Friday, December 4, 2015

ဆေးလိပ်မီးခိုး ထိန်းချုပ်ရေး၊ ဆေးရွက်ကြီး၊ ဆေးလိပ်၊ အရက်၊ လူငယ် နှင့် နိုင်ငံတကာ ဥပဒေများ။

HVAC Engineers တွေ ETS (Environmental Tobacco Smokes) ထိန်းချုပ်မှု နည်းစနစ် တွေ အကြောင်း ကို သိရှိပြီး လိုက်နာ ဘို့ လည်း လိုအပ်ပါတယ်။
US Green Building Council ရဲ့ LEED Programs တွေ မှာလည်း မလိုက်နာလို့ မရတဲ့ အခြေခံ လိုအပ်ချက် အနေနဲ့ ပါပါတယ်။ သဘောတရား က တော့ အဆောက်အအုံ အတွင်း လူတွေ နေတဲ့ နေရာတွေ မှာ ဆေးလိပ်ငွေ့ လုံးဝ ကင်းစင်ရေး အတွက် ဖြစ်ပါတယ်။ အဆောက်အအုံ အနီးမှာ ဆေးလိပ် သောက်ခွင့် မရှိအောင် လုပ်ထားရတာပါ။ တံခါး၊ ဖွင့်ပိတ်လို့ ရတဲ့ ပြူတင်းပေါက်၊ လေဝင်ပေါက် Ventilation Air Intake တွေ ကနေ အနည်းဆုံး ၂၅ပေ ဝေးရမယ်။ တံခါးနဲ့ ၁၀ ပေ အတွင်း ဆေးလိပ်မသောက်ရ နယ်မြေ စာကပ် ထားပေးရမယ်။ အဓိက ရည်ရွယ်ချက် ကတော့ ဆေးလိပ် မသောက်တဲ့ သူတွေ ဆေးလိပ်ငွေ့ ကြောင့် ရလာနိုင်တဲ့ ဆိုးကျိုးတွေ က နေ ကာကွယ် နိုင်ဘို့ ဖြစ်ပါတယ်။ (Second hand smoke kills….)
LEED Certified Building ထဲက ကိုယ့်ရုံးခန်း ထဲ မှာ (အဲကွန်းခန်းထဲမှာ ဇိမ်လေးနဲ့ ရှူရအောင်) အခြားရွေးစရာ လမ်း မရှိတော့ဘူးလား ဆိုတော့ ရှိပါတယ်။ အင်မတန် ဈေးကြီး ပြီး ခက်ခဲ ပါတယ်။ အပြင်ကလေတွေ အများကြီးသွင်းပေးရမှာ မို့ မီတာခ က လည်း အဆပေါင်း များစွာ ကုန် ကျပါလိမ့်မယ်။ လေကို လည်း မိုက်ခရို HEPA Filter & Charcoal Filters တွေ တပ်ပေးရမှာ မို့ စရိတ်လည်း မသေးပါဘူး။ ပြီးရင် ဒီအခန်းထဲ က လေတွေ အခြားအခန်း ကို မသွားကြောင်း သက်သေပြ နိုင်ဘို့ လိုပါတယ်။ ဆိုလိုတာက တံခါးဖွင့် လိုက်ရင်တောင် အနံ့တွေ အပြင်ထွက်လာလို့ မရပါဘူး။
LEED Certified Building ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ ရုံးခန်းတွင်း မှာ ဆေးလိပ်သောက်ခွင့် မရှိအောင် ဥပဒေ နဲ့ ထိန်းချုပ်ထားတာ က တော့ နေရာတော်တော် များများမှာပါ။ စလုံး မှာ လည်း ဥပဒေ တွေ ရှိပါတယ်။ အမေရိက မှာ လည်း ရှိပါတယ်။ တိုက်ခန်း နဲ့ လုံးချင်းအိမ်တွေ မှာတောင် မီးဘေးကာကွယ်ရေး အတွက် Smoke Detectors တွေ ပါလေ့တာမို့ အကြမ်းအားဖြင့် ဆေးလိပ်သောက်ရင် လည်း မီးလှန့် ပါလိမ့်မယ်။ (ကုလ အရ ဆိုရင် တော့ နိုင်ငံ တိုင်း အကျုံးဝင် တယ် ဆိုသလားပဲ။)

