Saturday, May 14, 2016

တက်ခ်ဆက် ပီအီးဘုတ် နဲ့ ကျင့်ဝတ် ပို့ချမှု

ကျနော်တို့ ရုံးမှာ ထမင်းစားချိန် မှာ ပို့ချပေးတဲ့ Continuous Education Training သင်တန်း တွေ ကို Lunch & Learn လို့ ခေါ်ပါတယ်။ အများအားဖြင့် Trainer က နေ့လည်စာလည်း ကျွေး၊ သင်လည်းပေး ဆိုပါတော့။ (ကိုယ်တို့ အင်ယာတွေ ကလည်း အခမဲ့ သင်တန်းပေးတာတောင် အလကားကျွေးမဲ့ နေ့လည်စာ ကောင်းကောင်း မပါရင် မတက်ချင် ကြဘူးဗျ။) 
ဒီတစ်ပါတ်တော့ Texas PE Board က ဒါရိုက်တာ (Chair ဥက္ကဌ ခေါ်မလား သဘာပတိ ခေါ်မလား) ဆရာသမား တစ်ယောက် Ethics Training လာပေးတယ်။ စီစဉ်မှု နဲ့ လေးစားမှု အရ အင်ဂျင်နီယာ တွေ နေ့လည်စာ ကိုယ့်ဖာသာယူ၊ ရုံးက ကွတ်ကီး နဲ့ အအေး စီစဉ်ပေးပါတယ်။ ပီအီးဘုတ် ဒါရိုက်တာ တွေ မှာ လည်း ကိုယ်ပိုင် ကုမ္ပဏီ ရှိတာမို့ သူ့ကုမ္ပဏီ အကြောင်း Pamphlet နဲ့ ကော်ဖီ အပူခံ ပြားတစ်ခု လက်ဆောင် ပေးပါတယ်။ (သင်တန်းကြေး ပေးရမယ် ဆို ရင် ကျနော်တို့ ရုံးက အင်ယာတွေ တစ်ယောက်မှ တက်မယ် မထင်ပါ။)
 ဆရာသမား က အာဝဇ္ဖာန်း အတော်ကောင်း ပါတယ်။ ဝိုင်းထိန်းနိုင်တယ် ဆိုပါတော့။ အစပျိုး ထဲ က လိုင်စင် လဲတဲ့ အခါ Professional Development Hour (PDH) လိုအပ်ချက် မှာ ကျင့်ဝတ် နဲ့ ဆိုင်တာ က တစ်နာရီ လိုတယ်။ ဒါကြောင့် တစ်နာရီ အတိသင်မယ် လို့ စကားပလ္လင် ခံ ပြောခဲ့ သလို တကယ် လည်း တစ်နာရီ အတိ ကိုက်အောင် ပြောသွားပါတယ်။ Presentation Slides က တော့ Board က စီစဉ်ပေးပုံ ရပါတယ်။ အခြားနေရာ တွေ မှာ တွေ့ရတဲ့ Presentation တွေ နဲ့ ယှဉ်ရင် Presenter Name ပဲ ကွာပါတယ်။ ပထမ ဆုံး အင်ယာတွေ ရဲ့ အာရုံဆွဲဆောင် မှု ရဘို့ အတွက် ခွဲစိတ်ဆရာဝန် ငါးယောက်ရဲ့ ဟာသ နဲ့ ဖွင့်ပါတယ်။ (သိချင်ရင် ရှာကြည့်...)

