၂၀ လောက် ဘာမှ ပြင်စရာမလို ပဲ သုံးလို့ ရမဲ့ ရေခဲသေတ္တာ တစ်လုံး ကို မီးအတက် အကျ နဲ့ မှန်မှန် မလာတဲ့ နေရာ မှာ ထားရင် ရက်ပိုင်းအတွင်း မိုတာ လောင်သွားနိုင်ပါတယ်။ ( မီးအားမှန် = Stable Supply + Stable Frequency + Stable Voltage )Air-Cond, TV တွေ လည်း ထို့ အတူပါပဲ။ လျှပ်စစ်ပစ္စည်း တော်တော်များများ က မီးမမှန်တဲ့ ဒါဏ် ကို ကြာကြာ မခံနိုင်ပါဘူး။ မီးအားမမှန် တဲ့ အခါ Inverter, Voltage Regulator, Safe-Guard စတဲ့ အပိုပစ္စည်းတွေ ထည့်ရတာ မို့ Energy Consumption လည်း ပိုလာပါတယ်။ မီးစောင့်ပြီး ညဥ့်နက်သန်းကောင် ရေတင်ရတာ၊ ထမင်းအိုးတောင် ဖြောင့်ဖြောင့် ချက်ခွင့် မရတာ၊ ရေခဲသေတ္တာ ဆိုလည်း ကြောင်အိမ်သာသာ ဖြစ်နေတာ တွေ ကတော့ ……မီးလာတဲ့ အချိန် ကိုစောင့် အခွင့်အရေး ရသမျှလေး နဲ့ ဝိုင်း သုံးချင်ကြတာမို့ ပါဝါဆွဲအား ကလည်း ပုံမှန်မဟုတ်တော့ပါဘူး။ မတန်မဆ တွေ ဖြစ်ကုန်ရပြန်ပါတယ်။
      • အပြင်က ယုံကြည်အားထား လောက်ပြီး အဆင်သင့် ယူလို့ ရတဲ့ Reliable Infrastructure မရှိတဲ့ အခါ ဒီအတွက် ပိုပြီး ဒီဇိုင်းလုပ်ရပါတော့မယ်။ ရေကန် အရွယ်အစား လိုအပ်ချက် ကြီးလာတာ၊ ဂျင်နရေတာ ပိုသုံးရတာ မျိုးတွေပါ။
    2. Fire Protection Requirements
      • အခြား မီးဘေးကာကွယ်ရေး လိုအပ်ချက် တွေ ကို အသေးစိတ် မှီငြမ်း လေ့လာဘို့ သင့်တော်တာ ကတော့ Singapore Civil Defense ရဲ့ Publishing Website ပါ။ Free Download လည်း ရပါတယ်။ ဈေး Shops အတွက် က Purpose Group V ဖြစ်ပါတယ်။
      • စာရေးသူ ရဲ့ Introduction to Fire Protection Systems မှာလည်း ဒီ အခြေခံ တွေ ကို တင်ပြထားပါတယ်။

      1. Means of Escape လူတွေ ဘေးမသီ ရန်မခ လွတ်မြောက် စေဘို့ လိုအပ်ချက် တွေ ဖြည့်ဆီးပေးရပါမယ်။
      2. Structural Fire Precautions မပြိုလဲ မပျက်စီး နိုင်မဲ့၊ တစ်နေရာ ကနေ တစ်နေရာ မီးမကူးနိုင်တဲ့ Wall, Columns, Slab, Roof, etc. တွေ ပါဝင်ရပါမယ်။
      3. Site Planning & External Fire Fighting Provision မီးသတ်ကား အဝင်အထွက် လွယ်မဲ့ လမ်းရှိရမယ်။ ပတ်ပတ်လည် မီးသတ်ကား ဝင်နိုင်ရမယ်။ (ကွေ့လို့ ရမဲ့ Turning Radius ရှိတဲ့ ထောင့်ချိုး ကွေ့ဖြစ်ရမယ်။ လမ်းမှာ ဘာမှပိတ်မနေ ရဘူး။ အပြင်ဘက် လမ်းဘေး မှာ မီးသတ်ကား အဆင်သင့် ယူ သုံးနိုင်မဲ့ Fire Hydrants တွေ ရှိရမယ်။ မီးသတ်ကားက နေ ပေးနိုင်ဘို့ Breeching Inlets တွေ ရှိရမယ်။
      4. Electrical Power Supplies အရေးပေါ် မီးသတ်စနစ် အားလုံး အတွက် လုံလုံလောက်လောက် ပေးနိုင်တဲ့ (အရေးပေါ် မှာ အလုပ်သေချာပေါက် လုပ်မဲ့) လျှပ်စစ်ဓါတ်အား ပေးစနစ် ဂျင်နရေတာ လိုအပ်ပါမယ်။
      5. Fire Fighting Systems
        အခြားတိုးတက်ပြီး နိုင်ငံ တွေ မှာ တော့ မီးသတ်စနစ် အားလုံးလိုလို က မပါမဖြစ်ပါ။ မပါရင် ဈေး ဖွင့်ခွင့်ရမှာ မဟုတ်ပါဘူး။ မြန်မာပြည် အနေနဲ့ က တော့ အစ မို့ လိုအပ်ချက် တွေ ကို ကုန်ကျ စရိတ် နဲ့ ယှဉ်ရပါလိမ့်အုံးမယ်။ ဒါကြောင့် လိုအပ်ချက်တွေ ကို ဦးစားပေး အစီအစဉ် နဲ့ ဖော်ပြလိုက်ပါတယ်။
        ရေသုံးတဲ့ မီးသတ်စနစ် တွေ အတွက် သင့်တော်တဲ့ ရေကန် (Water Tanks) တွေ နဲ့ ရေတင်စက်၊ ရေပန့် (Pumps) တွေ လိုအပ် ပါမယ်။ Hosereel အတွက် ဂါလန် (Imperial) 2,000 - 3,000 လောက် ဆန့်တဲ့ ကန်အသေး (မှတ်ချက် မှီငြမ်း မလေးရှား လိုအပ်ချက်။ စင်္ကာပူ လိုအပ်ထက် များစွာ ကြီးသည်၊ အဝင် ရေအား ကို အားမကိုးရ သဖြင့်။) ပန့် အသေးပဲ လိုအပ်ပေမဲ့ Standpipe တွေ နဲ့ Sprinkler Systems တွေ အတွက်တော့ ဂါလံ လေး-ငါးသောင်း လောက် အထိ ဆန့်တဲ့ Tanks အကြီးစား နဲ့ Pumps အကြီးစားတွေ လိုအပ်နိုင် ပါတယ်။ ဒါကို မီးသတ်ဒီဇိုင်း အတွေ့အကြုံရှိတဲ့ Experienced Mechanical Engineer တွေ က ဒီဇိုင်းလုပ်နိုင်ပါတယ်။

        အခြေခံ မီးသတ်စနစ် များ။
        ဈေးထဲမှာ လူတွေရှိနေတယ်။ (သို့) နိုးနိုးကြားကြား မီးကင်း လှည့်စောင့်နေတဲ့ သူ ရှိမယ် ဆိုရင် အောက်က စနစ် တွေ က မီးမကြီး လာအောင် အထောက်အကူ ပြု မှာ ဖြစ်ပါတယ်။
        1. Portable Fire Extinguishers အသင့်သုံး မီးသတ်ဘူးများ ကို နေရာ အကျယ်အဝန်း နဲ့ အကွာအဝေး ပေါ် မူတည်ပြီး ထားခြင်း။ တွက်နည်း ကို အရင် Post တွင် ကြည့်ပါ။ (ဈေးသူ၊ ဈေးသားများ အရေးပေါ် သုံးရန် )
        2. Fire Hosereels : အဆောက်အအုံ တွင်းသုံး မီးသတ် ရေပိုက်ခေါင်းငယ် များ ကို နေရာ အကျယ်အဝန်း နဲ့ အကွာအဝေး ပေါ် မူတည်ပြီး ထားခြင်း။ (ဈေးသူ၊ ဈေးသားများ အရေးပေါ် သုံးရန် )
        3. Fire Alarm System မီးလှန့် အချက်ပေး စနစ်။ မီးလှန့် သံချောင်း စနစ်၊ အရေးပေါ် အခြေအနေ တွင် ခလုတ် နှိပ်ပြီး အသိပေး နိုင်စေရန် ဖြစ်သည်။ (ဈေးသူ၊ ဈေးသားများ အရေးပေါ် သုံးရန် )
        4. Stand pipe (Wet/Dry Risers) အထပ်အလိုက် ထားသော မီးသတ် ရေဘုံဘိုင် ခေါင်း များ ( မီးသတ်တပ်ဖွဲ့ဝင် မီးသတ်သမား များ သုံးရန်။)
        5. Fire Hydrants ခြံဝင်းအတွင်း နှင့် လမ်းဘေး တစ်လျှောက် တွေ့ရလေ့ ရှိသော အဆောက်အအုံ ပြင်ပသုံး မီးသတ် ရေဘုံဘိုင် ခေါင်းများ၊ ( မီးသတ်တပ်ဖွဲ့ဝင် မီးသတ်သမား များ သုံးရန်။)
        6. Public Address Systems : ဈေးသူ ဈေးသား တွေ စိတ်ချမ်းသာ ဘို့ နဲ့ အရေးပေါ် အခြေအနေ မှာ ဈေးဝယ်သူ တွေ ပါ စနစ်တကျ Evacuate လုပ်နိုင်စေဘို့ ညွှန်ကြားပေးနိုင်ဘို့ အတွက်၊ Public Address Systems လည်း တတ်သင့်ပါတယ်။ အရေးပေါ် မဟုတ်တဲ့ အချိန် မှာ လည်း ချိုသာ တေးသံ တွေ နဲ့ ဈေးဝယ်သူ ကို စိတ်ချမ်းမြေ့ စေနိုင်ပါသေးတယ်။

        အလိုအလျောက် မီးလှန့် အချက်ပေး စနစ် များ။
        1. Fire and Smoke Detectionမီး၊ အပူ နဲ့ မီးခိုး တို့ကို အာရုံခံ ပြီး အလိုလို အချက်ပေးစနစ်၊ ဒါက မီးကို တိုက်ရိုက် မငြိမ်းသတ်ပေးပေ မဲ့ မီးအချိန်မီ ငြိမ်းသတ်ခွင့် ရအောင် မီးလှန့် အချက်ပေး ပါလိမ့်မယ်။
        2. Fire Department Call Panel လို့ ခေါ်တဲ့ Dedicated telephone နဲ့ ဆက်ထားတဲ့ စနစ် ရှီရင် မီးသတ်တပ်ဖွဲ့ ကို အလိုလို အကြောင်းကြားနိုင်ပါသေးတယ်။


        အလိုအလျောက် မီးသတ်စနစ် များ။
        1. Automatic Sprinklers အလိုအလျှောက် ရေဖြန်း မီးသတ် တဲ့ စနစ် ရှိရင်တော့ မီးတော်တော် များများ က စိတ်အေးရပါတယ်။ သူ့အတွက် ကုန်ကျစရိတ် ကို လည်း တတ်နိုင်မယ် ဆိုရင်ပေါ့လေ။ ဒီစနစ် က အဆောက်အအုံ အသေးတွေ အတွက် တွက်ချေ မကိုက်ပေမဲ့ မမင်္ဂလာဈေး လို လက္ကား ဈေးကြီး မျိုး အတွက် ကတော့ သင့်တော်ပါတယ်။ ဈေးသူဈေးသား တွေ အတွက်လည်း တကယ့် ဝန်ထုပ်ဝန်ပိုး ဖြစ်မှာ မဟုတ်ပါဘူး။
        2. Gas Fire Suppression Systems မီးသတ် ဓာတ်ငွေ့သုံးစနစ် များ၊ Pyrogen, CO2, Inergen, etc. စသည်၊) တွေ ကို Indoor Transformer Rooms တွေ၊ Main Switch Room တွေ အတွက် အသုံးပြုနိုင်ပါတယ်။ ဒါကတော့ ပိုင်ရှင်အတွက် အဓိကပါ။


        မီးသတ် တပ်ဖွဲ့ အတွက် အထူး စနစ် များ။ ဒါတွေ က လည်း မီးသတ်တပ်ဖွဲ့ အဆင့်မြင့်လာ တဲ့ အခါ သူတို့ အသင့်သုံး ဘို့ သတ်မှတ် ပေးလေ့ရှိတဲ့ စနစ်တွေ ပါ။
        1. Fire Lift အရေးပေါ် အခြေအနေ တွင် မီးသတ်တပ်ဖွဲ့ သုံးရန် ဓာတ်လှေကား
        2. Fire Brigade communication Systems မီးသတ်တပ်ဖွဲ့ အချင်းချင်း ဆက်သွယ် နိုင်ဘို့ အတွက် ဆက်သွယ်ရေး စနစ်
      6. Mechanical Ventilation and Smoke Control Systems
        အရေးပေါ် အခြေအနေ မှာ မီးခိုးမွန်းပြီး အသက်မဆုံးရှုံးရစေဘို့ အတွက် လိုအပ်ပါတယ်။ အဆောက်အအုံ ရဲ့ ဒီဇိုင်း ကိုလိုက်ပြီး Smoke Extraction Fan / Smoke Exhaust Duct လိုတာ ဖြစ်နိုင်သလို အမိုးကို ဖွင့်ထုတ်ပေးတဲ့ စနစ် စသည် ဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။
  5. သုံးသပ်ချက်။
    • Root Causes တွေ ကို ရှာတဲ့ အခါ အဓိက အကြောင်းရင်း တစ်ခုခု ကိုတော့ တွေ့ကြပါလိမ့်မယ်။ ကင်ဆာတဲ့ ဆိုးတဲ့ အမြစ်တွယ်နေတဲ့ Root Causes ကြီး တွေ ကတော့ တော်တော်နဲ့ ပျောက်သွားမှာ မဟုတ်ပါဘူး။
    • Fire Protection Systems (Passive & Active) : မီးဒါဏ်ခံ နိုင်တဲ့ အဆောက်အဦ ဖြစ်ဘို့ နဲ့ မီးဘေးကာကွယ် ရေးစနစ် တွေ ပါဝင်ဘို့။ အရေးပေါ် အခြေအနေ မှာ လည်း အဆင်သင့် ဖြစ်နေဘို့ နဲ့ သုံးစွဲခွင့် ရနိုင်ဘို့ အရေးကြီးတာ ကို လည်း သတိပြုကြရပါမယ်။ မီးသတ်တပ်ဖွဲ့ တွေ ထိထိရောက်ရောက် မီးသတ်နိုင်ခွင့် ရအောင် လည်း စဉ်းစားပေးရပါမယ်
    • ဂျာအေး သူ့အမေရိုက် နဲ့ ကြက်ဥ၊ ကြက်မ လက်ညှိုးထိုးမဲ့ အစား ကြက်ဥ က ပဲ စစ ကြက်မ ကပဲ စစ တစ်ခုခု က နေ စပြီး တစ်ဆင့်ချင်း ဖြေရှင်း ယူရပါလိမ့်မယ်။ ဗဟုသုတ ပြန့်ပွားအောင် လုပ်ပေးရပါလိမ့်မယ်။ အမြင်ကျယ်အောင် လုပ်ပေးရပါလိမ့်မယ်။ အတွေ့အကြုံတွေ ရအောင် လုပ်ပေးရပါလိမ့်မယ်။
    • လျှပ်စစ်မီး ကြောင့် မီးမလောင်ရအောင် ဆိုရင်လည်း မီးအားမှန်မှန် နဲ့ မီးမှန်မှန်လာဘို့ လိုအပ်ပါတယ်။ မီးအားမမှန် တာ က ဝါယာရှော့ခ် ဖြစ်ဘို့ အခွင့်အရေး ပိုများပါတယ်။
    • Electrical Distribution Design ကို Experienced Electrical Engineer က ဒီဇိုင်းလုပ်တာ ဖြစ်ရပါမယ်။ သင့်တော်တဲ့ ဝါယာကြိုး အရွယ်အစား။ Circuit Breakers , Switches, Distribution Panels, Main Switch Boards, Transformers, Earthing တွေ က စနစ်တကျ ဒီဇိုင်းလုပ်ထားတာ ဖြစ်ရပါမယ်။
    • ယုံကြည်စိတ်ချ ရတဲ့ လျှပ်စစ်ပစ္စည်း တွေ သုံးနိုင်အောင် စစ်ဆေးတဲ့ Singapore Safety Mark လို CE လို (အဂတိ ကင်းတဲ့) အဖွဲ့အစည်း တစ်ခု လိုအပ်ပါတယ်။ Tester နဲ့ထောက်ကြည့်ရင် မီးလင်းတဲ့ တရုတ်ပြည် ဖြစ် အပေါစား လျှပ်စစ် ပစ္စည်း တွေ ကို ပဲ သုံးနိုင်အောင် ဆင်းရဲမွဲတေနေအောင် လုပ်တဲ့ ဒါဏ်တွေ အချိန်အကြာကြီး ဆက် ခံနေကြရရင်တော့ မလွယ်ပါဘူး။ (မှတ်ချက်၊ တရုတ်ပြည် မှ အရည်အသွေး ကောင်းမွန် သော ပစ္စည်း များ ကို လည်း ကမ္ဘာ အနှံ့ ပို့နေပါသည်။ မြန်မာပြည် အတွက် က တော့.)
    • လူတွေ ကို လည်း စိတ်ချရတဲ့ လျှပ်စစ် ပစ္စည်း သုံးနိုင်ဘို့ ပညာပေးရပါမယ်။ ခေါင်းလျှော်ပြီး Hair Dryer သုံးရင်း ဓါတ်လိုက် ဆုံးရှုံးသွားတယ် ဆိုတဲ့ အမျိုးကောင်း သမီး တွေအကြောင်း ကြားဘူးကြ မလားပဲ။ ဒီနေရာ မှာ ကံကို ပုံချ လို့ တော့ မသင့်တော်ဘူး ထင်ပါတယ်။
  6. References

    1. Previous Blog Posts ( စာရေးသူ )
      1. Fire Protection : Introduction
        [ http://chawlwin.blogspot.com/2008/10/fire01introduction.html ]
      2. Smoke Control: Pressurization Systems
        [ http://chawlwin.blogspot.com/2009/12/smoke-control-part-1-pressurization.html ]
      3. Fire Sprinkler (Wet) System, S'pore
        [ http://chawlwin.blogspot.com/2010/03/understanding-automatic-fire-sprinkler.html ]
    2. Singapore Standards eShop
      [ http://www.singaporestandardseshop.sg/Product/Home.aspx ]
    3. Singapore Civil Defence Force (စင်္ကာပူ မီးသတ်တပ်ဖွဲ့)
      1. Publication Website : Singapore Civil Defence Force
        [ http://www.scdf.gov.sg/Building_Professionals/Publications/index.html ]
      2. SCDF (Singapore Civil Defence Force): Fire Code 2007 Master Version
        [ http://www.scdf.gov.sg/Building_Professionals/Publications/fire_code_2007master_version.html ]
      3. SCDF: Fire Code 2002 Handbooks
        [ http://www.scdf.gov.sg/Building_Professionals/Publications/fire_code_2002handbooks.html ]
    4. Youtube Videos
      1. Toronto Fire Dept-FIRE DEMO-Working Residential Sprinkler
        [ http://www.youtube.com/watch?v=Nlyx8zR7q7M ]
      2. Fire Sprinkler Demonstration[ http://www.youtube.com/watch?v=1NUKYQMxWl4 ]
    5. Manufacturers
      1. Aurora Fire Pumps Website[ http://www.aurorapump.com/html/market_fire.htm ]
      2. Victaulic Company
        [ http://www.victaulic.com/content/firelockautosprinklersfpliterature.htm ]
      3. Victaulic Company : Automatic Sprinkler Product Reference (pdf)
        [ http://www.victaulic.com/docs/lit/40.01.PDF ]
      4. Viking SprinklerSpray Patterns
        [ http://www.vikingcorp.com/databook/sprinklers/spraypatterns/ ]
      5. Steel Recon Industries (SRI) Malaysia Products [ http://www.sri.com.my/products.html ]
    6. Fire Protection Engineering by Morgan Hurley, P.E., SFPE
      [ http://www.wbdg.org/design/dd_fireprotecteng.php ]

Read More... [ အကျယ် ဖတ်ရန်... ]