ဆေးလိပ်၊ ဆေးရွက် ကို သုံးလာ တာ နှစ်ပေါင်း ထောင်ချီ နေပြီး လူမျိုး မရွေး၊ ယဉ်ကျေးမှု မရွေး၊ နိုင်ငံမရွေး၊ တည်ရှိနေတဲ့ ဓလေ့တစ်ခုပါ။ ဒီလို နှစ်ပေါင်း များစွာ လက်ခံ လာတဲ့ ဆေးလိပ်သောက်ရှူ ခြင်း ကို လက်ရှိအချိန် မှာ (ကိုယ်တိုင် တရှိုက်မက်မက် သောက်ရှူ နေရင်တောင်) ကောင်းတဲ့ အကျင့်လို့ အာမခံ ပြောမဲ့ လူတွေ၊ လက်ခံမဲ့ လူတွေ ဘယ်လောက် ကျန်ပါသေးသလဲ။ (ရှိပါသေးတယ်။ သို့သော် တစ်နေ့ထက် တစ်နေ့ လျော့ကျ လာနေပါပြီ။) ကျန်းမာရေး အသိပညာ တွေ နည်းစနစ် တိုးတက် လာတာ နဲ့ အတူ ဆိုးရွားတဲ့ ရလဒ် တွေ က လည်း သက်သေ ရှိနေတာ မို့ လူတွေရဲ့ အမြင်တွေ လည်း ပြောင်းသွား တဲ့ သဘောပါ။ ကျနော်စီးဘူးတဲ့ နိုင်ငံတကာ လေယာဉ်တွေ မှာ ဆေးလိပ်သောက်ခွင့် လုံးဝ မရှိတော့ ပါဘူး။ ဟိုတယ်၊ မိုတယ် တွေ တော်တော်များများ လည်း Non-Smoking ကိုဦးတည် နေကြပါပြီ။ ကားမော်ဒယ် အသစ်တွေ မှာ လည်း မီးညှိတဲ့ Lighter နဲ့ ဆေးလိပ်ခွက် မပါတော့ပါဘူး။ (Mostly because of Second-hand Smoke).
US မှာ ဆေးလိပ်သောက်တဲ့ သူ ဆို (အသက်၊ ကျန်းမာရေး) အာမခံကြေး ပိုကောက် လေ့ရှိပါတယ်။ သို့သော် အသက်ပြည့်သူ တွေ အတွက် ရွေးချယ်ခွင့် ကို တော့ မပိတ်ပင်ထား ပါဘူး။ (ကြိုက်တတ် ရင် သဘောရှိ သောက်ရှူ တော်မူနိုင်ပါတယ်။ ပြည်နယ်တစ်ခု ဆို အသက်သာပြည့် ဆေးခြောက်တောင် ခွင့်ပြုသေး။ ကော်လိုရာဒို)
ဆေးလိပ်ဆေးရွက် နဲ့ ပတ်ဝန်းကျင် ထိခိုက်မှု ဘာညာ ပြောနေတဲ့ သူတွေ အများကြီးပါ။ ဒီစာ ရဲ့ အဓိက ရည်ရွယ်ချက် က ဆေးလိပ် မကောင်းကြောင်း ပြောဘို့ မဟုတ်တာမို့ ဆက်မပြော လိုတော့ပါ။ အဓိက ရည်ရွယ်ချက် က တော့ ကလေးတွေ နဲ့ ဆယ်ကျော်သက် လူရွယ် တွေ ကို ဆေးလိပ်ဘေး၊ အရက်ဘေး ကနေ ကာကွယ်ဘို့ ပါ။ (မူးယစ်ဆေးဝါး ဆိုရင် တော့ အများကြီး ပိုဆိုးရွားပါတယ်။)