PE Board Treats PE’s as a customer too.
ပီအီးဘုတ် အနေ နဲ့ ကြည့်မယ် ဆိုရင် ပီအီးတွေ က သူတို့ ကို အထောက်အပံ့ ပေးနေတဲ့ Customer တွေပါပဲ။ ဒါကြောင့် လိုအပ်ချက် ရှိရင် ခေါ်ပါ။ ဝန်ထမ်း တွေ က ယဉ်ယဉ်ကျေးကျေး လေးလေးစားစား ဖြေပေးပါလိမ့်မယ် လို့ ပြောသွားပါတယ်။


PE Board (Enforcer) vs Engineering Association (Advocator)
ပီအီးဘုတ် ရဲ့ အနေအထား က စနစ်ကို ထိန်းသိမ်းဘို့ (Enforcer) ဖြစ်ပါတယ်။ အခြေခံ က Texas Engineering Practice Act ကို မှီပြီး စည်းကမ်းချက် (rules) တွေ ကို ထုတ်ပါတယ်။ ပြီးရင် ဒီစည်းကမ်း တွေ ကို ထိန်းသိမ်းတဲ့ အလုပ်လုပ်ရပါတယ် လို့ ဆိုပါတယ်။
အင်ယာတွေ ရဲ့ အခွင့်အရေး နဲ့ အခြား လိုအပ်ချက် တွေ ကို တောင်းဆိုပေးဘို့ အတွက် အင်ဂျင်နီယာ အသင်းတွေ လိုအပ်ပါတယ်။ ဒါပေမဲ့ အင်ယာအသင်းတွေ က တစ်နေ့တစ်ခြား အသင်းဝင် တွေ နည်းနည်းလာနေတဲ့ အကြောင်း ကို ဆွေးနွေးပါတယ်။
လိုင်စင် ရှိမှ လုပ်လို့ ရတဲ့ အလုပ်ကို လုပ်နေသူတွေ ဘုတ်မှာ မဖြစ်မနေ လိုင်စင်လဲ ကြပေမဲ့ ကိုယ့်သဘော နဲ့ ကိုယ် ဝင်လို့ ထွက်လို့ရတဲ့ အင်ယာအသင်းတွေ ကို ဝင်တဲ့ သူတွေ နည်းလာတဲ့ အခါ အင်ယာအသင်းတွေ ရပ်တည်ဘို့ ခက်လာတဲ့ အကြောင်းနဲ့ အင်ယာအသင်းတွေ မရှိတော့ရင် အင်ဂျင်နီယာ နဲ့ ဆိုင်တဲ့ စံ နဲ့ နည်းပညာ တွေ နိမ့်ပါးလာနိုင်တဲ့ အကြောင်းဆွေးနွေးပါတယ်။ (ဒီနေရာ မှာ ယူအက်စ် က Standards, Engineering Manual အားလုံး နီးပါးက အစိုးရ နဲ့ မပတ်သက် တဲ့ အင်ယာအသင်းတွေ ရဲ့ အသီးအပွင့်တွေ ပါ။ ဥပမာ။ ။NFPA, ASHRAE, ASME, ASCE။ ANSI လို့ခေါ်တဲ့ National Standards တွေ ကို ANSI က ကိုယ်တိုင်မွေးတာ မဟုတ်ပဲ အင်ယာအသင်းတွေ နဲ့ အခြား လုပ်ငန်းရှင် အသင်းတွေ ရဲ့ စံတွေ ကို မွေးစားတာပါ။)
ဒီလိုအင်ယာအသင်းတွေ ပျောက်ကွယ်သွားရင် အင်ယာတွေ ဘက် က ရပ်မဲ့၊ ကိုယ်စားပြောပေးမဲ့ သူတွေ မရှိတော့ မှာ စိုးရိမ်စရာ ဖြစ်ကြောင်း ဆွေးနွေးပါတယ်။


Public Works & Professional Service Procurement Act (PSPA)
အစိုးရ ဌာန ဆိုင်ရာ နဲ့ပတ်သက်တဲ့ (ဝါ) ပြည်သူ အများနဲ့ ဆိုင်တဲ့ ပရောဂျက် (ဥပမာ၊ အစိုးရ စာသင်ကျောင်း) တွေ အတွက် အင်ယာဝန်ဆောင် မှု ကို ခေါ်ယူမယ် ဆိုရင် အရည်အချင်း ကို အရင်စစ် ဆန်ကာတင် အဖွဲ့တစ်ခု ကို ရွေးချယ်ပြီး မှာ ပညာဝန်ဆောင်ခ ကို ညှိဘို့ ဥပဒေ ရှိပါတယ်။ မရွေးခင် ဈေးဆစ်ခွင့် မပေးပါဘူး။ ဒီကိစ္စ က ပြင်ပ ပရောဂျက် တွေ အပေါ်မှာ တော့ သက်ရောက်မှု သိပ်မရှိပါဘူး။ (စကားချပ်။ ။Professional Services က Competition Act နဲ့ ကင်းလွတ်ပါတယ်။ ပရော်ဖက်ရှင်နယ် ကျင့်ဝတ် မှာ ဈေးပြိုင် (အောက်ဈေး) နဲ့ ဝင်မဲ့ အခြေအနေ ကို ကန့်သတ်ပါတယ်။)

တက်ခ်ဆက် ပီအီးဘုတ် အကြောင်း။
1937 မှာ စတင်ပါတယ်။ (စကားချပ်။ ။ Presentation မှာ စာသင်ကျောင်း တစ်ခု မှာ ပေါက်ကွဲ မှု ဖြစ် လို့ ဆရာ၊ တပည့် သုံးရာလောက် အသက် ဆုံးရှုံးခဲ့ ရာက စခဲ့တယ်လို့ ဆိုပါတယ်။)
လိုင်စင်ပေးထားတဲ့ အင်ယာ ခြောက်သောင်း (60,000) လောက်ရှိပါတယ်။

ဘုတ်အဖွဲ့ဝင်။
ဘုတ်မှာ အဖွဲ့ဝင် ကိုးဦးပါပါတယ်။ ပြည်နယ်အစိုးရ ရဲ့ ဝန်ကြီးချုပ် Governor က တိုက်ရိုက်ခန့်ပါတယ်။
ပီအီး ခြောက်ဦး နဲ့ Public Member သုံးဦးပါ။ သက်တမ်း ကတော့ ၆ နှစ်ဖြစ်ပါတယ်။
ဝန်ထမ်းအရေအတွက် ၃၁ ယောက်ရှိပါတယ်။

နေရာတကာ လိုင်စင် လိုတာ မဟုတ်ပါ။
ဒီနေရာမှာ ပြောနေကြ အတိုင်း နေရာတကာ လိုင်စင် လိုတာ မဟုတ်တဲ့ အကြောင်း ကို လည်း ဆွေးနွေးပါတယ်။ ရေနံ နဲ့ ဆိုင်တဲ့ စက်ရုံတွေ အပါအဝင် အခြားကင်းလွတ်ခွင့် ရှိတဲ့ နေရာတွေ ကို Presentation မှာသွားရောက် လေ့လာနိုင်ပါတယ်။
ရာနှုန်းအားဖြင့် ၂၀% လောက် ပဲ လိုင်စင် လုပ်ဘို့ စိတ်ဝင်စားတယ် လို့ ဆိုပါတယ်။ လူငယ်တော်တော်များများ စိတ်ဝင်စားမှု နည်းသေးတဲ့ အကြောင်း ကို လည်း ပြောသွားပါတယ်။ ဒီ ပီအီး အချိုးအစား နဲ့ အရေအတွက် ကို Presentation မှာ လေ့လာနိုင်ပါတယ်။ (မှတ်ချက် ပီအီးအားလုံး လည်း Professional Practice လုပ်ချင်မှ လုပ်ပါမယ်။ အများအားဖြင့် Engineering Management လည်း ဖြစ်နိုင်ပါတယ်။)

