မြန်မာနိုင်ငံ ရဲ့
Infrastructure တွေ ကို မွမ်းမံဘို့
Mega-City ဖြစ်နေတဲ့ မဟာရန်ကုန် ရဲ့ လိုအပ်ချက် တွေ ကို ဆွေးနွေးနိုင်ဘို့ အချက်တွေကို
File Upload တင်ပေးလိုက်ပါတယ်။ (
Rev 4, 28 Nov 2015)
တိုးတက်လာတဲ့ လူဦးရေ နဲ့ မွမ်းမံ ရမဲ့ စနစ်တွေ အကြောင်းပါ။ အင်မတန် အိမ်ယာ ဈေးကြီးတဲ့ မြို့ ဖြစ်နေပေမဲ့ အခြေခံ စနစ်တွေ မပြည့်စုံသေးတာ ကို မဟာရန်ကုန် က စပြီး ပြင်နိုင်အောင် အဖြေရှာ ပေးနိုင်ဘို့ပါ။
လက်ရှိအစိုးရ ဖွဲ့တော့ မဲ့
NLD ပါတီ ရဲ့ စီးပွားရေး မူဝါဒ အချက် ငါးခု မြောက် က လည်း
Infrastructure တွေ ကို မွမ်းမံဘို့ ဖြစ်တာမို့ အကောင်အထည် ပေါ်နိုင်ပါစေ လို့ ဆန္ဒလည်းပြု လိုအပ်ချက် တွေ ကို လည်း လေ့လာတဲ့ သဘောပါ။
မြန်မာနိုင်ငံ နဲ့ ပတ်သက်လို့ မြို့ပြအခြေအနေ တွေ အကြောင်း ပြောဆို ဆွေးနွေး ကြတဲ့ အခါ ပြည်ပရောက် မြန်မာ အင်ဂျင်နီယာ တွေ နဲ့ နိုင်ငံခြားသား အင်ဂျင်နီယာ တွေ သဘော တူညီတဲ့ အကြောင်းအရာ တစ်ခု ကတော့ မြန်မာနိုင်ငံ က
Public Infrastructure တွေ ကို တိုးချဲ့ ပြီး ပိုမို ကောင်းမွန် အောင် လုပ်သင့် နေပြီ ဆိုတဲ့ အချက်တစ်ခုပါ။
ဒီနေရာမှာ
Public Infrastructure ဆိုတာ ကတော့ နိုင်ငံ တစ်ခု၊ မြို့ပြတစ်ခု ရဲ့ လူနေမှု နဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက် ဘို့ အထောက်အပံ့ ပေးမဲ့ အခြေခံ စနစ်တွေ ကို ဆိုလိုပါတယ်။ ဒါကို
Hard Infrastructure နဲ့
Soft Infrastructure လို့ နှစ်ပိုင်းခွဲနိုင်ပါတယ်။
Hard Infrastructure လို့ခေါ်တဲ့ အခြေခံ စနစ်တွေ ကိုကြည့်ရင်။
- ခရီးသွား အဆင်ပြေဘို့ လမ်းပန်းဆက်သွယ်ရေး ကွန်ယက်များ။ (ကားလမ်း၊ အမြန်လမ်း၊ ရထားလမ်း၊ မြို့ပြ လူများစု ပို့ဆောင်ရေး စနစ်များ၊ တံတား၊ ကားဂိတ်၊ဘူတာ၊ သဘောင်္ဆိပ်၊ လေဆိပ်၊)
- မိုးရေ နှင့် ရေအရင်းအမြစ် စီမံခန့်ခွဲ ရေး နှင့် ရေသန့် ပေးဝေရေး စနစ်များ၊
- မိလ္လာ နှင့် ရေဆိုး သန့်စင်ရေး နှင့် စွန့်ပစ်ရေး စနစ်များ၊
- အမှိုက်သိမ်း စနစ် နှင့် စနစ်တကျ စွန့်ပစ် ရေး စနစ်များ၊ သန့်ရှင်းရေး စနစ်များ။
- အဆိပ်အတောက် (သို့) အန္တာရာယ် ဖြစ်စေနိုင်သော အမှိုက်များ စနစ်တကျ သန့်စင် စွန့်ပစ်ရေး စနစ်များ။
- လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး နှင့် ဖြန့်ဝေရေး စနစ်များ၊
- ဆက်သွယ်ရေး တယ်လီဖုန်း၊ ကေဘယ် (တီဗီ၊ အင်တာနက်) နှင့် အရေးပေါ် အချက်ပေး နှင့် ကာကွယ်ရေး စနစ်များ၊
ဒုတိယ အမျိုးအစား က တော့ နိုင်ငံ တိုးတက်ရေး နဲ့ ပြည်သူတွေ ရဲ့ လူနေမှု ဘဝ တိုးတက်ရေး (စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ အပန်းဖြေ ရေး နဲ့ အသက် အိုးအိမ် စည်းစိမ် လုံခြုံစိတ်ချ မှု ရှိရေး) အတွက် လိုအပ်တဲ့
Soft Infrastructure လို့ ခေါ်တဲ့ အဖွဲ့အစည်း တွေ၊ စီမံခန့်ခွဲမှု စနစ်တွေ နဲ့ ၄င်းတို့ရဲ့ အခြေခံ အဆောက်အအုံတွေ ကို ဆိုလိုပါတယ်။
- အုပ်ချုပ်ရေး တရားဥပဒေ စိုးမိုးရေး။ ။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စီမံခန့်ခွဲရေး၊ လုံခြုံရေး၊ အရေးပေါ် (ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အရေးပေါ်သူနာပြု / လူနာပို့ဆောင်ရေးနှင့် သဘာဝ ကပ်ဘေး ကာကွယ်ရေး စနစ်များ)၊ နိုင်ငံတော် ကာကွယ်ရေး နဲ့စစ်ဘက်ဆိုင်ရာ။
- စီးပွားရေး။ ။ ဘဏ်၊ ဈေးကွက်၊ အခြေခံ စီးပွားရေး နှင့် ကုန်ထုတ်လုပ်မှု ဆိုင်ရာ စက်ရုံ အလုပ်ရုံ၊ ဝန်ကြီးဌာန (လယ်ယာ၊ စက်မှု၊လက်မှု၊ သယံဇာတ။)
- လူမှုရေး။ ။ကျန်းမာရေး၊ (ဆေးရုံ၊ဆေးခန်း)၊ ပညာရေး (စာသင်ကျောင်း၊ သင်တန်းကျောင်း၊ တက္ကသိုလ်)၊ ကပ်ဘေး မှ ပြန်လည်ပြိုးထောင်ရေး။
- ရိုးရာဓလေ့ ယဉ်ကျေးမှု၊အားကစား နှင့် အပန်းဖြေရေး။ ။အားကစားရုံ၊ အားကစားကွင်း၊ ပန်းခြံ၊ ပြတိုက်၊ ရုပ်ရှင်၊ ရှေးဟောင်းအမွေ အနှစ်၊ဘာသာရေး ဆိုင်ရာ အသင်းအဖွဲ့ များ။
ဒီလိုအပ်ချက်တွေ က လည်း မြို့ပြ စည်ပင်သာယာရေး (မြူနီစီပါယ်) စနစ် တွေ အတွက် အခြေခံ ဖြစ်နေပြန်ပါတယ်။ နိုင်ငံ တကာ ရဲ့ မြို့တွေ မှာ သူတို့ မြို့တိုးတက်ဖွံ့ဖြိုးရေး အတွက် အစီအစဉ် တွေ ရှိနေလေ့ရှိပါတယ်။ ကိုယ့်မြို့စီးပွားရေး နဲ့ လူနေမှု ဘဝတိုးတက်ဘို့၊ သန့်ရှင်း သာယာလှပဘို့၊ နာမည်ကောင်း ရှိဘို့ နဲ့ထိန်းသိမ်း နိုင်ဘို့၊ လုံခြုံစိတ်ချ ရဘို့၊ စီးပွားရေ အရရော၊ အလည်အပတ် အတွက်ပါ ဆွဲဆောင်မှု ရှိဘို့ ရေတို၊ ရေရှည်စီမံကိန်း တွေ သတ်မှတ် ပြီး မြို့ကျက်သရေ နဲ့ ဂုဏ်သိက္ခာ ရှိအောင် မြို့တော်ဝန် နဲ့ အုပ်ချုပ်ရေး စနစ် တွေ စည်ပင်သာယာ၊ အခြားလူမှုရေး၊ လိုအပ်ချက် တွေ ကို စနစ်တကျ အုပ်ချုပ် စီမံ ခန့်ခွဲ နေနိုင်ဘို့ လိုအပ်ပါတယ်။
စာရေးသူ အနေနဲ့ ဆရာကြီးတစ်ယောက် မဟုတ်သလို
Jack-of-All-Trades မဟုတ်တာ မို့ ကိုယ် ရင်းနှီးကျွမ်းဝင်တဲ့၊ လုပ်ငန်းအတွေ့ အကြုံနဲ့ တိုက်ရိုက် ပတ်သက်တဲ့ မြို့ပြဒေသ အဆောက်အအုံ တွေ ဘက် ရှုထောင့်ကနေ ပဲ ကြည့်ပြီး ဆွေးနွေး မှာပါ။ မဟာ ရန်ကုန် မြို့တော် အတွက် အဆင့်မြှင့် ဘို့ လိုအပ်တဲ့ မြို့ပြလူနေမှု စနစ် မှာ ရှိသင့်တဲ့ ဝန်ဆောင်မှု အကြောင်းအရာ အချို့ ကို ဦးစားပေး ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။
မြို့လို့ခေါ်လိုက်ရင် မြို့အင်္ဂါရပ်တွေ နဲ့ ညီဘို့ လိုပါတယ်။ ဒီအင်္ဂါရပ် ဆိုတဲ့ စကားလုံး မှာ လည်း ခေတ်နဲ့ လည်း လိုက်လျော ညီထွေ ရှိတဲ့ အင်္ဂါရပ်မျိုး တွေ ကို ဆိုလိုပါတယ်။ မြို့တော် ဆိုရင် လည်း မြို့တော် တစ်ခု ရဲ့ လိုအပ်ချက် နဲ့ ညီဘို့ လိုအပ်ပါမယ်။ အနာသိမှ ဆေးရှိမှာ မို့ လုပ်သင့်တာ နဲ့ ဖြစ်သလို လုပ်နေရတာ တွေ ကို အခြေအနေ ဆိုးသည်ထက် ဆိုးသည့် ဘက် ကို မသွားပဲ အမြန်ဆုံး ပြုပြင်နိုင်ဘို့ ကြိုးစားကြရမှာပါ။ စနစ် ကျတဲ့ စီမံခန့်ခွဲမှု တွေ လုပ်ထုံးလုပ်နည်း တွေ ချမှ ပြီး သင့်တော်တဲ့ စီမံကိန်းတွေ ကို လည်း အကောင်အထည် ဖော်ဆောင် နိုင်ဘို့ လိုအပ်ပါတယ်။
မြို့လို့ ဆိုလိုက်တာ နဲ့ စနစ်တကျ ဖောက်လုပ်ထားတဲ့ လမ်းတွေ ရှိရမယ်။ ရာဇဝတ် မှု နဲ့ မီးဘေးအန္တာရာယ် တွေ တင် မက သဘာဝ ဘေးအန္တာရာယ် အတွက် ကာကွယ်မှု အစီအစဉ် တွေ ရှိရမယ်။ ရေ၊ မီးအစုံ ရှိရမယ်။ အမှိုက် တွေ ရှင်းရမယ်။ သန့်ရှင်းမှု ရှိရမယ်။ အနားယူ အပန်းဖြေ၊ လေ့ကျင့်ခန်း လုပ်ဘို့ ပန်းခြံတွေ၊ ကစားကွင်းတွေ ရှိရမယ်။ ကျန်းမာရေး အတွက် လိုအပ်တဲ့ ဆေးရုံ၊ ဆေးခန်း နဲ့ အရေးပေါ် လူနာစောင့်ရှောက်မှု စနစ်တွေ ရှိရမယ်။ နေချင် စဖွယ်လည်း ဖြစ်နေရပါမယ်။
ဟုတ်ကဲ့။ မြို့ပြတစ်ခု မှာ နေတဲ့ သူတွေ အတွက် ဒါတွေက ရသင့်တဲ့ အခြေခံ လိုအပ်ချက်တွေ ပါ။ ရေ၊မီး အစုံ လိုချင်ပါတယ်။ ခြင်ကိုက် မခံခြင်ကြပါဘူး။ အစားအသောက်တွေ ယင်နားတာ မကြိုက်ကြ ပါဘူး။ အမှိုက်တွေ နဲ့ နံစော်ညစ်ပတ်နေတာ လည်း ကြိုက်ကြမယ် မထင်ပါဘူး။ သွားရေးလာရေး လည်း လွယ်ကူချောမွေ့စေချင်ပါမယ်။ စိတ်ချမ်းသာစွာ သွားလာနေထိုင်ချင်ကြပါမယ်။
ဒါဆို ဒီလို စည်ပင်သာယာ ဝန်ဆောင် မှု တွေ အလကား ရနိုင်မလား ဆိုရင် လည်း မရနိုင်ပါဘူး လို့ပဲ ဖြေရပါမယ်။။ လမ်းတွေခင်းတာ၊ လူသွား ပလက်ဖောင်းတွေ၊ မီးပွိုင့်တွေ၊ ရေ၊ မီး၊ မိလ္လာ စနစ်တွေ အပါအဝင်
Infrastructure တွေ အားလုံး ကို ဆောက်လုပ်ဘို့၊ ထိန်းသိမ်းဘို့၊ မွမ်းမံ ချဲ့ထွင်ဘို့ ကုန်ကျစရိတ် တွေ လည်း ရှိပါတယ်။ ဒီကုန်ကျ စရိတ် တွေ ကို မြို့ကို စနစ်တကျ စီမံခန့်ခွဲမှု တွေ က ရလာတဲ့ အခွန်အကောက် ငွေတွေ၊ မ တည်ငွေ တွေ နဲ့ ဖြည့်ဆီးပေးရပါတယ်။ မြို့တော်တွေ ရဲ့ စီမံ ခန့်ခွဲ မှု လိုအပ်ချက် ကို နောက် ပိုင်း စာစုတွေ မှာ ဆက်လက် ဆွေးနွေးပေးသွားပါမယ်။
ရန်ကုန် မြို့တော် မှာ ဒုတိယ ကမ္ဘာစစ် မဖြစ်မီ က လူဦးရေ ငါးသိန်းခန့် ပဲ ရှိတယ်လို့ ဆိုပါတယ်။ ခုလက်ရှိ အခြေအနေ မှာ လူဦးရေ က ငါးသန်း မက တော့တာ မို့ မဟာ ရန်ကုန် မြို့တော် လို့ ပြောရမှာပါ။ လူဦးရေ ဆယ်ဆ မက တိုးလာပေမဲ့ ကိုလိုနီ ခေတ် တုံး က မြို့တော်စည်ပင် သာယာရေး အတွက် စနစ်တကျ တွက်ချက် ဆောက်လုပ်ခဲ့ တဲ့ ရေပေးဝေရေး၊ မိလ္လာစနစ် နဲ့ စည်ပင်သာယာ ဝန်ဆောင်မှု တွေ က ဘယ်လောက်အဆင့် အထိ တိုးချဲ့မှု ရှိခဲ့ပါသလဲ။ ဘယ်လောက် အထိ ထိန်းသိမ်း ထား နိုင်ခဲ့ သလဲ။ ဆိုတဲ့ မေးခွန်း ကို ဖြေနိုင်တဲ့ သူရှားပါလိမ့်မယ်။ နှစ်ပေါင်း ခုနှစ်ဆယ် ဆိုတာ နည်းတဲ့ အချိန် မဟုတ်တာ မို့ အချို့ စနစ် တွေ ခုချိန် အထိ သုံးလို့ ရနေဆဲ ဆိုရင်တောင် လဲလှယ်၊ မွမ်းမံ ဘို့ လိုအပ်နေ လောက်ပါပြီ။ လူဦးရေ က လည်း ထပ်တိုး လာဘို့ရှိပါတယ်။
မွမ်းမံတယ် ဆိုတဲ့ နေရာမှာ လက်ရှိ အခြေအနေ ကို ပြေလည်းရုံ လောက်သာမက ရေရှည် အတွက်၊ တိုးတက်လာမဲ့ လူဦးရေ၊ ပြောင်းလဲလာနိုင်တဲ့ စီးပွားရေး အခြေအနေ နဲ့ အဆောက်အအုံ အမျိုးအစား၊ စတာ တွေ ကို ပါခြုံငုံ သုံးသပ်ပြီး အနာဂါတ် အချိန် အတိုင်းအတာ တစ်ခု အတွက် ပါပြင်ဆင်ထား ဘို့ လိုအပ်ပါတယ်။
ဒါ့အပြင် ဒီ နှစ်ပေါင်း ခုနှစ်ဆယ် အတွင်း နိုင်ငံ တကာ မှာ နည်းစနစ် တွေ က လည်း အတော်လေး တိုးတက်ပြောင်းလဲ ခဲ့ပါတယ်။ နိုင်ငံတကာ နဲ့ ရင်ပေါင်တန်း နိုင်ဘို့ အတွက် က ကိုယ့်နေရာ တစ်ခုထဲ ကွက်ကြည့်နေ လို့ မဖြစ်နိုင်ပါဘူး။ အခြားနိုင်ငံ မြို့ပြ တွေ ရဲ့ တိုးတက်မှု ကို လည်း မျက်ခြေမပြတ် ဘို့ လိုအပ်ပါတယ်။
အခု လက်ရှိဖြစ်နေတာက
- ခရီးသွား ရတာ အဆင်မပြေကြပါဘူး။ ကားတွေ ပိတ်ကျပ်နေတယ်။ အချိန်အရမ်းကုန်တယ်။ ဘတ်စ်ကားတွေ၊ လိုင်းကားတွေ က လည်း လူတွေ ကျပ်ကျပ်တည်းတည်း စီးနေရတုန်း၊ လမ်းသွားရတာ လည်း အဆင်မပြေကြပါ။
- မိုးရေကို စနစ်တကျ မစွန့်ထုတ်နိုင်၊ သောက်ရေအဖြစ်လည်း ရေကန်တွေ နဲ့ မစုဆောင်းနိုင်သေးပါ။ ရေအရင်းအမြစ် စီမံခန့်ခွဲ နိုင်မှု အားနည်းနေပါသေးတယ်။
- ရေသန့် ပေးဝေရေး စနစ်များ ကို ကြည့်ရင်လည်း နိုင်ငံတကာ နဲ့ WHO ကလက်ခံ နိုင်တဲ့ ရေသန့် အဆင့် ပေးဝေနိုင်မှု အားနည်းပါတယ်။ tap water က မသန့်ပါ၊ စည်ပင်ရေ မပေးနိုင်တာ မို့ သဘာဝဆိုးကျိုးများစွာ ပေးမဲ့ အထပ်မြင့် နဲ့ အဝီစိတွင်းတွေ တူးပြီး မြေအောက်ရေ ကို မတန်တဆ ထုတ်ယူ သုံးစွဲနေရပါတယ်။ ရေကို ဆိုးဝါးစွာ ညစ်ညမ်းစေမဲ့ မြေအောက် အုတ်ကန် တွေ နဲ့ ရေလှောင်ပြီး သုံးစွဲ နေကြဆဲပါ။
- မိလ္လာ နှင့် ရေဆိုး သန့်စင်ရေး နှင့် စွန့်ပစ်ရေး စနစ်များ ဆိုရင် လည်း ပိုက်လိုင်း၊ ( Sewer Pipes & Manhole Networks) တွေ မနိုင်တော့ပါ။ အထပ်မြင့်အပါအဝင် အဆောက်အဦ တော်တော်များများ မှာ Septic Tanks တွေ သုံးပြီး ကမ္ဘာမြေကြီး ကို ပူဇော်ပသ နေကြရဆဲပါ။ Septic Tanks တွေ က ထွက်လာတဲ့ ရေနဲ့ ချိုးရေ၊ သုံးရေတွေ စွန့်ထုတ်ဘို့ အတွက်လည်း ကိုယ်ထူကိုယ်ထ မြောင်းတွေ တူးကြရပါတယ်။ ရေနုတ်မြောင်း မဟုတ်ပဲ၊ ခြင်ပွား၊ ရေပုတ်၊ ရေသေတွေ ဖြစ်နေပါတယ်။
- အမှိုက်သိမ်း စနစ် နှင့် စနစ်တကျ စွန့်ပစ် ရေး စနစ်များ၊ သန့်ရှင်းရေး စနစ်များ ဆိုရင် လည်း ကောင်းသော ပြောင်းလဲမှု တွေ နဲ့ တိုးတက်မှု တွေ တွေ့လာရပြီ ဆိုပေမဲ့ လက်ရှိအခြေအနေ က တော့ ရှုတ်ပွ နေဆဲပါ။ လူတွေ ကလည်း အမှိုက်တွေ မဆင်မခြင် ပစ်နေကြတုန်းပါ။
- အဆိပ်အတောက် (သို့) အန္တာရာယ် ဖြစ်စေနိုင်သော အမှိုက်များ စနစ်တကျ သန့်စင် စွန့်ပစ်ရေး စနစ်များ မှာ လည်း စည်ပင်သာယာ ဘက်က ကျိုးစားအားထုတ်မှု တွေ တွေ့လာရပါပြီ။ လုပ်ငန်းရှင်တွေ ဆက်ပြီး မမှားကြဘို့ နဲ့ ကိုယ့်အရှုတ် ကိုယ်ရှင်းဘို့ လည်း လိုပါမယ်။
- လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး နှင့် ဖြန့်ဝေရေး စနစ်များ၊ အသစ်တွေ လည်း လုပ်နေကြပါတယ်။ JICA နဲ့ပေါင်း ပြီး 500KV လိုင်းတွေ နဲ့ Infrastructure မြှင့်ဘို့ လုပ်နေတာ လည်း တွေ့ရပါတယ်။ အခြားရေအားလျှပ်စစ် အပါအဝင် ထုတ်နေတာ တွေ တော့ တွေ့လာရပါပြီ။ အိမ်တွေမှာ ရှိတဲ့ မီးအားမြှင့်ထိန်းစက်၊ တွေ ပျောက်သွားဘို့ နဲ့ လျှပ်စစ်ပစ္စည်းတွေ ကောင်းကောင်းသုံးရ ဘို့ တော့ ဘယ်လောက်စောင့်ရမယ် မသိသေးပါ။
- ဆက်သွယ်ရေး တယ်လီဖုန်း၊ ကေဘယ် (တီဗီ၊ အင်တာနက်) နှင့် အရေးပေါ် အချက်ပေး နှင့် ကာကွယ်ရေး စနစ်များ၊ ဒီနေရာ မှာ အရေးပေါ် (ရေကြီး၊ မုန်တိုင်း) တွေ အတွက် တီဗီ၊ ကေဘယ်တီဗီ နဲ့ ရေဒီယို မီဒီယာ အားလုံးမှာ ဖြတ်ပြီး အရေးပေါ် ( overwrite) ကြေငြာ အချက်ပေးတဲ့ စနစ်မျိုးတွေ လည်း မရှိသေးပါဘူး။
မီးဘေးကာကွယ် ရေး စနစ် တွေ ကို သတ်မှတ်ပြဌာန်း ပေမဲ့ အခြေခံ လိုအပ်ချက် ဖြစ်တဲ့
Public Fire Hydrants Networks တွေ ကလည်း အရင် ကိုလိုနီခေတ် တုန်းက ကောင်းကောင်း ရှိခဲ့ပုံ ရပေမဲ့ ခု က ပြောက်တိပြောက်ကျား နဲ့ လွယ်လင့်တကူ အဆင်သင့် မရှိသေးပါဘူး။ မီးဘေးကာကွယ်ရေး စနစ်တွေ စနစ်တကျ အကောင်အထည် ဖော်နိုင်ဘို့ ရာ ရေပေးတဲ့ စနစ် ကို လည်း အဆင့်မြှင့် ဘို့ လိုအပ်တယ် ဆိုတာပါ။
မိုးရေ စနစ်တကျ စီမံခန့်ခွဲတဲ့ စနစ်၊ မိလ္လာစနစ် နဲ့ အမှိုက်သိမ်း စနစ် မကောင်းတဲ့ အခါ မြို့တော် သန့်ရှင်းရေး သာယာ လှပရေး ဆိုတာ ဖြစ်မလာ နိုင်ပါဘူး။ အနံ့အသက် ဆိုးရွားရုံမက၊ ခြင်၊ ယင်၊ ကြွက်၊ ပိုးဟတ် နဲ့ အခြား ရောဂါပိုး သယ်ဆောင်မဲ့ အကောင်ပလောင် တွေ ကိုပါ တိုးပွား စေမှာပါ။ မသန့်ရှင်းတဲ့ အမှိုက်ပုံ တွေ ကို ဖြတ်စီးလာတဲ့ မိုးရေကို လည်း သောက်ရေကန်တွေ ကို ပို့လို့ မရတော့ပါဘူး။
နေထိုင်တဲ့ လူဦးရေ တိုးပွား လာတာ နဲ့ လက်ရှိစည်ပင်သာယာ စနစ်တွေ မလုံလောက် တော့တာ ကို
YCDC မှာ ရှိတဲ့ အင်ဂျင်နီယာ တွေ လည်း လေးလေးနက်နက် သိကြပါလိမ့်မယ်။ သုတေသန စာတမ်းတွေ နဲ့
Presentations အချို့ ကို အင်တာနက် မှာ တွေ့မိပါတယ်။ ကန့်သတ်ချက် တွေ၊ ဘတ်ဂျက်၊ နည်းပညာ၊ ကန်ထရိုက်တာ၊ အဆင့်တိုင်းမှာ အခက်အခဲ တွေ ကို လည်း ကြုံတွေ့ရမှာပါ။
နိုင်ငံတကာ က ပညာရှင်တွေ ကလည်း မြန်မာ နိုင်ငံ ကို လာရောက် အကြံပေး ဆွေးနွေးမှု ရှိကောင်းရှိပါလိမ့်မယ်။ ဂျပန် အစိုးအရ အကူအညီ နဲ့ အကြံပေး အဖွဲ့ တစ်ခု ရောက်တယ် ဆိုတဲ့ သတင်းလည်း ကြားမိပါတယ်။ ဂျပန် အစိုးရ အေဂျင်စီ တစ်ခု ဖြစ်တဲ့
JICA ကတော့ နိုင်ငံတွင်း မှာ အကူအညီ ပရောဂျက် တွေ လုပ်ပေးနေတယ် လို့ တော့ သိရပါတယ်။။
ကားလမ်း နဲ့ ခရီးသွား လုပ်ငန်းတွေ ကို ပြင်ဘို့ အကြောင်းကို အချို့က အာရုံစိုက်ကြပါတယ်။ ဟုတ်ကဲ့ လမ်းပန်းဆက်သွယ် ရေးပြင်ဘို့ လိုသလို အရမ်းအခြေခံ ကျတဲ့၊ ရေ၊ မိလ္လာ၊ မီး၊ အမှိုက်၊ သန့်ရှင်းရေး လုပ်ငန်းတွေ ကိုလည်းကြည့်ရပါမယ်။ ဆေးမီးတို တွေ နဲ့ ပဲ ကုနေရင် ဂျာအေး သူ့အမေရိုက် နေပါလိမ့်မယ်။
Master Planning နဲ့ အင်ဂျင်နီယာ၊ ပြည်သူလူထု အသိများ လာဘို့ လိုပါတယ်။
Public Works Major Reform လိုအပ်တာမို့ ပြိုင်တူ တွန်းဘို့ လိုအပ်ပါလိမ့်မယ်။
အဓိက ကတော့
Public Works တွေ ကို
Tranparency နဲ့ ဌာန ဆိုင်ရာချင်း ယိုင်းပင်း၊လက်တွဲ လုပ်ဆောင် နိုင်ဘို့ပါ။ စည်ပင်သာယာ နဲ့ ဆိုင်တဲ့ လုပ်ငန်းတွေ အားလုံး ကို
Master Plan နဲ့ သေသေချာချာ
Coordination လုပ်ပြီးမှ အကောင်အထည် ဖော်နိုင်ပါမယ်။
ဆက်ရန်-
https://www.dropbox.com/s/uzm8avzq96yjyc2/I001_R4%20Infrastructure%2C%20Municipal%20Svs%20and%20Bldg%20Mech%20Sys.pdf?dl=0
No comments:
Post a Comment