ဆယ်ကျော်သက် နဲ့ ကလေးတွေ ကို ဆေးလိပ် နဲ့ သုရာ ဘေးကနေ တရားဝင် တားမြစ်နိုင်ဘို့ လိုအပ်ပါတယ်။ အသက်မပြည့်မီ အရက်သောက်တာ၊ ဆေးရွက်ကြီး နဲ့ ဆေးလိပ်သောက်တာ တွေ ကို နိုင်ငံတကာ မှာ တရားဝင် ဥပဒေ နဲ့ ကန့်သတ်ထားလေ့ ရှိပါတယ်။ နိုင်ငံတိုင်း လိုလိုပါ။ နိုင်ငံ ရဲ့အနာဂါတ် လူငယ်တွေ ငယ်ငယ်ရွယ်ရွယ် လက်တဲ့စမ်း ပြီး လမ်းမှား မရောက်အောင် ရှိသင့်တဲ့ ဥပဒေတွေပါ။ ကာယ၊ ဥာဏ ဖွံ့ဖြိုးမှု ကို ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်တာ ကြောင့် လည်း ပါပါတယ်။ စကာင်္ပူ မှာ ၁၈ နှစ်မပြည့်ရင် ဆေးလိပ်ရော အရက်ရော ဝယ်လို့ မရပါဘူး။ မှတ်ပုံတင် (Identity Card) စစ်ပါတယ်။ ဆေးလိပ်ဗူး ခွံ ပေါ် မှာ ဆေးလိပ်သောက် လို့ ဖြစ်နိုင်တဲ့ ကြောက်စရာ ပုံတွေ လည်း ပါပါတယ်။ ကျန်းမာရေး နဲ့ အခြားဆုံးရှုံး မှု တွေ အတွက် အခွန် ကို လည်း တစ်ဆ မက ကောက်ထားပါတယ်။ ချန်ဂီ လေဆိပ် မှာ အခွန်မဲ့ စီးကရက် တစ်တောင့် (၂၀၀ လိပ်) ရနိုင်တဲ့ ငွေနဲ့ ကျွန်းပေါ်မှာ တော့ ၂ဗူး လောက် ပဲ ရပါလိမ့်မယ်။ ကျွန်းပေါ် က စီးကရက် တိုင်း မှာ အခွန်ဆောင် ထားကြောင်း စာတမ်း ပါပါတယ်။ မပါပဲ မိရင် တော့ လာထား နာပြီ။ ယမကာ ကို လည်း ထို့အတူ ပါပဲ။ ဘီယာ၊ ဝိုင် က အစ အသက်ပြည့်ရင် ဝယ်သောက်လို့ ရပေမဲ့ အခွန်ကတော့ (လူမှုရေး ဆုံးရှုံးမှုတွေ ကာမိအောင်) တွက် ထည့်ထားပြီးသားပါ။ [စကားချပ် - ဘီယာ ကို တော့ ၁၆ နှစ်ပြည့်ရင် သောက်ခွင့်ရှိတယ် လို့ လည်း ကြားမိပါတယ်။ (မှန်မမှန် မသိပါ)။]
ယူအက်စ် မှာ လည်း ပြည်နယ် အများစု က အနည်းဆုံး အသက် ၁၈ နှစ်အောက် ဆေးရွက်ကြီး Tobacco နဲ့ပါတ်သက်တာ ဘာမှ ဝယ်ခွင့် မရှိပါဘူး။ ရောင်းတဲ့သူလည်း ရောင်းခွင့် မရှိပါဘူး။ မှတ်ပုံတင် လည်း စစ်ပါတယ်။ အချို့နေရာတွေမှာ အနည်းဆုံး ၂၁ နှစ် သတ်မှတ်တာလည်း ရှိပါတယ်။ အရက်ပါတဲ့ အဖျော်ယမကာ (Alcoholic Beverages) တွေ ဆိုရင် တော့ ၂၁ နှစ်အောက် လုံးဝ ဝယ်ခွင့် မရှိပါဘူး။ သုံးစွဲ နေတုန်း မိရင်လည်း မီးခိုးကြွက်လျှောက် လိုက်ပါလိမ့်မယ်။ ဝယ်ပေးတဲ့ သူ တော့ နာပြီ မှတ်။ ဂျပန် နဲ့ အခြားနိုင်ငံ ကြီး တွေ လည်း ဒီလိုပဲ လို့ ဆိုရပါမယ်။
လုပ်ဖော်ကိုင်ဖက် အမေရိကန် အာခီတက် တစ်ယောက် က ဒီလိုပြောပါတယ်။ ယူအက်စ် မှာ ၁၈-နှစ် ပြည့်ရင် စစ်မှုထမ်းလို့ ရပြီ။ ဒါပေမဲ့ ဘီယာ ကျတော့ ၂၁-နှစ်မပြည့်ရင် သောက်ခွင့် မရှိဘူးကွာတဲ့။ (သူကတော့ သောက်တလွဲ လို့ ဆိုလိုချင်ဟန် ရှိပါတယ်။)
ရောင်းတဲ့သူ တွေ က လည်း ID မှတ်ပုံတင် မစစ်ဘဲ မနေရဲပါဘူး။ လူငယ်တွေ အုပ်စု လိုက် ဝင်လာ ရင် တစ်ယောက် မကျန် စစ်ချင် စစ်ပါတယ်။ ကြီးတဲ့သူ က ငယ်တဲ့သူ ကို ဝယ်ပေးမှာ စိုးလို့ပါ။ ရောင်းတာမိရင် စီးပွားပျက် သွားနိုင်တယ်လေ။ တချို့ ဆိုင်တွေ မှာ ရေးထားပါတယ်။ NO ID, NO SALE, Kick Them Out တဲ့။ ကန်လွှတ်ပလိုက် လို့ ဆိုလိုတာပါ။ (တကယ်သွားကန် ရင်တော့ ဘယ်ဖြစ်မလဲ၊ မောင်းထုတ်ဘို့ပါ။)
လက်ရှိ အခြေခံ ပညာ စာသင်ကျောင်းတွေ (၁၂တန်း အထိ) နဲ့ နောက်တက္ကသိုလ် တော်တော်များများ က ခုချိန်မှာ Smoke Free Environment ပါ။ စလုံးက NUS ဆို ကျနော်တို့ စတက်တဲ့ year 2000 မတိုင်ခင် ထဲ က ဆေးလိပ် မသောက်ရ နယ်မြေပါ။ NTU လည်း ထို့ အတူပါပဲ။ တက္ကသိုလ် ဝင်းထဲ ဆေးလိပ် ဝယ်ဘို့ မစဉ်းစားပါနဲ့။ မဖြစ်နိုင်ပါဘူး။ စလုံး က လူတွေ ဆေးလိပ် မသောက် ရ နယ်မြေ ဘယ်လောက် များသလဲ သိကြပါတယ်။ ( http://www.nea.gov.sg/public-health/smoking/faq-on-smoking-ban-in-public-places )
ကျနော်တို့ RIT ကျောင်းတော်ကြီး ဝင်းခြံ အတွင်း နဲ့ ကန်တင်း မှာ ဆေးလိပ်သောက်ခွင့် တွေ ရှိနေတုန်းပဲလား။ Smoke Free Campus မဖြစ်သင့်ဘူးလား။ အခုတစ်ခေါက် ပြန်တော့ Mechanical Department စာသင်ခန်း အပေါ်မှာ ဒီ စာတမ်း ကိုတွေ့ရပါတယ်။


ဤတက္ကသိုလ် ပရဝုဏ် အတွင်း ၌
မည်သူမျှ
ဆေးလိပ်မသောက်ရ၊ ကွမ်းမစားရ
တွေ့ရှိပါက ဒဏ်ငွေ (၅၀၀၀ိ ) ပေးဆောင်ရမည်။
ပါမောက္ခချုပ်
ရန်ကုန်နည်းပညာ တက္ကသိုလ်

ရုံးတွေ မှာ လည်း ဆေးလိပ်သောက်သူ တွေ အတွက် ရုံးအပြင် မှာ သီးသန့် နေရာရှိရပါတယ်။ တံခါးနား ပေ ၂၀ အတွင်း ဆေးလိပ်သောက်ခွင့် မရှိပါ။ Ventilation Air Intake အနား ဆေးလိပ်သောက်ခွင့် မရှိပါ။ (အပေါ်မှာ ရှင်းပြခဲ့ သလို If LEED certified, 25 feet minimum).