အာခီတက်ခ်၊ နဲ့ အာခီဘုတ်။ ။
သင်တန်းမှာ ကျနော်တို့ ဌာနတူ အာခီ ဒါရိုက်တာ တစ်ယောက် နဲ့ အတူ အခြားအာခီတက်ခ် အချို့လည်း ပါပါတယ်။ စကားဝိုင်း စိုပြေဘို့ အတွက် အပြန်အလှန် ရယ်ရွှန်းပတ်ရွှန်း လည်းပါပါတယ်။ ဆရာသမား က ဒီအထဲ အာခီတက်ခ် ပါသလား လို့ မေးပါတယ်။ ပါတယ် ဆိုတော့ ဒါဆိုရင် ဟာသ လုပ်လို့ မဖြစ်ဘူး ဆိုတာ နဲ့ စတာပါ။ တက်ခ်ဆက် မှာ လည်း အခြားဒေသ တော်တော်များများ လို ဘုတ်နှစ်ခု ရှိပါတယ်။ ပီအီးဘုတ် နဲ့ အာခီဘုတ်ပါ။ ဘုတ်နှစ်ခု ပေါင်းဘို့ ကြိုးစားမှု ရှိပေမဲ့ အောင်မြင်မှုမရှိသေးကြောင်း ဆိုပါတယ်။

လိုင်စင်ကြေး။ ။
အရင်တုန်း က လိုင်စင်ကြေးက ပြင်ပကုမ္ပဏီ ကို ဝန်ဆောင်မှု ပေးရင် ၂၄၅ ဒေါ်လာ၊ ကိုယ့်ရုံး အတွက် ပဲ သုံးရင် ၄၅ ဒေါ်လာ ရှိခဲ့ ရာ က နေ ပြည်နယ် အစိုးရ က ငွေကြေးထောက်ပံ့ပြီး အားလုံး ကို ၄၅ ဒေါ်လာ ပဲ ကောက်ဘို့ ညွှန်ကြားချက်ပေးလို့ ခုလက်ရှိအားလုံး ၄၅ ဒေါ်လာ ဖြစ်သွားရတဲ့ အကြောင်း ကို ရှင်းပြပါတယ်။

လက်ဗွေနှိပ်ဘို့ ကိစ္စ။ ။
ဒီကိစ္စ က ဘုတ်ရဲ့ လိုအပ်ချက် မဟုတ်ပဲ ပြည်နယ် အစိုးရ ရဲ့ လိုအပ်ချက် ဖြစ်ကြောင်း ပြောသွားပါတယ်။ အဓိက ကတော့ အခြားပြည်နယ် တွေ က မှုခင်းမှတ်တမ်း ရှိမရှိ FBI database နဲ့ စစ်ဘို့ပါတဲ့။ လိုင်စင် မပေးဘို့ တားမြစ်ဘို့ မဟုတ်ပဲ ပြုပြင်လေ့ကျင့်ပေးဘို့ လည်း ဖြစ်ပါတယ် လို့ ဆိုပါတယ်။

ပီအီးရုံးချုပ်။ ။ေ
အော်စတင်မြို့တော် မှာ ရှိတဲ့ ရုံးချုပ်အဆောက်အဦ ကို ပြည်နယ်အစိုးရ က ပေးခဲ့တာပါ လို့ ဆိုပါတယ်။ ရောက်ရင်ဝင်လည် နိုင်ပါတယ် တဲ့။ အာခီတက်ခ က ဒီအဆောက်အဦ က အာခီတက်ခ် ဒီဇိုင်းလား လို့ မေးပါတယ်။ ဖြေတဲ့ သူက ဒီလို လေးထောင့်ပုံစံ ပုံတုံးတုံးမို့ အာခီတက်ခ် ဒီဇိုင်းမဟုတ်နိုင်ဘူး လို့ ဖြေပါတယ်။ (ရီသံများ)

ပီအီး စာမေးပွဲ နဲ့ အကြိုဖြေခြင်း။ ။
ပီအီးပေးတဲ့ အခါ အီးသုံးလုံး ကို အခြေခံ ပါတယ်။ (Education, Experiences & Exam)
စည်းကမ်းချက် ပြင်ဘို့အချက် တစ်ခု အနေ နဲ့ ဆွေးနွေးကြတဲ့ အခါ အားလုံးသဘောတူညီမှု အပြည့်အဝ မရပေမဲ့ ပြောင်းမဲ့ စည်းကမ်း တစ်ခု ကတော့ PE exam ကို FE exam ပြီးပြီးချင်း ဖြေခွင့်ပြုဘို့ပါ။
လိုအပ်ချက် သုံးခုလုံး က ဒီအတိုင်းပဲ ရှိပါမယ်။ စာမေးပွဲ အောင်သော်ငြားလည်း အတည်ပြုလို့ရတဲ့ လုပ်သက် လေးနှစ် မရှိရင် လိုင်စင် မပေးသေးပါ။
ကျောင်းပြီး ခါစ စာနဲ့ မဝေးခင် ဖြေတဲ့ အခါ ပိုပြီး အောင်နိုင်ခြေ ပိုများပါတယ်။ နောက် အလုပ်အကိုင်၊ မိသားစု ဝန် (Life-Style Changes) ဥပမာ အိမ်ထောင်ကျ ကလေးတွဲလောင်း နဲ့ ကျောင်းပြီးခါစလောက် အချိန်မပေးနိုင်တော့တဲ့ အချက်တွေ ကိုထောက်ပြပါတယ်။
အခြားတစ်ဖက် မှာ လည်း Professional Exam ဆိုတာ နဲ့ အညီ လုပ်ငန်း အတွေ့အကြုံ နည်းရင် ဖြေဘို့ ခက်ခဲတဲ့ အကြောင်း ကို လည်း ထောက်ပြကြပါတယ်။ ဒီလို ကြိုဖြေခွင့် ပြုတာ ကို အကြိမ်ရေ သုံးကြိမ်ထက် ပိုပြီး ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Continuing Education Program (CEP)
ဒီစနစ် ကို ၂၀၀၅ မှာ စခဲ့ပါတယ်။ စည်းကမ်း က အသိအမှတ် ပြု သင်တန်း မျိုးမှ မဟုတ် ပဲ ကိုယ့်အသိစိတ် နဲ့ ကိုယ် လေ့လာသင်ယူ တဲ့ အခြေအနေ မျိုးပါ။ ဥပမာ ကျင့်ဝတ် အတွက် တစ်နာရီ ကို ဒီလို လာမထိုင် ပဲ ဘုတ် ဝက်ဘ်ဆိုဒ် က Ethics Rules တွေ ကို တစ်နာရီတိတိ သွားဖတ်ရင် ဒါ တစ်နာရီ ပါပဲတဲ့။
နောက် သင်တန်းတွေ အများကြီးပတ်တက်ထားလို့ နာရီတွေ ပိုနေရင် နောက်နှစ် ကို ၁၄ နာရီ အထိ သယ်လို့ရပါတယ်။

Mutual Recognition
အခြားနိုင်ငံ တွေ နဲ့ အပြန်အလှန် အသိအမှတ် ပြုမှု အခြေအနေ ကို ဆွေးနွေးပါတယ်။ ယူအက်စ် ပြည်နယ် ၅၀ မှာ တက်ခ်ဆက် က အခြားနိုင်ငံ တွေ နဲ့ အပြန်အလှန် အသိအမှတ် ပြုဘို့ ပထမဆုံး ဘုတ် ဖြစ်တယ် လို့ သိရပါတယ်။ ပြည်နယ်ငါးဆယ် မှာ တစ်ကျောင်း၊တစ်ဂါထာ မို့ ချဉ်းကပ်လို့ လွယ်တဲ့ တက်ခ်ဆက် နဲ့ စကြတာလို့ ဆိုပါတယ်။
တက်ခ်ဆက် မှာ အော်ဇီပီအီး တစ်ယောက် သူ့မူရင်းလိုင်စင် ပြရင် နှစ်နှစ်စာ လိုင်စင် ထုတ်ပေးပါတယ်။ လုပ်ပိုင်ခွင့် က တက်ခ်ဆက် ပီအီးအတိုင်း အပြည့်အဝ ဖြစ်ပါတယ်။ ကောင်တာ လက်မှတ်ထိုးရမဲ့ သူ မလိုအပ်ပါ။ လက်ရှိ အသိအမှတ်ပြုထားတဲ့ လေးနိုင်ငံ က တော့ မက္ကဆီကို၊ ကနေဒါ၊ သြစတေးလျ နဲ့ တောင်ကိုရီးယား နိုင်ငံတွေ ပါ။ အိန္ဒိယ နဲ့ အခြားနိုင်ငံ အချို့ က စိတ်ဝင်စားပေမဲ့ အခြေခံ လိုအပ်ချက် ဖြစ်တဲ့ ယူအက်စ နဲ့ FTA လက်မှတ်ထိုးထားတဲ့ နိုင်ငံဖြစ်ရမှာ မို့ လုပ်ပေးလို့ မရကြောင်း ရှင်းပြပါတယ်။

ကျင့်ဝတ် နဲ့ ပတ်သက်တဲ့ မေးခွန်းအချို့။ ။
ဒီ အမေးအဖြေတွေ နဲ့ သင်တန်းကို လက်စသတ်ပါတယ်။
Professional Firm: ပီအီးတစ်ယောက် အနေ နဲ့ ကိုယ့် Employer အောက်က မဟုတ်ပဲ အပြင်မှာ အခစားဖြစ်ဖြစ်၊ ကုသိုလ် ဖြစ် ဒီဇိုင်း လက်မှတ် ထိုးမယ် ဆိုရင် Professional Firm တစ်ခု အနေနဲ့ မှတ်ပုံတင်ထားဘို့ လိုအပ်ပါတယ်။ တစ်ယောက်ထဲ ဖြစ်ဖြစ် ပါတနာ နဲ့ ဖြစ်ဖြစ်ပါ။ ဥပမာ။ ။ Church တစ်ခု ဆောက်မှာ မို့ ကုသိုလ်ဖြစ် ဒီဇိုင်းလှူချင်တယ် ဆိုရင် အခကြေးငွေ မယူပေမဲ့ ဒီအတိုင်း လက်မှတ်ထိုးပေးခွင့် မရှိပါဘူး။ အဲတံဆိပ်တုံး လည်း မနှိပ်၊ ပီအီး အရှိန်လည်း မသုံးပဲ Design Review / Discussion လုပ်တာ က တော့ အာပတ် လွတ်ပါတယ်။
နောက် ဒီဇိုင်းတစ်ခု ကို အရင်ပီအီး က လုပ်သွားတယ်။ ဒါပေမဲ့ အကြောင်းတစ်ခုခု ကြောင့် (ဥပမာ သူ အလုပ်ထွက်သွားလို့) နောက်ပီအီး က တာဝန်ယူရမယ်။ ဆက်ကိုင် ရမယ်၊ လက်မှတ်ထိုးရမယ် ဆိုရင် အရင်လူ ရဲ့ အလုပ်ကို စစ်ဆေး၊ဆန်းစစ် လို့ ကိုယ်တာဝန်ယူရဲ ရင် လက်မှတ်ထိုးပေးခွင့် ရှိပါတယ်။ အခြားမေးခွန်း တွေ နဲ့ Presentation အပြည့်အစုံ ကို အောက်က လင့်ခ် က နေ ဖတ်ရှုနိုင်ပါတယ်။ https://engineers.texas.gov/downloads/EthicsWebinarMarch2016.pdf

ပီအီးဘုတ် နဲ့ ပတ်သက်တဲ့ အချက်အလက် တွေ ကို တော့ဘုတ် ။ ။ http://engineers.texas.gov/
ကျေးဇူးတင်ပါတယ်။

No comments: