Thursday, January 7, 2016

မသန်စွမ်းသူ တွေ လွတ်လွတ်လပ်လပ် လွယ်လွယ် ကူကူ သွားလာနိုင်ဘို့ အတွက် Accessibility Codes

အဆောက်အဦ တွေ နဲ့ မြို့ပြသွားလာရေး မှာ Accessibility လို့ခေါ်တဲ့ မသန်စွမ်းသူ တွေ အတွက် စဉ်းစားထည့်သွင်း ပေးထားတဲ့ အချက်တွေ ကို တင်ပြပေးသွားပါမယ်။ Handicapped Person, Person with Physical Disabilities, Physically Challenged Persons, စသည်ဖြင့် အမျိုးမျိုး ခေါ်ကြတဲ့ သာမန် လူတွေ လို လုပ်ဆောင်နိုင်စွမ်း မရှိတော့ တဲ့သူ (မစွမ်းမသန်) တွေ အတွက် အဆောက်အဦ တွေ နဲ့ မြို့ပြသွားလာရေး မှာ ကိုယ့်ဖာသာ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေဘို့ Accessibility လို့ခေါ်တဲ့ စဉ်းစားထည့်သွင်း ပေးထားသင့်တဲ့ အချက်တွေ ကို တင်ပြပေးသွားပါမယ်။
ဒီနေရာ မှာ ခြေလက်မသန်စွမ်း သူတွေ သာ မက အမြင်အာရုံ အကြားအာရုံ ချို့ယွင်းတဲ့ သူတွေ အတွက် ပါ ထည့်သွင်းစဉ်းစား ထားတာတွေ လည်း ပါဝင်ပါတယ်။
အသက်အရွယ်ကြောင့်ပဲ ဖြစ်ဖြစ်၊ လေဖြတ်တာ (သို့) အခြားကျန်းမာရေး အခြေအနေ၊ မတော်တဆ ထိခိုက်မှု၊ မွေးရာပါ ကိုယ်အင်္ဂါချို့တဲ့ လို့ပဲ ဖြစ်ဖြစ် သာမန်လူတွေ အတွက် သက်သက်သာသာ လှုပ်ရှားမှု မျိုး ကို မလုပ်ဆောင် နိုင်တော့တဲ့ အခြေအနေ က ဘယ်သူ့မှာ မဆို ဖြစ်နိုင်ပါတယ်။ ဒီလို လူတွေ ထဲမှာ လွတ်လွတ်လပ်လပ် လမ်းမလျှောက် နိုင်ပေမဲ့ Wheelchair (သို့) အကူ ရှိရင် တော့ ကိုယ့်ဖာသာ သွားလာဘို့ ဖြစ်နိုင်တဲ့သူ တွေ အများအပြား ရှိကြပါတယ်။ ဒီလို အားနည်းတဲ့ အခြေအနေ တစ်ခု မဟုတ်တစ်ခု လူတိုင်းလိုလို ဘဝတစ်ကွေ့ မှာ တော့ ကြုံလာနိုင်ပါတယ်။
အကူမပါပဲ သွားလာလှုပ်ရှား ဘို့ မလွယ်ကူ တဲ့ သူတွေ ကိုယ့်ဖာသာ လွတ်လွတ်လပ်လပ် အိမ်သာတက်၊ ရေချိုး၊ သွားလိုရာသွား၊ ဈေးသွား၊ ကျောင်းသွား၊ ခရီးသွား၊ ဘုရားသွား ကျောင်းတက်၊ ဝတ်ပြုသွား၊ ပန်းခြံသွား အပန်းဖြေ တွေ လုပ်နိုင်မယ် ဆိုရင် မကောင်းပေဘူးလား။
သူတစ်ပါး ကို အမြဲ အားကိုးနေရမဲ့ အစား ကိုယ့်ဖာသာ နေထိုင်သွားလာ လှုပ်ရှား လို့ ရရင် ဘယ်လိုနေမလဲ။ ပင်စင်ယူ (အနားယူ) ပြီးတဲ့ အခါ အိမ်ထဲပဲ အောင်းနေမဲ့ အစား လှုပ်လှုပ်ရှားရှား ကျန်းကျန်းမာမာ သာမန်လူတွေ လို သွားလာ နေထိုင်ရင်း လူ့ဘဝ အရသာ ကို ခံစား အနားယူ နိုင်မဲ့ အခြေအနေ ဆိုရင် ဘယ်လို သဘောရပါသလဲ။
ဒီလို သူများကူမှ သွားနိုင်လာနိုင်မဲ့ အခြေအနေ မျိုးမဟုတ် တော့ဘဲ ကိုယ့်စိတ် နဲ့ ကိုယ့်ကို နေလို့ ရစေ ဘို့ အတွက် နိုင်ငံတကာ မှာ Accessibility လို့ ခေါ်တဲ့ လိုအပ်ချက်တွေကို မရှိမဖြစ် ပါဝင်ဘို့ တရားဝင် ဥပဒေနဲ့ ပြဌာန်းထားပေးတာ တွေ့ရပါတယ်။ အထူးသဖြင့် သိသာ မြင်သာတာ က တော့ Wheel Chair User Access တွေပါ။ Wheel Chair နဲ့ အဆင်ပြေပြေ သွားနိုင်ဘို့ အဖုအထစ် နည်းတဲ့ လမ်းခပ်ပြေပြေ၊ ကွေ့နိုင်ဝိုက်နိုင်ဘို့ နေရာ၊ အဝင်အထွက် လွယ်ကူဘို့၊ အားပြုပြီး ထိန်းကိုင်စရာ Grab Bars တွေ၊ အနိမ့်အမြင့် မတူ ရင် ခပ်ပြေပြေဖောက်ထားပေးတဲ့ Ramps တွေ၊ အတက်အဆင်း အတွက် သင့်တော်တဲ့ ဓာတ်လှေခါးတွေ ကို ဒီဇိုင်းလုပ် တပ်ဆင်ပေးဘို့၊ လိုအပ်တဲ့ ကားပါကင်တွေ ထားပေးဘို့ တွေလိုအပ်ပါတယ်။
ဒါ့အပြင် ဘတ်စ်ကား၊ တက်ခ်စီ တွေ မှာလည်း ဒီလိုလူတွေ စီးခွင့်ရအောင် လုပ်ထား ပေးနိုင်ပါသေးတယ်။ အိမ်သာ နဲ့ လက်ဆေးခွက် တွေ ကို အခြားသူ မကူဘဲ ကိုယ့်ဖာသာ သုံးနိုင်အောင် Wheel Chair က နေ အိမ်သာခွက် ပေါ်ကို ကိုယ့်ဖာသာ ရွှေ့သွားနိုင်အောင် လိုအပ်တဲ့ Grab Bars, လိုအပ်တဲ့ နေရာ အကျယ်အဝန်း၊ Knee Space, Toe Space နဲ့ သင့်တော်တဲ့ Sanitary Fixtures (WCs, Urinals, Wash Basins/Lavatories and Taps/Faucets) တွေ စတဲ့ အချက်တွေ ကို လည်း ထည့်သွင်း ပြဌာန်းထားလေ့ ရှိပါတယ်။ တစ်ကျောင်းတစ်ဂါထာ ဆိုသလို နိုင်ငံအလိုက် သတ်မှတ်ချက် မှာ ကွဲပြားချက် အနည်းငယ် တော့ ရှိတတ်ပါတယ်။ ဥပမာ အိမ်သာ ဘိုထိုင်ကြွေခွက် ဆိုရင် သာမန်ထက် နှစ်လက်မ လောက်မြင့်ပါတယ်။ ဒါပေမဲ့ BFA (SG) & ADA (USA) ကြားမှာ ကွာဟ ချက်လေးတွေ ရှိပါတယ်။ အောက်က ဇယားမှာ နမူနာ ဖော်ပြပေးထားပါတယ်။
Sanitary FixtureBFA, Singapore ADA, USA
Water Closet (WC): Seat450-480mm430-485mm (17”-19”)
Urinal: Rim500mm Max430mm(17”) Max
Wash Basin (Lavatory): Top
Knee Clearance
Toe Clearance
800-840mm
>685mm
> 230 mm
< 860mm(36”)
> 685mm (27”)
> 230 mm (9”)

ပထမ ကျနော့်ရဲ့ နိုင်ငံ အချို့ က အတွေ့အကြုံလေးတွေ ကို ပြောပြလိုပါတယ်။

စကာၤပူ 
စကာၤပူ ရောက်စ က ပထမ စရင်းနှီး ခဲ့တာ ကတော့ Handicap Toilets ဆိုတာပါ။ လိုအပ်တဲ့ အိမ်သာ Compartment အရွယ်အစား၊ Plumbing Fixtures (အိမ်သာခွက်၊ ရှုပေါက်ခွက်၊ လက်ဆေးခွက်၊ စသည်) ဘုံဘိုင်ခေါင်း (Taps/Faucets), လက်ကိုင်ဘို့ Grab Bars, စတဲ့ အရာတွေ နဲ့ တပ်ဆင်ရမဲ့ အမြင့်တွေ စသည်ဖြင့် ဂရုစိုက် ဒီဇိုင်းလုပ်ပေးခဲ့ ရပါတယ်။
စလုံး မှာ အရင်တုန်း က လမ်းတွေ မှာ ခုလို Accessibility Features တွေ မပြည့်စုံ သေးပါဘူး။ ဒါပေမဲ့ BFA (Barrier Free Access) Code ဆိုတာ ကတော့ 1990 ထဲက ရှိနေပါပြီ။ ဒါပေမဲ့ စလုံး မှာ က တစ်ခုခု လုပ်ပြီ ဆို ဖြစ်လာတာက အရမ်းမြန်ပါတယ်။ လမ်းတွေ က ပလက်ဖောင်း အထစ် မှာ ခပ်ပြေပြေ အလျှောလေးတွေ တပ်လိုက် လှေခါးဘေးနားမှာ အတက်အဆင်း Ramps တွေ လုပ်ပေးလိုက် နဲ့ အချိန်တို လေးမှာ HDB Apartment အပေါ်ထပ် မှာနေတဲ့ သူ Wheel Chair နဲ့ တစ်ကျွန်းလုံး သွားလို့ ရသလောက် ဖြစ်နေပါပြီ။
Wheel Chair သမားတွေ အတွက် သာမက အသက်ကြီးသူ အားနည်းသူ တွေ၊ ကလေးတွေ အတွက် လည်း ကောင်းပါတယ်။ မျက်မမြင် တွေ အတွက်လည်း တုတ်နဲ့ စမ်းစရာ တုံးလေးတွေ နဲ့ လက်နဲ့ စမ်းစရာ အမှတ်လေးတွေ ပါတပ်ဆင်ထားတာ တွေ့နိုင်ပါတယ်။
ကျနော်တို့နေခဲ့တဲ့ Apartment မှာ Wheel Chair ကိုပဲ အားပြုနေရတဲ့ ဦးလေးကြီး တစ်ယောက် ရှိတယ်။ ဓာတ်လှေခါး ထဲ လည်း တစ်ခါတစ်ရံ တွေ့မိပါရဲ့။ အစပိုင်း က Manual Wheel Chair နဲ့ ဘီးဘေး က ဂွေကို လက်နဲ့ တွန်းလှိမ့်ပြီး အိမ်ကနေ MRT အထိသွားတာ။ သိပ်တော့မနှေးလှဘူး။ နောက်ပိုင်း ကျတော့ Electric Operated Wheelchair နဲ့ ဖြစ်လာရော။ Game ကစားတဲ့ Joy Stick ပုံစံမျိုး control နဲ့ သာသာလေး လက်လှုပ်ပြီး ဆော်သွားတာ ဝီးကနဲ ကိုယ်မြန်မြန် လျှောက်တာ ထက်တောင် မြန်သေး...။ (လေတစ်ခြမ်းဖြတ် ထားတဲ့သူတောင် လွယ်လွယ် ထိန်းနိုင်မဲ့ ပုံစံ တွေ့ရပါတယ်။)
ကားလမ်းကျော်တဲ့ ဂုံးကျော် တံတား တွေ မှာ တောင် Accessible Ramps တွေ ကို ထည့်သွင်းပေးထားပါတယ်။ အချို့ ဆို အရှည်ကြီး နှစ်ခေါက်၊ သုံးခေါက် ချိုးဆွဲထားတာ။ နည်းနည်း တက် (ဆင်း) ပြီး ရင် နားစရာ ပြန့်တစ်ခု Codes ထဲက သတ်မှတ်ချက် အတိုင်း ထည့်ထားပေးရသေးတယ်။
BCA အရ BFA ရဲ့ ရာဇဝင် ကတော့ ဒီလိုပါတဲ့။ 1990 မှာ BFA Code စ အသက်ဝင်တယ်။ ဒါကြောင့် 1990 နောက်ပိုင်း အဆောက်အအုံ တွေ မှာ Accessibility ကပါတယ်။ ဒါပေမဲ့ အဆောက်အအုံ အဟောင်းတွေ နဲ့ လမ်းတွေက အဆင်သင့် မဖြစ်သေးဘူး။ ဒါကြောင့် BCA Accessibility Fund S$40 millions မတည်ပြီး ရှိရင်း အဆောက်အအုံ နဲ့ လမ်းတွေ ကို ပြုပြင်ဘို့ စီမံကိန်း ချ လုပ်ခဲ့ပါသတဲ့။ 2007-2016 စီမံကိန်းမို့ ခု 2016 နှစ်အကုန် မှာ တော့ တစ်ကျွန်းလုံး နီးပါး Basic Accessibility အဆင်သင့် ဖြစ်ဘို့ ရည်မှန်းထားပါတယ်တဲ့။

ဂျပန် 
ဂျပန်တွေ က တော့ ဒီကိစ္စ မှာလည်း ထိပ်ဆုံး ရှေ့ပြေးတွေ လို့ ပြောလို့ ရပါတယ်။ သူတို့ လူမျိုးက သူများ အားမကိုး ပဲ လွတ်လွတ်လပ်လပ် သွားလာချင်တဲ့ သူများပုံ လည်း ရပါတယ်။ ခရီးသွားတွေ အတွက် တစ်နိုင်ငံ လုံး နီးပါး သွားလာ လည်ပတ်နိုင်အောင် လုပ်ပေးထားတယ် လို့ ဆိုပါတယ်။
Toto Sanitary-ware Catalogue (Japanese Version) တစ်ခုမှာ တစ်ဆင့်ချင်း Bathtub မှာ ဘယ်လို ရေချိုးရမယ်။ ဘယ်လို အိမ်သာ တက်ရမယ် (ဘယ်လို ဘယ်ပုံ ပြောင်းရွှေ့ရမယ် ဆိုတာ) တွေ ကို တော်တော်ပြည့်ပြည့်စုံစုံ ပုံနဲ့တကွ ရှင်းပြပေးထားတာ တွေ့ဘူးပါတယ်။ (စလုံး BFA မှာလည်း ဂျပန်တွေ လောက် မပြည့်စုံ ပေမဲ့ ခပ်ဆင်ဆင် ပုံ အချို့ပါပါတယ်။) အဲ ဂျပန် နိုင်ငံ နာရီတာ လေဆိုပ် က Accessible Toilets တွေ ကတော့ ရှယ်ပဲ။ ကျနော်တွေ့ဘူးသမျှ အကောင်းဆုံး ပဲ လို့ ပြောပါတော့။ (ဂျပန် နာရီတာ ရောက် ရင် ဝင်ပြီး ပါကြည့်ကြပါကုန်။) Accessibility Features တွေ အပြင် ဖင်ထိုင်တဲ့ Seat ကို လည်း အပူ၊ အနွေးညှိလို့ ရတယ်။ ကိစ္စ ပြီးလို့ ရေနဲ့ ဆေးချင်ကြောချင်ရင် လည်း Washlet က ရေပူ ရေနွေး အပူချိန် လည်း ညှိလို့ရတယ်။ ရေအား အပျော့အပြင်း လည်း စိတ်ကြိုက် ချိန် လို့ ရတယ်။ အဲ အမျိုးသမီး တွေ အတွက် ဆိုရင်လည်း ရှေ့နောက် ဒွာရ နှစ်ခု ကြိုက်ရာ ကို လက်နဲ့ မကိုင်ဘဲ ဆေးလို့ ရသဗျ။)

အမေရိကန်
ADA (Americans with Disabilities Act) Standards တွေ အရ မသန်စွမ်း တဲ့ သူတွေ ကို ဦးစားပေးပါတယ်။ ဘတ်စ်ကား တက်ခ်စီး ရထား ဘယ်သွားသွား ဦးစားပေး နေရာရှိလေ့ရှိပါတယ်။ ကျနော်တွေ့ဘူးသလောက် (LA & Houston) ဘတ်စ်ကား တွေ မှာ ဝှီးချဲ အတွက် သီးသန့် နေရာ ပါလေ့ ရှိပါတယ်။ အတက်အဆင်း လွယ်ကူ ဘို့ အတွက် ကုန်းဘောင်ထိုးပေး တဲ့ စက် (သို့) Features က ဘတ်စ်ကားတွေ မှာ ပါပြီးသားပါ။ ဝှီးချဲ အတွက် သတ်မှတ်ထားတဲ့ နေရာ မှာ ခေါက်ခုံတွေ ရှိပြီး ဝှီးချဲသမား တက်လာရင် (လူဘယ်လောက်ကျပ်ကျပ်) အဲဒီ့ ခုံ ကလူတွေ ထပြီး နေရာဖယ်ပေးကြပါတယ်။
အဆောက်အအုံ တွေ နဲ့ အနီးဆုံး မှာ Handicap Car Parkings တွေ ကို တွေ့နိုင်ပါတယ်။ နေရာကောင်းလည်း ဖြစ် အမြဲလိုလို လည်း လွတ်နေတတ်တာ မို့ တကယ့်အခွင့် အရေးတစ်ခုပါ။ ဒီပါကင် မှာ ဝှီးချဲ အတက်အဆင်း လုပ်ဖို့ နေရာ သီးသန့် ထပ်ပါလေ့ရှိပါတယ်။ ဒီလို ကားပါကင် မှာ ကားရပ်နိုင်ဘို့ အတွက် တရားဝင် ထုတ်ပေးထားတဲ့ မစွမ်းမသန် ကဒ်ပြား Placard ကို ကားထဲ က ဘက်မှန်မှာ မြင်သာအောင် ချိတ်ဆွဲပြီး ပြထားပေးရပါတယ်။ မဟုတ်ရင် တော့ ဒါဏ်ရိုက်ခံ (Ticket အပေးခံ) ရပါလိမ့်မယ်။
စားသောက်ဆိုင် တွေ က ထိုင်ခုံတွေ ပါ Accessibility Sign ပါရင် သူတို့ အတွက် အဆင်သင့် ဖြစ်အောင် လုပ်ထားပေးတာ လို့ သတ်မှတ်နိုင်ပါတယ်။ အဆောက်အအုံ တစ်ခု ကို ဝင်နိုင်ထွက်နိုင်ဘို့ တံခါးမ တွေ ကို ဖွင့်ဘို့ အတွက် လည်း သူတို့ အတွက် သတ်မှတ်ထားတဲ့ အမြင့်မှာ ခလုတ်ထားပေးထားတာ မို့ သူများ တံခါးဖွင့် ပေးတာ စောင့်စရာ မလိုပါဘူး။
အလုပ်ခန့်ရင် လည်း မသန်စွမ်းသူ ကို မခွဲခြားရတာကြောင့် ကျနော်တို့ ရုံးမှာလည်း ဝှီးချဲ အကြီးမသုံးပေမဲ့ လက်ကိုင်အနေ နဲ့ လည်း သုံးနိုင်တဲ့ ဝှီးချဲ အပေါ့စား သုံးတဲ့ သူတွေ အချို့ကို တွေ့ရလေ့ရှိပါတယ်။
လိုအပ်ချက် နဲ့ ကိုက်ညီတဲ့ Sanitary Fixtures တွေ နဲ့ အခြား  Appliances တွေ ကို ADA compliant ဆိုပြီး စစ်ဆေး သတ်မှတ် ထားတာ လည်း ရှိပါတယ်။ ဒါ့အပြင် လက်ဆေးကြွေခွက် Lavatory (Wash-hand basin) ဒူး အပူလောင် မှာစိုးလို့ Hot Water Pipe & Drain Trap ကို Insulation အပျော့ဆင်ပေးရတာ ကလည်း ADA လိုအပ်ချက် တစ်ခုပါ။

မလေးရှား။ 
လွန်ခဲ့တဲံ အနှစ် ၂၀ လောက် မလေးရှား ဟိုတယ် ပရောဂျက် မှာ လုပ်တော့ Handicap ဆိုတဲ့ စကားလုံး ကို ကြိမ်ဖန် များစွာ ကြားခဲ့ဘူးပါတယ်။ လုပ်ဖော်ကိုင်ဖက် အများစု က အင်္ဂလန် နိုင်ငံသား (Both English & Asian Descendent) တွေပါ။ British Institute of Plumbing က ထုတ်တဲ့ Plumbing Engineering Design Guide က Designing for the Disabled အခန်း မှာ Accessibility Plumbing Fixtures Installation ကို တွေ့ရပါတယ်။ ကျနော့် အနေနဲ့ သိပ်ဂရုတစိုက် မရှိခဲ့ပါဘူး။
နောက် နှစ်အနည်းငယ် အကြာ မလေးရှား ပရောဂျက် အချို့ စကာင်္ပူ ကနေ ထပ်ကိုင်ရတော့ တစ်ကျောင်းတစ်ဂါထာ နဲ့ ညိတာလေး ကို ပြောပြချင်ပါတယ်။ ဓါတ်လှေကား ရဲ့ အတွင်းပိုင်း အကျယ်အဝန်း ပါ။ Malaysian Standard အရ အနည်းဆုံး 1,800x1,800mm နဲ့ တံခါးဝ အနည်းဆုံး 800mm လိုပါတယ်တဲ့။ စကာင်္ပူ မှာ က ဗျက် 1200 အနက် 1400mm ပဲ လိုအပ်ပြီး တံခါးဝ က တော့ 900mm ဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက် Japanese Architect ကတော့ ပုံတွေ ဘာတွေ စနစ်တကျ ဆွဲပြီး စလုံး ရော ဂငယ် က References တွေ နဲ့ သက်ဆိုင်ရာ လူတွေ ကို ရှင်းပြရှာပါတယ်။ (ကျနော် ကတော့ ဘေးက ထိုင်ပေးပေါ့။) ဓာတ်လှေကား တစ်ခု ရဲ့ Capacity & Cost ကလည်း ကားဧရိယာ နဲ့ တိုက်ရိုက်နီးပါး အချိုးကျ နေတာ မို့ စရိတ်လည်း ကြီး နေရာလည်း စားပေါ့လေ။ ကြိုးစားပေမဲ့ အလျှော့ မရခဲ့ဘူး လို့ ခပ်ရေးရေး မှတ်မိပါတယ်။

နိုင်ငံတကာ။ 
ကုလသမဂ္ဂ (UN) ရဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်တဲ့ the United Nations Economic and Social Commission for Western Asia (ESCWA) ရဲ့ အကူအညီ နဲ့ စစ်ဒါဏ်အကြီးအကျယ် ခံခဲ့ရတဲ့ လက်ဘနွန် နိုင်ငံ ဘေရွတ်မြို့ မှာ Accessibility အတွက် ပူးပေါင်းပြဌာန်း ထားတဲ့ Accessibility for the Disabled - A Design Manual for a Barrier Free Environment Code ကို အောက်က Link ကနေ သွားပြီး လေ့လာနိုင်ပါတယ်။
Accessibility for the Disabled - A Design Manual for a Barrier Free Environment Code 
http://www.un.org/esa/socdev/enable/designm/ ]


ကဲရွှေနိုင်ငံတော်မှာ ရော။ 
ဒီနှစ် Most generous people in the world အဆင့်ကို ရအောင် မြန်မာတွေ စေတနာ သဓ္ဓါတရား ကောင်းတဲ့ (ရက်ရောတဲ့သူတွေ) ဂရုဏာတရား ကြီးမားတဲ့ သူတွေရယ် လို့ ကမ္ဘာက အသိအမှတ်ပြု ခံရတယ်။ ကြင်နာသနားတတ်တယ်။ လူကြီးသူမ ကို အိမ်ဦးခန်းထားပြီး ပြုစုလေ့ရှိကြတယ်။ ဘုရားသွား၊ ကျောင်းတက် လုပ်စေချင်ကြတယ်။ အကူအညီ ပေးချင်ကြတယ်။ စသည် စသည်… သို့သော်..
ဒါပေမဲ့ Accessibility နဲ့ ပတ်သက်ပြီး လုပ်ဆောင်ချက် တွေ က သိပ်ကို နည်းလွန်းပါသေးတယ်။ မရှိသလောက် လို့ ပြောရမလိုပါပဲ။ လိုအပ်ချက် တွေ က လည်း များလွန်း၊ စနစ် က လည်း မရှိ။ ကန်ထရိုက် ဆိုတာ က လည်း အမြတ် တစ်ခု ပဲ ကြည့်နိုင် ဆိုတော့ မလုပ်ကြတာ လည်း မဆန်းပါဘူး။ 
မစွမ်းမသန် တွေအတွက် လုပ်ပေးဘို့ မပြောခင် ပထမ မှိုချိုး မျှစ်ချိုး အပြောင်အပျက် ပြောတာ တွေ ကို ပြင်ဘို့ လည်း ပြောချင်ပါတယ်။ မျက်စေ့မွဲတဲ့ သူ ကို အကန်း၊ ခြေမသန် တဲ့ သူ ကို အကျိုး ဆိုပြီး ချိုးချိုးဖဲ့ဖဲ့ ပြောရမှ အရသာ တွေ့တဲ့သူတွေ အများအပြား ရှိနေဆဲပါ။ အချို့ က ဒီထက်ဆိုးရွား စွာ သောက်ကန်း၊ သောက်ကျိုး စသည့် စကားလုံး မျိုးများ ကို ခပ်လွယ်လွယ် သုံးတတ် ပါသေးသည်။ အကျင့်ပါနေသလို ဖြစ်နေတာ တွေ့ရပါတယ်။ ကိုယ် နဲ့ ဆိုင်သည် ဖြစ်စေ မဆိုင်သည် ဖြစ်စေ (နှမသားချင်း မစာနာ) ပါးစပ် အရသာခံ တတ်တာတွေ လည်း ပြင်စေချင်ပါတယ်။ အကုသိုလ် အလကား တောင်းယူတဲ့ ပုံစံပါ။ စာနာတတ် စေလိုပါတယ်။ လူအများ ပြင်စေချင်ပါတယ်။ 90% ကောင်းရင် တောင်မှာ 10% မကောင်းရင် အရာမထင် ပါဘူး။
နိုင်ငံကြီးသား ပီသဘို့ အခြားအချက် တွေ ကို လည်း လူတော်တော် များများ က ပြောထားကြတာ မို့ ထည့်မပြော လိုပါ။ တန်းမစီတာ၊ (ကွမ်း) တံတွေးထွေးတာ၊ အမှိုက်ပစ်တာ လော်စပီကာ ဆောင်းဘောက် တွေ နဲ့ နှိပ်စက်တာတွေ...

MNBC-2012, Part 2, Sec 2.7 Accessibility (Provision for Future Accessibility)
အခု MNBC-2012, Part 2, Sec 2.7 Accessibility မှာ ဒီ လိုအပ်ချက် အချို့ ကို ထည့်သွင်းပေးထားတာ မို့ နောက်ပိုင်း ဒီ Codes တွေ အသက်ဝင် လာတဲ့ အခါ မှာ တော့ အထိုက်အလျောက် ဖြစ်လာလိမ့်မယ် လို့ မျှော်လင့်ပါတယ်။ အစ ဖြစ်တာမို့ မွမ်းမံနိုင်ဘို့ လည်းအပ်ပါလိမ့်မယ်။
အကူ မပါရင် မသွား၊ မလာ နိုင်တဲ့ သူ တွေ လည်း လွတ်လွတ်လပ်လပ် ဘုရားသွား ကျောင်းတက်၊ ဈေးဝယ် အပန်းဖြေ ကိုယ့်ဖာသာ လုပ်နိုင်တဲ့ အခြေအနေ ကို ရောက်လာ ပါစေ လို့ ဆန္ဒပြုရင်း…..

References
  1. SG-BCA The Code on Accessibility in the Built Environment 2013
    [ http://www.bca.gov.sg/BarrierFree/others/ACCESSIBILITY_CODE_2013.pdf ]
  2. SG-BCA BFA Sanitary Provisions
    [ http://www.bca.gov.sg/data/ImgCont/439/05_Sanitary Provisions.pdf ]
  3. ADA Standards (USA) - 2010 Chapter 6: Plumbing Elements And Facilities (html)
    [ http://www.ada.gov/regs2010/2010ADAStandards/2010ADAstandards.htm ]
  4. ADA Standards (USA) (pdf)
    [ http://www.ada.gov/regs2010/2010ADAStandards/2010ADAStandards_prt.pdf ]
  5. American Standards Brand Sanitary Products - ADA Compliant
    [ http://www.americanstandard-us.com/learn/american-standard-advantage/innovations/default.aspx?f=15 ]
  6. Accessibility for the Disabled - A Design Manual for a Barrier Free Environment Code
    http://www.un.org/esa/socdev/enable/designm/ ]
  7. MS 1184-2002 Code of Practice on Access for Disabled Person to Public Buildings

No comments: