ရန်ကုန်မှာ ကားတွေ အရမ်းများနေပြီလား...
Mega-Cities လို့ ခေါ်တဲ့ လူဦးရေ သန်းချီနေထိုင် တဲ့ မဟာမြို့တော်ကြီးတွေ မှာ လူနေမှု ဘဝကို ထိန်းနိုင်ဘို့ အတွက် Infrastructure ပြည့်စုံလုံလောက် ဘို့ အရေးကြီးပါတယ်။ လမ်းပန်းခရီး၊ ဆက်သွယ်ရေး၊ သောက်သုံးရေ၊ မိလ္လာ၊ မိုးရေ နဲ့ ရေနုတ်မြောင်းတွေ၊ အမှိုက်သိမ်း စနစ် တွေ က အခြေခံ ဝန်ဆောင်မှု Infrastructure တွေ ပါ။ မြို့မှာ Urban Master Planning နဲ့ အတူ Municipal Codes တွေ သတ်မှတ်ပြဌာန်း ထားရပြီး စနစ်ကျ တဲ့ Soft Infrastructures လို့ခေါ်တဲ့ အုပ်ချုပ်မှုစနစ်၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ အခြားလူမှုရေးရာ စီမံခန့်ခွဲ မှုတွေ လည်း လိုအပ်ပါတယ်။
ဒီအထဲ က မှ အခြေခံ လိုအပ်ချက် တစ်ခု ဖြစ်တဲ့ လမ်းပန်းဆက်သွယ် ရေး စနစ်တွေ နဲ့ ပတ်သက်ပြီး ကျနော့် အတွေ့အကြုံ နဲ့ အမြင်တွေကို တင်ပြပေးသွား မှာ ဖြစ်ပါတယ်။
စာရေးသူ က Road User တစ်ယောက်သာဖြစ်ပါတယ်။ Transportation Management ကျွမ်းကျင်သူ မဟုတ်ပါ။ ကိုယ်သုံးခဲ့ရတဲ့ လမ်းတွေ နဲ့ အတွေ့အကြုံ ကို ပဲ အခြေခံ ရေးသားမှာ ဖြစ်ပါတယ်။ အခြေခံ အားဖြင့် အချက် နှစ်ချက် ကို တွေ့ရမှာ ဖြစ်ပါတယ်။
1). Freeways or Expressways : အမြန်လမ်းမများ
2). Public Transportation, Mass Transit: အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်များ
ပထမ အကြောင်းအရာ က တော့ ကားလမ်းတွေ ပါ။ မြို့ပြတွေမှာ လမ်းဆုံလမ်းခွ တွေ များတာ မို့ မီးပွိုင့် စနစ် နဲ့ ယာဉ်အသွားအလာ ကို ထိန်းရပါတယ်။ မီးပွိုင့်တွေ မှာ ရပ်ရတာ၊ အရှိန်လျှော့ရတာ။ အခြားကားတွေ ကို စောင့်ရတာ က အင်မတန် အချိန်ကုန် နိုင်ပါတယ်။ ပြီးတော့ ကားရဲ့မြန်နှုန်း က လည်း သိပ်များလို့ မရပါဘူး။
ဒီအချက် ကို ဖြေရှင်း နိုင်ဘို့ အတွက် Freeway or Expressway လို အမြန်လမ်းတွေ ကို အသုံးပြု လာကြပါတယ်။ ဒီအမြန်လမ်းတွေ မှာ မီးပွိုင့်တွေ မရှိသလို ပိုပြီးတော့လည်း မြန်မြန်မောင်းနိုင်အောင် လည်း ဆောက်လုပ်ထားလေ့ရှိပါတယ်။ ဒီလို လမ်းမျိုးတွေ ကို စကာင်္ပူ မှာ နေတဲ့ သူတွေ Expressed Ways တွေ လို့ သိကြပါတယ်။ AYE, PIE, KJE, စသည်ဖြင့် အမြန်လမ်းမတွေ ရှိပါတယ်။ အမေရိက မှာ တော့ ဖရီးဝေး (Freeway) တွေပေါ့။ ဒီလို လမ်းမတွေ ဟာ မြို့တော်တွေ မှာ ကားမကျပ် ဘို့ နဲ့ အချိန်ကုန် သက်သာဘို့ မရှိမဖြစ် လိုအပ်ချက်တွေ ထဲက အချက်တစ်ခုပါ။
အဲ ကားလမ်းပေါ် အမြန်ကား မဟုတ်တာ တွေ တက်မလာနိုင်အောင် တော့ တားဆီးမှု တွေ လုပ်ရပါမယ်။ ဒီလမ်းတွေ ပေါ် အမြန်ကားတွေ က လွဲရင် လမ်းကူး လမ်းလျှောက် တဲ့သူ၊ စက်ဘီးစီး၊ ထော်လာဂျီ၊ နွားတွေ၊ လှည်းတွေ။ ဖုတ်ချက်ဖုတ်ချက် မော်တော်ဆိုင်ကယ်၊ စတာတွေ က မရှိသင့်တဲ့ အရာတွေ ပါ။
ဒုတိယ အကြောင်းအရာ ကတော့ လူတွေ အများကြီး ကို ခရီးရောက်အောင် ပို့ပေးနိုင်မဲ့ သယ်ယူပို့ဆောင်ရေး စနစ်တွေ ပါ။ ဘတ်စ်ကား၊ တက်ခစီ တွေ သာမက Mass Transit တွေ ဖြစ်တဲ့ မြို့ပတ် ရထားတွေ၊ သဘောင်္ စတာ တွေ ပါဝင်ပါတယ်။
မြို့တော် မဟာရန်ကုန် နှင့် ကားကျပ်မှု ပြဿနာ။
ရန်ကုန်မြို့ မှာ ကားတွေကျပ်နေတာ က တော့ တော်တော် ကို အခြေအနေ ဆိုးနေပါတယ်။ တစ်နေ့ တစ်နေ့ လမ်းပေါ်မှာ အချိန်ကုန်ကြရ လို့ နိုင်ငံမှာ လည်း ဆုံးရှုံးမှု ရှိနေတယ် ဆိုတာ တွေးကြည့်ရင် သိနိုင်ပါတယ်။ ဟိုနားဒီနား သွားမယ် ဆိုရင်တောင် မလွယ်ပါဘူး။
နေ့တစ်ဒူဝ ခရီးသွားရတဲ့ သူတွေ ရဲ့ ဒုက္ခ မသက်သာ သလို တက်ခစီ သမားတွေ ဘတ်စ်ကား သမားတွေ ခမျာ လည်း စားသာမဲ့ ပုံ မပေါ်ပါဘူး။
အရေးပေါ် အခြေအနေ မှာ မီးသတ်ကား နဲ့ သူနာပြုကား ဆေးရုံကားတွေ သွားဘို့လာဘို့ ခက်စေမှာ လည်း ပြဿနာ တစ်ခုပါ။
အရင် ကားဈေး တွေ ယုတ္တိမတန်အောင် မိုးထိနေတဲ့ အချိန် က နဲ့ စာရင် တော့ ကားတွေ အရေအတွက် အဆမတန် ပွားလာတာ အမှန်ပါ။ နိုင်ငံခြား က ပြန်လာတဲ့ လူတွေ လည်း ဒီကားကျပ် တဲ့ ဒါဏ် အရင် က နဲ့ မတူတော့တာ ကောင်းကောင်း သိကြပါတယ်။
သူ့အိုး နဲ့ သူ့ဆန်၊ တိုးတက်လာတဲ့ လူဦးရေ နဲ့ မီအောင် လမ်းတွေ ကို ပိုကောင်း ပိုများလာအောင် လိုက် မလုပ်နိုင် ခင် ကားတွေ များ လာတာ လည်း ကျပ်တဲ့ အကြောင်းရင်း မှာ ပါတာပါပဲ။ (ကားပါမစ် က ရတဲ့ အခွန်တွေ တော့ လမ်းထဲ ကို ဘယ်လောက်ပြန်ထည့်တယ် မသိပါ။)
လမ်းကူးရတာလည်း တကယ့်ကို စွန့်စားခန်းဝင်နေ ကြတဲ့ အတိုင်းပါပဲ။ ကားမောင်းတဲ့ သူတွေ က လည်း လူတွေ ကို ဂရုစိုက်ရကောင်းမှန်း မသိ၊ ကူးတဲ့ သူတွေ ကလည်း ကြုံတဲ့ နေရာကကူး။
ဂုံးကျော်တံတား တွေ ဆောက်နေတာ လည်း လမ်းပိတ်ရခြင်း အကြောင်းအရင်း တစ်ခု လို့ ဆိုကြပါတယ်။ ဒါဆိုရင် ရန်ကုန်မှာ က ကားတွေ အရမ်းများနေလို့ လား။ ကားကျပ်ရခြင်း အကြောင်းရင်း က ကိုယ်ပိုင်ကားတွေ၊ ဘတ်စ်ကားတွေ များလွန်းနေတာကြောင့် တစ်ခုထဲလား။ ဒါကလည်း အများရဲ့ အမြင်ပါ။ အကြောင်းအရင်း (Root Cause) ကို ဆန်းစစ် ကြရအောင်ပါ။
ဒီစာဖတ်ပြီး မှ ပြန်စဉ်းစား ကြည့်ပါလား စာဖတ်သူ။
ကဲ... အခြား နိုင်ငံ က မြို့တွေမှာရော ဘယ်လိုရှိလဲ။ (နှိုင်းယှဉ် ကြည့်ရအောင်ပါ။)
၁။ မလေးရှား ကွာလာလမ်ပူ (KL)
ကျနော်နေခဲ့တဲ့ 1997-99 လောက် တုန်းက Monorail တွေ မလုပ်နိုင်လို့ရပ်ထားတုန်း။ မြေအောက် ရထားလည်း မရှိသေးပါဘူး။ KLCC နားမှာ တစ်ထပ် နဲ့ လေဟာပြင် 24h Indian လဘက်ရည် ဆိုင်တွေရှိတယ်။ အဲဒီဆိုင်တွေ မှာ မနက် ဆို လုပ်ဖော်ကိုင်ဖက် တွေ နဲ့ စကားပေါင်းစုံ ပြောရင်း ထိုင်ချင်ထိုင်၊ တစ်ခါတစ်လေ လည်း နေ့လည် ထမင်းသွားစား လုပ်ရဲ့။ (ခုတော့ အားလုံး High-Rise Buildings တွေ ဖြစ်ကုန်ပါပြီ)။ ခု KLCC က နာမည်ကြီး Central Park မှာ အဲဒီတုန်းက အပင် တောင် ကောင်းကောင်း မရှိသေးပါဘူး။ နောက် လေး၊ ငါးနှစ် အလွန် မှာ ပြန်ရောက်တော့ Mono rail, LRT အပြင် မြေအောက် ရထားပါ ပြေးနေပြီ။ တကယ်လုပ်တော့လည်း အဟုတ် ဖြစ်သွားတာပါပဲ။
အဲ ကျနော် ပထမဆုံး ခြေချခဲ့ တာက ဆူဘန်းလေဆိပ်၊ နောက်လေဆိပ် ကို မြို့နဲ့ ကီလိုမီတာ ၆၀ လောက် ဝေးတဲ့ နေရာ ရွှေ့လိုက်တော့ အသံတွေ စီကနဲ ထွက်လာသံ ကြားလိုက်သေးတယ်။ KLIA လေဆိပ် အပြီးမှာ အမြန် ရထားလမ်းလည်း သူတို့ ဖောက်ခဲ့ကြတယ်။ KLIA Express ဆိုတာ စီးတဲ့ သူတွေ အားလုံးနီးပါး သဘောကျတဲ့ ရထားပါ။ စီးရတာ ငြိမ့်ငြိမ့်ငြောင်းငြောင်း နဲ့ ခရီးစဉ် က ၂၈ မိနစ်ထဲရယ်။ တစ်နာရီ ကို ကီလို ၁၅၀ အထိမောင်းနိုင်တယ် လို့ ဆိုပါတယ်။ ဒီလိုရတား လမ်းမျိုး နဲ့ ရထားမျိုး သုံးပြီး ရန်ကုန် မန္တလေး ပြေးရင် ကြာလှ သုံး-လေး နာရီပေါ့။ ပြီးရင် ခန်းနားသပ်ရပ်မှု ကလည်း စပါယ်ရှယ် လို့ ပြောရမှာပါပဲ။ (ဒီရထား တစ်ခါစီးဖူး ပြီးရင် ဘယ်သူမှ မလေးရှား ကို အထင်မသေးရဲတော့ဘူးမှတ်။ ဒါလည်း ဂုဏ်ရည်ကောင်းတစ်ခု ယူတဲ့ နည်းပါပဲ။)
KL Sentral ဘူတာ ရောက်လို့ ခရီးဆက်ဘို့ ရှိရင် စိတ်ကြိုက် Monorail, LRT, MRT ရွေးစီးချင် စီးနိုင်တယ်။ မလေးရှားမှာ လည်း Expressed Ways တွေ လည်းရှိပါတယ်။ မြို့ထဲနား အထိပေါ့။ မြို့ထဲ မှာတော့ Expressed way နည်းတယ်။
KLCC မှာ ပရောဂျက် တစ်ခု ကို စလုံး က လှမ်းကိုင်တဲ့ အခါ အစည်းအဝေး လာရင် KLIA Express & MRT ကို ကြိုက်လို့ တစ်ခါတစ်လေ ဒီလို နှစ်ဆင့် စီးချင်စီးတယ်။ မဟုတ်ရင် တော့ တက်ခစီ နဲ့ အမြန်လမ်း ကနေ ဒိုးပေါ့။ ကုန်ကျစရိတ် နဲ့ အချိန် ကတော့ အတူတူ လောက်ပါပဲ။ တက်ခစီ ကတော့ အထုပ်လျှောက်ဆွဲ နေဘို့ မလိုတာမို့ လူနည်းနည်း ပိုသက်သာတာပေါ့။
၂။ စကာၤပူ
စကာၤပူ မွာ 2000 လောက်တုန်း က ရုံးက Pasir Panjang, PSA နဲ့ မလှမ်းမကမ်း မှာ။ တကဲ့ တောလေးလိုပါပဲ။ လမ်းကလည်း တစ်ထပ်ထည်း၊ ဘတ်စ်ကား ကြာလွန်းလို့ Commonwealth ကနေ စက်ဘီးစီးသွားတဲ့ အခါ သွားဘူးတယ်။
မကြာပါဘူး တိုင်တွေ တက်လာပြီး Expressed Way တစ်ခု ဖြစ်လာတယ်။ PSA နားက Warehouses ကြီး တွေ နေရာမှာ Office Buildings တွေ အကြီးအကျယ် ပြောင်းဆောက်တဲ့ အချိန်မှာ အလုပ်ကိစ္စ နဲ့ ရောက်ပြန်တော့ လည်း ကြွက်တွင်းတူး တဲ့ အင်္ဂလိပ် အင်ဂျင်နီယာ အချို့ တွေ့တယ်။ အဲဒီ အချိန်တုန်း က MRT ဆိုတာ အရှေ့အနောက်၊ တောင်မြောက် ရယ်။ ဘယ်လောက်ကြာခဲ့လို့လဲ MRT အသစ်တွေ အလျှို အလျှို ပေါ်လာပါရောလား။
Changi လေဆိပ် ဆိုတာ လည်း အစတုန်းက Terminal 1&2 ပဲရှိသေးတယ်။ ရထားလည်း မရောက်သေးပါဘူး။ သူငယ်ချင်းတွေ အကြိုအပို့ လုပ်ရင် ကိုယ်ချည်းပဲ ဆို ဘတ်စ်ကား နဲ့ သွားရတယ်။ နောက် Terminal 3 ဆောက်တဲ့ အချိန် Site ထဲ ခနတဖြုတ် ရောက်တတ်တယ်။ ဆောက်ပြီးခါစ Operation မလုပ်ခင် လည်း ပရောဂျက် က Tour ခေါ်ပြလို့ ရောက်ဖြစ်ပါတယ်။ ပရောဂျက် က အရမ်းကြီး လွန်းလို့ အင်ဂျင်နီယာ အချို့ ချူသံခလောက်သံ ပါအောင် ညီးတဲ့ ပရောဂျက်ပေါ့။ ကျနော် နဲ့ Woodlands က ပရောဂျက်တစ်ခု က လုပ်ဖော်ကိုင်ဖက် စလုံး Civil Engineer တစ်ယောက် ကို ရုံးက အဲဒီ့ ပရောဂျက် ကို ပို့ လိုက်တယ်။ တကယ်ဆို သူက Bedok မှာနေတာ။ ပရောဂျက် က သူ့အိမ်နဲ့ ကပ်ရက်၊ မခံနိုင်လို့ ထွက်သွားပါရောလား...
ခု ဆို လေဆိပ်ကို MRT လည်းရောက်နေတာ ကြာပြီ။ ဟိုတစ်လော က စလုံး ကို Transit နဲ့ ဝင်တော့ ကလေးတွေ က ရထားစီးချင်တယ် ဆိုတာ နဲ့ လေဆိပ် အပြန် ရထားနဲ့ ပြန်ခဲ့ ကြသေးတယ်။
စကာင်္ပူ မှာ Expressed ways တွေ က လူတိုင်းလိုလို သုံးနေကြတာပါ။ တစ်ခါတစ်ရံ မြို့ထဲအဝင် လမ်းမကျပ် အောင် ERP နဲ့ ပိုက်ဆံကောက်ပြီး ထိန်းပါတယ်။
စကားမစပ်။ ။ Nicoll Highway collapse case လို အမှားမျိုး ကိုလည်း သတိရဘို့ လိုပါတယ်။ မကျွမ်းကျင် တဲ့ အလုပ်မှာ ကျနော်တို့ အင်ဂျင်နီယာ တွေ လက်တဲ့ မစမ်းစေလိုပါ။ (အထူးသဖြင့် Myanmar PE များ ကျွမ်းကျင် မှုရှိရန် လက်တွေ့အတွေ့အကြုံ များစွာ လည်း လိုပါကြောင်း သတိရစေလိုပါသည်။ စာအနည်းငယ် ဖတ်ရုံဖြင့် လုံလောက်သော အတွေ့အကြုံ မရနိုင်ပါ။)
Public Transportation ဆိုလည်း ကောင်းမှကောင်း... ရထားတွေ က လည်း တစ်ကျွန်းလုံး နီးပါး ရောက်နေပြီ။
ရန်ကုန် မှာ ဘတ်စ်ကားတွေ လမ်းလုတာ အဆဲခံ ရပေမဲ့ စက်ာပူ မှာ တော့ ဘတ်စ်ကားတွေ နေရာရပါတယ်။ ကားများတဲ့ အချိန် မှာ ဘတ်စ်ကား တွေ အတွက် သီးသန့် လမ်းသတ်မှတ်ပေးထားတယ်။ အခြားကားတွေ ဝင်ရှုတ်တာ နည်းအောင်လို့။
နိုင်ငံအကျယ်အဝန်း က သေးတော့ ကားအရေအတွက် ကို ကန့်သတ်ဘို့ လိုတယ်။ နိုင်ငံသေးသေးမှာ ဝင်ငွေကောင်းတဲ့ သူတွေ နေတာမို့ ကားတွေကို Quota စနစ် နဲ့ COE ကို လေလံဆွဲရတယ်။ အစိုးရ က ဈေးတင်ထားတာ မဟုတ်ပေမဲ့ လူတွေ က လိုက် ပေးတော့ တစ်ခါတစ်လေ COE တင် ခြောက်သောင်း၊ ခုနှစ်သောင်း ဖြစ်လိုဖြစ်ရဲ့။
(မြန်မာပြည် မှာ လည်း ကားအရေအတွက် ကို စနစ်တကျ တွက်ချက် ထိန်းချုပ် ဘို့ လိုကောင်းလိုနိုင်ပါတယ်။ ဒီလောက် အဆင့် မဟုတ်ပေမဲ့ မီးခိုးထွက် အင်ဂျင်ကျ ကားတွေ၊ အန္တာရာယ်ရှိတဲ့ ကားတွေ ကို စစ်ပြီး လမ်းပေါ်ကနေ ဖယ်ပစ်နိုင်ဘို့ ပါ။)
၃။ ဟူစတန်၊ တက်ခ်ဆက်
ခုကျနော် နေတဲ့ Texas ပြည်နယ် ကတော့ Public Transport ဆိုတာ Houston, Dallas, Austin တို့လို မြို့ကြီးတွေ အတွင်းလောက်မှာ ပဲ ရှိတာပါ။ သွားရေး၊ လာရေး (ဈေးသွားရင်တောင်) သိပ်မနီး လှ တာ မို့ ကိုယ်ပိုင်ကားတွေပဲ အားကိုးကြရပါတယ်။ တက်ခစီ က လည်း အီနေအောင် ပေးရတာ။ (တစ်ခါတစ်လေ တက်ခစီ စီးရရင် စကာင်္ပူ ကို သတိရတယ်။) အိမ်တိုင်းလိုလို ကား နှစ်စီး၊ သုံးစီး တော့ ရှိကြတာပါပဲ။ နောက် Texan Size လို့ ပြောကြတဲ့ ကားအကြီးတွေ ကို လည်း ကြိုက်ကြတယ်။ တစ်ယောက် ထဲ ရုံးသွားတဲ့ ကားတောင် Ford F150 လို V-8 Truck တွေ မောင်းတဲ့ သူက အများသား။
ဒီလောက် ကားတွေ များနေတာ ရန်ကုန် လို လမ်းမျိုးတွေ ဆို ခက်ရချည့်။ အဓိက ကတော့ Freeways တွေ နဲ့ Tollways တွေ ကို သုံးကြရပါတယ်။ Tollways ဆိုတာ ကလည်း ERP လို ပုံစံ ပိုက်ဆံကောက်တာမို့ အရှိန်လျှော့စရာ မလိုပါဘူး။ (ကွာတာ ကတော့ အကောင့်ဖွင့်ပြီး RFID Tag နဲ့ တန်းသုံးတာပါ။ Cash Card မရှိပါဘူး။) အဲ ဖရီးဝေး က လှမ်းလို့ Tollways ပဲရှိတဲ့ နေရာမှာ ပိုက်ဆံ မပေးချင် လို့ ဘေးလမ်းက သွားလည်း ရပါတယ်။ မီးပွိုင့် ဖြတ်ရမှာ လောက်ပါပဲ။
ဒီ Freeways နဲ့Tollways အမြန်လမ်းတွေ တစ်ခု ကနေ တစ်ခု ကို ကူးတဲ့ အခါ ရပ်စရာ မလိုပဲ အရှိန် နည်းနည်း လျှော့ပြီး အလွယ်တကူ ကူးသွား လို့ ရအောင် လည်း လုပ်ထားတာ မို့ အချိန်ကုန် အရမ်းသက်သာပါတယ်။
အောက် က Google Maps မှာ ကျနော်နေတဲ့ (Houston, Texas) မြို့က လမ်းဆုံ တစ်ခု ကို ပြထားပါတယ်။ ဒီလို လမ်းဆုံ မျိုးတွေ ဒီမှာ အများကြီး ရှိပါတယ်။
ဒီပုံ ကတော့ Interstate 10 & Belt-way 8 ပါ။ လမ်းက နှစ်ထပ်ပါ။ (အဲလမ်းဆုံ မှာ တော့ အထပ်ထပ် ပါ၊ မြင်တဲ့ အတိုင်းပါပဲ။)
အပေါ်က Freeway 10 & Sam Houston Tollway (Beltway 8) အောက်က တော့ သူတို့ ရဲ့ Feeder Roads တွေပေါ့။ ဖရီးဝေး ဆိုတဲ့ အတိုင်း မီးပွိုင့် မပါတဲ့ လမ်း နှစ်လမ်း ကို အရှိန် သိပ်မလျှော့ရပဲ ချိတ်ဆက်ပေးသွားတာပါ။ I-10 အပေါ်လမ်းမှာ အသွား ၇-လမ်း အပြန် ၇-လမ်း ရှိပါတယ်။ Beltway မှာတော့ တစ်ဘက် လေးလမ်းစီပါ။ Beltway ကမြို့ပတ်လမ်းပါ။ အတွင်းမှာ လည်း မြို့ပတ်အမြန်လမ်း နံပါတ် 610 ရှိပါတယ်။
လူတစ်ယောက်ထက် ပိုများရင် အမြန်လမ်းပေါ် မှာ အခွင့်အရေး ပေးလေ့ရှိပါတယ်။ Texas မှာတော့ HOV (High Occupancy Vehicles) Lane လို့ ခေါ်ပြီး California မှာတော့ Car Pool Lane လို့ လည်း သိကြပါတယ်။ ဒီလမ်းတွေ က ကားကျပ်တဲ့ အချိန် မှာ အခြားလမ်းတွေ ထက် အများကြီး ပိုချောင် လေ့ရှိတာ မို့ လူကြုံလိုက်မဲ့ အသိအကျွမ်း များ ရှိရင် ကျေးဇူးတောင် တင်စရာ ကို ဖြစ်လို့။
အောက်က Feeders တွေ ကလည်း တစ်ခြမ်းကို သုံးလမ်းစီလောက် ရှိပါတယ်။ Feeders တွေမှာတော့ မီးပွိုင့် တွေ ပါပါတယ်။ ဂ-ကွေ့ ကို တော့ မီးပွိုင့် မရောက်ခင် လေး မှာ ထားပေးပါတယ်။ ပြန်ကွေ့ချင်ရင် မီးပွိုင့်စောင့်စရာ မလိုတော့ဘူးပေါ့။ Feeders တွေ ကို Freeway နဲ့အပြိုင် လုပ်ထားပေးတာ က တော့ ဟူစတန် မြို့ရဲ့ ထူးခြားချက် တစ်ခု ပါ။ အဝင်အထွက် လွယ်သွားသလို Freeway က မှားထွက်မိရင် လည်း ခန နဲ့ ပြန်တက်လို့ ရနိုင်ပါတယ်။
ညာဘက်ချိုးဘို့ တော့ အများအားဖြင့် ရန်ကုန် မှာလို ကြက်လျှာစွန်း ပေါင်းသွားတဲ့ အကွေ့လမ်းရှိတတ်ပါတယ်။ မီးပွိုင့်မိနေ တဲ့ အချိန် ညာဘက်ကွေ့ဘို့ပြင်နေတဲ့ ကား မီးနီမှာ ကိုယ့်လမ်း ကားရှင်းလို့ ညာဘက်ကို ကွေ့ခွင့်ရှိပါတယ်။ ကားတော့ တစ်ချက်ရပ်ရပါတယ်။ ဒါကပြည်နယ်တိုင်းလိုလို မှာ ရနိုင်တဲ့ အခွင့်အရေးတစ်ခုပါ။
Freeway I-10 & Feeder Roads မှာ အပေါ်အောက် တစ်ဖက် ၁၀ လမ်းစီလောက် ပါတာတောင် နေ့တိုင်း လိုလို ကားကျပ်ပါတယ်။ ကားချောင် ရင် တော့ Freeway တွေမှာ မိုင် ၇၅-၈၀ (ကီလို ၁၂၀-၁၃၀ နီးပါး) လောက်တော့ အနည်းဆုံး ဆော်ကြတာပါပဲ။
ဒီလမ်းဆုံ ကို စိတ်ကြိုက် အပေါ်အောက် ဘေးဘီ ကြည့်လို့ ရအောင် Google Map & Street View တွေ ကို အောက်မှာ ပေးထားပါတယ်။
https://www.google.com/maps/@29.7834464,-95.5622015,711m/data=!3m1!1e3
လမ်းပေါ်က မြင်ကွင်း
https://www.google.com/maps/@29.783321,-95.5626006,3a,79.7y,-137.79h,84.12t/data=!3m4!1e1!3m2!1soKiO7WynfHyN-h6R1G3BNw!2e0
ကယ်လီဖိုးနီးယား LA နားမှာ နေတုန်းက လည်း တစ်နေရာရာ သွားချင်ရင် Freeway ပဲ အားကိုးရတာပါပဲ။ အသုံးများခဲ့ တာ က လည်း I-10 ပါ။ I-10 အတိုင်း ဟူစတန် က နေ LA မောင်းသွားရင်တော့ မိုင် 1,600 လောက်မောင်းရမယ်။ (နားမောင်းရင် နှစ်ရက်လောက် နဲ့ ရောက်မယ်ထင်ပါရဲ့။)
CALIFORNIA STREETS AND HIGHWAYS CODE ကို အောက်မှာ ပေးလိုက်ပါတယ်။
http://www.leginfo.ca.gov/.html/shc_table_of_contents.html
I-10 က တောင်ပိုင်း မှာရှိတဲ့ အမြန်လမ်းမကြီး ဖြစ်ပြီး အနောက် ကယ်လီဖိုးနီးယား က နေ ဖလော်ရီဒါ ပြည်နယ်အထိ၊ (Pacific က နေ အရှေ့ Atlantic Ocean နား အထိ) မိုင် ၂၅၀၀ နီးပါး ရှည်ပါတယ်။ လမ်းတစ်လျောက်လုံး တစ်ဘက် ခုနှစ်လမ်း၊ ရှစ်လမ်းသွား တော့ မဟုတ်ပါဘူး။ မြို့ကြီးတွေ နားနီးလာရင် တစ်ဖြေးဖြေး လမ်းတွေ များလာမယ်။ အချို့ တောဘက်မှာ နှစ်လမ်း၊ သုံးလမ်း ဖြစ်ချင် ဖြစ်ပါမယ်။
https://en.m.wikipedia.org/wiki/Interstate_10
ဒီမှာသုံးမဲ့ ဘတ်ဂျက်ရဲ့ အချို့က ကားမောင်းသူ တွေ ဆီ က လာတာပါ။ ဓါတ်ဆီ နဲ့ ဒီဇယ် မှာ ဒီ လမ်းအတွက် အခွန် ထည့်ကောက် ထားပါတယ်။ စကောက်တုံး က တော့ တစ်ပြားနှစ်ပြားပေါ့။ ခုဆို ဓါတ်ဆီ တစ်ဂါလံ အတွက် ပျမ်းမျှ ၂၆ပြားကျော်လောက် ကောက်တယ် လို့ သိရပါတယ်။
https://www.eia.gov/tools/faqs/faq.cfm?id=10&t=10
ဒီလို အခွန်မျိး မြန်မာပြည် မှာ လုပ်မယ် ဆိုရင် တော့ မတရားရာ ကျမလားပဲ။ ဘီးခွန် ဆိုတာ လည်း ကောက်တယ်။ မြို့ဝင်ကြေး လည်း ပေးရတယ်။ တိုးဂိတ် မှာလည်း ပေးရသေးတယ်။ ဆိုတော့....
၎။ မဟာရန်ကုန်
အပေါ်မှာ ကျနော် ယှဉ်ပြခဲ့တဲ့ မြို့တွေ နဲ့ ယှဉ်ရင် မဟာရန်ကုန်မြို့တော် ကလည်း သူတို့ နည်းတူ လူဦးရေ ရော အရွယ်အစား ရော က Mega-City တစ်ခု အဆင့်မှာ ရှိနေတယ် ဆိုတာ ငြင်းလို့ မရပါဘူး။ (အဲ အိမ်ဈေး အပါအဝင်။)
နောက်လမ်းကူးတဲ့ သူတွေ အဆင်ပြေအောင် အခြားနိုင်ငံတိုင်းလိုမှာ ရှိလေ့ရှိတဲ့ လူကူးမီးပွိုင့်လို (သို့) လူကူးတံတား မျိုးတွေလည်း ထားပေးသင့်ပါတယ်။ Accessible ဖြစ်ရင်တော့ပိုကောင်းတာပေါ့။ လူတွေလည်း အန္တာရာယ် ကင်းကင်းကူးနိုင်အောင်ပါ။ (ကျနော် ကားစီးရင် ထိုင်ရတာ က ကိုယ်မောင်းနေကျ ဘယ်ဘက်မှာ ဆိုတော့ ပြောရမယ် ဆို မမောင်းပေမဲ့ ဒရိုင်ဘာ တစ်ယောက် လို တွေးကြည့်မိပါတယ်။ လူတွေဒီလောက် ပျားပန်းခတ်နေတဲ့ နေရာ ကိုယ့်အကျင့် နဲ့ ဆို ရပ်နေရမယ် ထင်ပါတယ်။)
ရန်ကုန် မှာ လည်း လမ်းနှစ်ထပ် တွေ တွေ့ပါတယ်။ အမြန်လမ်း မဟုတ်ပဲ တောင်မရောက် မြောက်မရောက် ဂုံးကျော် တံတားသာသာ မို့ ဟိုမရောက် ဒီမရောက်၊ Ramps တွေ နဲ့ နေရာတောင် ပိုရှုပ်သွားသလို ပါပဲ။ (ကျနော့်အမြင်ပါ။) ဒီလို ဂုံးကျော်တံတားတွေ ဆောက် လမ်းတွေ ဖြစ်သလို ပြင်နေတဲ့ အဆင့် နဲ့ တော့ ဒီလမ်းကျပ်တဲ့ ပြဿနာ က ရှင်းသွားဘို့ မမြင်ပါဘူး။
လူတန်းစား အချို့ ကား နည်းနည်း ပိုစီးလာနိုင်တာ ကို ရမယ်ရှာရင် သင့်တော်မယ် လို့ မထင်တာတော့ အမှန်ပါ။
ဘတ်ဂျက်ကြောင့် လို့ လွယ်လွယ်ပြောရင် ဆင်ခြေပေးရင်လည်း ရပါတယ်။ အကြောင်းရင်း ရှာရင် ပြောလို့လည်း ကုန်မှာ မဟုတ်သလို အလကား အကုသိုလ် ပွားမှာ မို့...
City/Urban Planning နားလည်ကျွမ်းကျင်တဲ့ ပညာရှင်တွေ ကို ဖိတ်ခေါ်ပြီး Expressed Ways, Public Mass Transit စတဲ့ စနစ်တွေ ကို စဉ်းစားဘို့ လိုနေပါပြီ။ (ဒါနဲ့ ပတ်သက်လို့ Proposal Presentation & Animations တွေ့မိပါတယ်။ လမ်းနှစ်ထပ် လုပ်ဘို့ နဲ့ MRT ထည့်ဘို့။ လိုအပ်ချက် မီမယ်လို့ တော့မထင်သေးပါ။) လမ်းနှစ်ထပ် လုပ်ရင်လည်း အပေါ်က Expressed Ways တွေ မှာ တိုးလာမဲ့ ကားအရေအတွက် ကို ထည့်စဉ်းစားပေးဘို့ လိုအပ် ပါလိမ့်မယ်။ အနည်းဆုံး တစ်ဘက် သုံးလမ်းသွား လောက် ရှိမှ ရေရှည်သုံးဘို့ အဆင်ပြေပါမယ်။ နှစ်လမ်းထဲရှိတဲ့ Tollway မှာ ကားပိတ်တတ်တာ နေ့စဉ် လို ကြုံဘူးလို့ပါ။ ချဉ်းကပ်လမ်း ပုံစံ တွေ ကို လည်း နိုင်ငံ တကာ အမြန်လမ်းမ တွေ ရဲ့ ပုံစံ မျိုး ဖြစ်အောင် လုပ်သင့်တယ် လို့ ထင်ပါတယ်။)
လောလောဆယ် ရန်ကုန်မှာ ပြေးမြင်တာကတော့ မြို့ပတ်ရထားလမ်းနေရာ။ သုံးတတ်ရင် သုံးလေးမျိုး သုံးလို့ ရလောက်ပါတယ်။ ရှိပြိးသား ဂုန်းကျော်တစ်ချို့တော့ ဖျက်သင့်တန် ဖျက်ပေါ့။ (ကျနော့် အမြင်ပါ။)
ဒီမြို့ပတ်လမ်း နဲ့ ရထားစနစ် ကို အဆင့်မြှုင့်ဘို့ အတွက် လိုအပ်မဲ့ ဘတ်ဂျက် အကူအညီ ချေးငွေ ကို JICA နဲ့လက်မှတ်ထိုး ပြီး သဘောတူထားပြီ လို့ သိရပါတယ်။ October 16, 2015
Signing of Japanese ODA Loan Agreement with Myanmar: Support for the Yangon urban transportation network, a stable power supply to the Greater Yangon area and the East-West Economic Corridor
http://www.jica.go.jp/english/news/press/2015/151016_01.html
ဘယ်လို ဘယ်အဆင့် အထိ လုပ်မယ် ဆိုတာ တော့ ရှာ မကြည့်ရသေးပါဘူး။ တစ်ချိန်ထဲ မှာ ပဲ ပြင်တုန်း အမြန်ကားလမ်း နဲ့ ရထားလမ်း တွဲတင်လို့ ရရင်တော့ ပိုကောင်း မယ် လို့ မြင်ပါတယ်။ အဆင်ပြေ ရင် Utilities Infrastructure တွေ အတွက် ပါနေရာ ရနိုင်ပါတယ်။ အခွင့်အရေး ဆိုတာ က အမြဲတမ်း ရမှာ မဟုတ်ပါဘူး။ မဟုတ် ရင် တောမရောက် တောင်မရောက် ဂုံးကျော် တံတားတွေ လို ဇော်ကန့်လန့် မဖြစ်စေ ချင်တာ တော့ အမှန်ပါ။
လေဆိပ် ကို သွားဘို့ ကလည်း လမ်းကျွမ်းကျင်တဲ့ သူကို သုံးလေးနာရီ ကြိုခေါ်ထားတာတောင် အမီရောက် ဘို့ မသေချာချင်ဘူး။
JICA & Yagon-2040
ရန်ကုန်မြို့ရဲ့ လက်ရှိအခြေအနေ နဲ့ မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း ၂၀၄၀ နဲ့သက်ဆိုင်တဲ့ Japan International Cooperation Agency (JICA) နဲ့ Yangon City Development Committee (YCDC) ပူးတွဲ လေ့လာထားတဲ့ A Strategic Urban Development Plan of Greater Yangon Reports တွေပါ။ လက်ရှိအခြေအနေ ကို လည်းဖော်ပြထားတာ တွေ့နိုင်ပါတယ်။ လမ်းကျပ်တာ၊ Water Tap တိုင်းမှာ ဘက်တီးရီးယား တွေ့နေတာ၊ Sanitation လိုအပ်ချက် တွေ အပါအဝင်ပါ။
Infrastructure upgrade အတွက် အခြေအနေ ကောင်းတစ်ခု လို့ ပဲ ဆိုရပါလိမ့်မယ်။
FINAL REPORT I http://open_jicareport.jica.go.jp/pdf/12122511.pdf
FINAL REPORT II http://open_jicareport.jica.go.jp/pdf/12145967.pdf
Credit to Linn Kyaw Zaw for the web links
အသေးစိတ် ဖတ်ကြည့်ရင် သူတို့ရဲ့ အားစိုက်ထုတ်မှု မနည်းလှတာ ကို တွေ့ရပါလိမ့်မယ်။
သတိပြုရမှာ က အချက်တော်တော်များများ က အမှန်တွေ အသေးစိတ် နဲ့ လုပ်သင့်တာတွေ ကို မီးမောင်းထိုးပြထားတာ ဖြစ်ပေမဲ့ တကယ်လုပ်မဲ့ အခါ အတားအဆီး တွေ ရှိနေအုံးမယ် ဆိုတာပါ။ ဒီအချက် ကို အောက်မှာ ဖော်ပြပေးထားတဲ့ သတင်းတစ်ပုဒ် မှာ တွေ့မြင်နိုင်ပါတယ်။
ယနေ့ အချိန်အထိ ၂၀၁၃ ခုနှစ်တွင် JICA က တင်ပြခဲ့သော ကျယ်ပြန့်သည့် အစီအစဉ်ကို မြန်မာအစိုးရ၏ အကောင်အထည် ဖော်မှုက ၁၀ ရာခိုင်နှုန်း ပင်မရှိဟု ဆူဇူကီးမာဆာဟီကိုက ပြောသည်။
ရန်ကုန်ကို ကယ်ကြစို့။
http://burma.irrawaddy.com/article/2015/04/04/73560.html
ဘတ်ဂျက်၊ နည်းပညာ၊ အတွေ့အကြုံ ရှိတဲ့ အင်ဂျင်နီယာ နဲ့ ကန်ထရိုက် တွေ လည်း လိုအပ် မှာ ဖြစ်ပါတယ်။ နိုင်ငံခြား အကူအညီ လိုအပ်တာ လည်း အမှန်ပါ။ ကောင်းမွန်တဲ့ နည်းစနစ် (Public Works Construction Regulations & Control) တွေ လည်း ရှိဘို့လိုအပ်ပါမယ်။
ဒါ့အပြင် လိုအပ်ချက် မရှိဘူး လို့ လည်း မပြောနိုင်ပါဘူး။ စာဖတ်သူ ကိုယ်တိုင် သေချာ လေ့လာကြည့်ပြီး ဆန်းစစ် သုံးသပ်စေလိုပါတယ်။
Building Codes က တစ်ပိုင်း ဒီ့အပြင် Municipal Codes & City Ordinance တွေ လည်းရှိအုံးမှ။ ပစ်ထားသလို ဖြစ်နေတာ က လည်း ကြာပြီ ဆိုတော့။
ကိုယ့်အကျိုးအတွက် ပဲ ကြည့်ပြီး ကန့်လန့်တိုက်တတ်တဲ့ သူတွေ က လည်း ကိုယ့်စရိတ် နဲ့ ကိုယ် အလိုက်တသိ သွားဘို့ မပြောနဲ့ စရိတ်ပေးရင် တောင်...
မြို့ပြလူနေမှု အရည်အသွေး ကတော့ မပြောတော့ပါဘူး။ ကားရှုတ်တာ အပြင် အခြား ပြင်စရာ ဆိုလို့ အမှိုက်လေး စည်းကမ်းမဲ့ ပစ်လို့ ရှုတ်နေတာရယ်၊ ရေလေး၊ လေလေး မသန့်တာရယ်၊ အစားအသောက် မစားရဲတာလေးရယ်၊ အသံလေး ဆူညံတာရယ်၊ မီးလေးမမှန်တာရယ်၊ ခြင်လေးယင်လေး ပေါတာရယ် နဲ့ လမ်းပေါ် ဟိုထွေးဒီထွေး ကွမ်းသွေးချည်း ဖြစ်နေတာလေး လောက်ပါ။ ဒါတွေ ကို ပြင်နိုင်ဘို့ Infrastructure တွေ က အဓိက ကျနေတော့လည်း....
Summary
ဒါလေးတွေ ပိုကောင်းအောင် ဘယ်လိုလုပ်ကြမလဲ ကို စဉ်းစားပေးကြပါ။
၁။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ လူစည်းကမ်း။
၂။ အမြန်လမ်းမ နှင့် သက်ဆိုင်သော Highway-Codes များ။
၃။ ကုန်ကျစရိတ် နဲ့ ကားလမ်း အသုံးပြုသူများ။
၎။ ကားအရေ အတွက် ထိန်းသိမ်းရေး နဲ့ လမ်းပေါ်မှာ မရှိသင့်တော့တဲ့ ကားတွေ ကို လိုင်စင်ဆက်ထုတ် မပေးဘို့။
၅။ Public Transportations : သယ်ယူပို့ဆောင်ရေး စနစ်များ ပိုမိုကောင်းမွန် အောင် ဆောင်ရွက်ဘို့
၆။ လေဆိပ် အသွားအပြန် ခရီးစဉ်။
၇။ Infrastructure
စာရေးသူ ၏ အာဘော် ကို လွတ်လပ်စွာ သဘောထားကွဲလွဲ ခွင့်ရှိပါကြောင်း....
Download PDF: "I002_R02 Transportation Infrastructure and Yangon.pdf"
No comments:
Post a Comment