အမေရိက မှာ တက္ကသိုလ် ကျောင်းသူ တွေ ဘီယာဗူး နဲ့ တူတဲ့ ဖျော်ရည် ဝယ်လာတာ ကို အရပ်ဝတ် ရဲတွေ ဝိုင်းဖမ်းတဲ့ ကိစ္စ အသံထွက်လာတာ ကြားမိ ပါသေးတယ်။၁၈-နှစ် မပြည့်သေးတဲ့ လူငယ်တွေ ကို Minor လို့ ခေါ်ပါတယ်။ သူတို့အတွက် ဖြေဆိုရရှိနိုင်တဲ့ ကားမောင်း လိုင်စင် ကို Minor Driving License လို့ခေါ်ပါတယ်။ Minor တစ်ယောက်ထဲ ကားမောင်း လာတဲ့ အချိန် ကားထဲ ဘယ်နေရာ ဖြစ်ဖြစ် အရက်ပုလင်း ပါတာ မိလို့ ကတော့ နာပြီ မှတ်။ (သောက်သောက် မသောက်သောက် ကားပေါ်ပါလာရင် နာမယ်။)
ချွင်းချက် အနေနဲ့ အချို့ပြည်နယ်တွေ မှာ မိဘ (သို့ အုပ်ထိန်းသူ) က တစ်ဆင့် ယူပြီး တိုက်ရင် တော့ သောက်ခွင့် ရှိပါတယ်။ ဥပမာ - အချို့ စားသောက်ဆိုင် တွေ မှာ မအေက ဝိုင်နှစ်ခွက် မှာပြီး ဆယ်ကျော်သက် သမီးကို ပေးတိုက် ရင် ရပါတယ်။ ဆိုးဆိုးရွားရွား မဟုတ်ရင်ပေါ့။ (စားပွဲထိုး က တော့ Minor ရှေ့ကို ချပေးမှာ မဟုတ်ပါဘူး။) ဆေးလိပ် က တော့ နိုးနိုး ပါ။

အရက်မူးပြီး ကားမောင်းခြင်း။
ကျနော်သိသလောက် နိုင်ငံတိုင်း မှာ ကြီးကျယ်တဲ့ ပြစ်မှုမြောက်ပါတယ်။ ဒါဏ်လည်း အရိုက်ခံရမယ်။ လိုင်စင်လည်း အသိမ်း ခံရမယ်။ အမေရိက က တချို့ခရိင်တွေ မှာ ဆိုရင် ထောင်ထဲ တန်းပို့ပါလိမ့်မယ်။ (ထုံးစံ အတိုင်း လူငယ်ဆို ရင် စည်းကမ်းထိန်းသိမ်း ရေး ပုဒ်မ နဲ့ ညိအုံးမယ်။) ရုံးတွေ က လည်း အရက်မူးလာရင် လက်မခံ ပါဘူး။ Off-Show နဲ့ ဆိုင်တဲ့ အချို့ရုံးတွေ က အရက်သောက် ထားမထား ရံဖန်ရံခါ အလစ်မှာ သွေးစစ် ကြည့်နိုင် ပါသေးတယ်။
အများပြည်သူ အပန်းဖြေတဲ့ ပန်းခြံထဲ မှာ ဆေးလိပ်သောက်တာ၊ ယမကာ မှီဝဲတာ ကို လည်း တားမြစ်ထားနိုင်ပါသေးတယ်။ ကယ်လီဖိုးနီုးယား က အများအပန်းဖြေတဲ့ ကမ်းခြေ အချို့မှာ ယမကာ မှီဝဲ တာ ကို တားမြစ်ထားပါတယ်။ ရဲတွေ က လေးဘီးဆိုင်ကယ် တွေ နဲ့ ပတ္တရောင် လှည့်ပြီး အအေးဗူး စိမ်ထားတဲ့ ရေခဲပုံး တွေ ကို ဖွင့်စစ်တတ်ပါတယ်။ တွေ့ရင် (ထုံးစံ အတိုင်း အီစလန် ဝေဘို့ ပြင်ထား။ အသက်မပြည့် ရင် ပိုနာမယ်။ အချို့ရဲတွေ က အဝေး က နေ မှန်ပြောင်း နဲ့ လည်း လိုက်ကြည့်နေလေ့ရှိတယ် လို့ သိရပါတယ်။ အချှို့ဆိုင်တွေ မှာ အသက်ပြည့်ရင် အရက်ဝယ်လို့ ရပေမဲ့ ဆိုင်ထဲ မှာ သောက်ခွင့် မပေးပါဘူး။ အရက် ယမကာ တွေ ကို ဈေးပေါပေါ နဲ့ နေရာမရွေး ဝယ်သောက်နိုင်အောင် ခွင့်ပြုထားတဲ့ အစိုးရ က ပြည်သူ ကို ကောင်းစားစေချင် တဲ့ အစိုးရ လို့ ထင်ပါသလား။ (တစ်ခါသောက် တစ်ရက် ပျော်ရမယ် လေ။ နေ့တိုင်းပျော်ချင် - နေ့တိုင်းသောက်။) ဒါလည်း အသက်ပြည့်တဲ့ သူတွေ ဆို ရင် အာဏာပိုင် လူကြီးမင်း များ ခွင့်ပြုတာ ကို မပြောလိုပါ။ အသက်မပြည့် သေးသော ကလေးများ သုံးစွဲခွင့် မရှိအောင် (သုံးစွဲချင်စိတ်လည်း မရှိအောင်) ဘယ်လို ကာကွယ်ပေးထားပါသလဲ။
ကွမ်းယာ၊ ဆေးပေါ့လိပ်၊ ဆိုတာ ကလည်း မြန်မာတွေ အတွက် နှစ်ပေါင်း မနည်းတော့ တဲ့ ဓလေ့ထုံးစံ တစ်ခုပါ။ ဆက်ထိန်းသိမ်း သင့်တဲ့ ယဉ်ကျေးမှု ဟုတ်မဟုတ် တော့ အချိန် က အဆုံးအဖြတ် ပေးပါလိမ့်မယ်။ ကွမ်းယာ ထဲ မှာ ဆေးပေါင်းစုံ ဘာမှန်းမသိတာ တွေ အထိ ရနိုင်ပါတယ်။ ဒီဆေးတွေ က လူတွေရဲ့ ကျန်းမာရေး ဆုံးရှုံး မှု ဘယ်လောက်ဖြစ်စေသလဲ သုတေသန လုပ်နေတဲ့ သူတွေ ရှိနေလောက်ပါပြီ။ ဒီဆုံးရှုံးမှု တွေ က ငွေကြေး နဲ့တင် တိုင်းတာလို့ ရမယ်ထင်ပါသလား။ တိုင်းတာလို့ရတယ် ဆိုရင်ရော ထိုက်တန်တဲ့ အခွန် ရနေတယ် လို့ ဘယ်သူ သိပါသလဲ။ ကျန်းမာရေး အတွက် မသင့်တော် တာ သိပေမဲ့ တရားဝင် တားမြစ်ထားတဲ့ ဥပဒေ တွေ အဆင်သင့် ရှိနေပါပြီလား။ ရှိယုံ နဲ့ တင် မလုံလောက် ပါဘူး။ ပြည်သူအားလုံး တစ်ပြေးညီ အစစ်အမှန် ကာကွယ်ဘို့ အတွက် လုံလောက်တဲ့ ဥပဒေ ဖြစ်ဘို့လည်း လိုအပ်ပါတယ်။ မျက်နှာမရွေး အကောင်အထည် ဖော်နိုင်ဘို့ လည်း လိုအပ်ပါတယ်။
မြန်မာပြည် က ကျောင်းဝင်း အတွင်းမှာ ကွမ်းယာဆေးလိပ် ရောင်းခွင့် ပြုတာ ဘာလို့ လက်ခံထားကြတုန်းလဲ။ ရောင်းတဲ့သူ ကို အပြစ်မပြောခင် Root Cause တွေ ကို ကြည့်ရပါမယ်။ ရှင်းရှင်းပြောရရင် မရောင်းသင့် မှန်း နားမလည် သေးတာပါ၊ မသိသေးလို့ ပါ။ လူတွေ တဖြေးဖြေး နားလည်လာအောင် ပညာပေးရပါမယ်။ ကလေးတွေ ကို ငယ်ငယ်လေးထဲ က ဆေးလိပ်နဲ့ မနီးစပ် နိုင်အောင် ပျိုးထောင်ပေးရပါမယ်။ ကျောင်းသွား၊ကျောင်းလာ လမ်းမှာ ကျောင်းသားတွေ ကို ဦးတည်ပြီး ရောင်းတဲ့ ဆိုင်တွေ ကို ရော ဘယ်သူ က တရားဝင် ဥပဒေ အရ ဘာပြောခွင့်ကြပါသလဲ။
ကွမ်းယာ ထဲ မှာ ဆေးရွက်ကြီးပါတယ်။ ဘယ်သူ့ ကို မဆို ရောင်းခွင့် ရှိတယ်။ အသက်မပြည့်ခင် ဝယ်စားလို့ရတယ်။ ဒါတောင် ပြည်တွင်းဖြစ် ဆေးရွက်ကြီး စားတဲ့ သူက ခပ်နည်းနည်း။ ဘယ်လိုစွဲအောင် ဘာအဆိပ်တွေ ထည့်ထားမှန်း မသိတဲ့ ကုလားပြည် က သံဗူးတွေ။ အစစ်အဆေး မရှိ။ အထိန်းအကွပ် မရှိ။
တချို့ ကလေးတွေ လေးငါးနှစ် ကျောင်းတောင် တက်ခွင့် မရသေးဘူး ဆေးလိပ် ဝယ်ခိုင်းရင် ဝယ်ပေးရတယ်။ အရက် ဝယ်ပေးရတယ်၊ မနိုင်တနိုင် ပုလင်းကို ဆွဲလို့။ ခိုင်းတဲ့သူ က လည်း မာတပီတ၊ အဘိုးအဘွား တွေ တောင် ပါချင်ပါမယ်။ ဘာလို့ ခိုင်းကြသလဲ။ လူကြီးဖြစ်ပေမဲ့ မသိနား မလည် နိုင်သေးလို့။ (အနိုင်ကျင့် ခိုင်းတာ လည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဗဟုသုတ အားနည်း တာ က အဓိက ပါ။) ဝယ်ပေးတာနဲ့ တင် အလိုလို ရင်းနှီးသွားပါပြီ။ လူငယ်ဆို တာ အတုမြင် အတတ်သင်။
ဆေးလိပ် မီးညှိ ပေးပါအုံး ဆို ရင် မီးဖိုထဲ ဝင် မီးကျီးခဲ ကို တဖူးဖူး မှုတ်ပြီး မီးရတဲ့ အထိဖွာ ပြီး ပေးရတာ ရှိတယ်။ မသောက်တတ် ဘဲ ခံနိုင်ရိုးလား။ Second Hand Smoke ဒါဏ် ကို လည်း ကလေးတွေ တော်တော်များများ ခံနေရတုန်း။
ကလေးတွေ နားမှာ ဆေးလိပ် မသောက်သင့် တာ လူတိုင်းသိတယ် လို့ ထင်ပါသလား။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) မှာ ဆေးလိပ်ဆေးရွက် နဲ့ ပါတ်သက်တဲ့ စာတမ်းတွေ ရှိပါတယ်။ ကလေးတွေ အတွက် ဘယ်လို ကာကွယ်သင့် သလဲ ဆိုတာ လည်း ပါဝင်ပါလိမ့်မယ်။ ကားပေါ်မှာ ဆေးလိပ် မသောက်ရ ဆိုပေမဲ့ သောက်တဲ့သူ ကို ဘယ်သူမှ မပြောရဲကြ။ နယ်က ဗီဒီယို ရုံတွေ မှာ ဆေးလိပ်သောက်ခွင့် ရှိလား။ လူစုံတဲ့ နေရာ မှာ ဆေးလိပ်သောက်တာရော။ စကားမစပ် - အားလုံးက ဥပေက္ခာ ပြုထားတဲ့ အချိန် မှာ လူစွမ်းကောင်း လုပ် မသောက်နဲ့ လို့ သွားမပြောလေနဲ့ ပြောရင် အဆော်ခံ ရနိုင်ပါတယ်။ (တရားဝင် ဥပဒေ မရှိရင်။) ပြောမိလို့ အဆော်ခံ ရ ရင် စာရေးသူ လာ အပြစ်မပြော ကြပါ ကုန်နှင့်။ 
အဲယားကွန်း ဖွင့်ထားတဲ့ ဆိုင်ထဲ စီးကရက် သောက်တာ ခွင့်ပြုထားတုန်းပဲလားမသိ။ ဒီဆိုင်တွေ ထဲ ကလေး တွေ နဲ့ လူငယ်တွေ လည်း ဝင်ထိုင်ချင် ထိုင်မယ်။ (တရားဝင် ခွင့်မပြုတော့ ဘူး လို့တော့ ထင်ပါတယ်။ စာဖတ်သူ ဘယ်လို သဘောရပါသလဲ။) မှတ်မှတ်ရရ မြန်မာပြည် အရင် တစ်ခါ ပြန်တုန်း က FMI Tower သွားတယ် မီးခိုးမွှန် လို့ ထွက်ပြေးရတယ်။ J-Donut မှာ ကော်ဖီသောက် မလို့ ဝင်တော့ ရှုတော်မူ နေကြတာ ဆောင်းတွင်း နှင်းပိတ်နေတဲ့ အတိုင်းပဲ။ တော်ရုံဆိုရင်တော့ မမှုပါဘူး။ ကော်ဖီလည်း ငတ်ရော၊ ကြာတော့ ကြာပါပြီ။ (ခုတစ်ခေါက် အပြန်မှာ တော့ ဆိုးဆိုးရွားရွား သိပ်မတွေ့ရတော့ ပါဘူး။ ပုံစံ က အဲကွန်းခန်းထဲ မှာ ဆေးလိပ်သောက်ခွင့် ပိတ်လိုက်ပုံ ရပါတယ်။ အချို့ဆိုင်တွေ မှာ လည်း ၁၈-နှစ်အောက် မရောင်းရ စာတမ်းထိုးထားတာ တွေ့မိပါရဲ့။ နေရာတိုင်းတော့ မဖြစ်သေးပါ)
အသက်မပြည့်တဲ့ ကလေးတွေ ဘီယာ စုတ်တာ၊ ထရေ ဆွဲတာ ရော ရောင်းတဲ့ သူ ကို ဘာမှ မလုပ်ကြဘူးလား။ နိုင်ငံ တကာ မှာ တော့ ရဲ အရေးပိုင်တဲ့ အမှု။ (ရောင်းသူရော၊ သောက်သူရော.)။ ဗုဒ္ဓ ဘာသာဝင် တွေက ရော ကလေးတွေ သုယာမေရိယ ကျူးလွန်တာ ကံ၊ ကံ၏ အကျိုး သဗ္ပေသတ္တာ ကံမ္မသကာ လုပ်နေကြအုံး မှာ လား။
အသက်မပြည့်ခင် ဆေးရွက်ကြီး နဲ့ မထိအောင်၊ မနီးစပ်အောင် ဘယ်လို လုပ်ကြမလဲ။ အရက်နဲ့ ဝေးအောင် ဘာလုပ်သင့်လဲ။ ဆေးလိပ်ခုံ တွေ ဆိုတာ မြန်မာ အမျိုးသမီး ထု အတွက် ခေတ်အဆက်ဆက် မှာ ဆုံစည်း Community Centers တွေပါ။ အမျိုးသမီးထု စကားပြောရင်း (တောက်တောက်တောက်၊ ဒုံးဒုံးဒုံး) ဆေးလိပ်လိပ်ရင်း။ ရေဒီယို က သီချင်းလေး တောင်းလိုက်၊ နောက် သတင်းစုံ၊ အတင်းစုံ။ တော်ရုံ သမီးရှင် တွေ သမီးတွေ ကို အိမ် မှာ ဘော်ကြော့ မဖြစ်စေချင် ရင် ဆေးလိပ်ခုံ ပို့လိုက် အဆင်ကို ပြေလို့။
ပါမစ်၊လိုင်စင် လိုအပ်ချက် အခွန်ဘာညာ စာရေးသူ နဲ့ မဆိုင်ပါ (တာဝန်ရှိသူ တွေ သဘော တော် အတိုင်း အများအကျိုး အတွက် သင့်တော်သလို ဆောင်ရွက်တော် မူကြပါကုန်။) အသက်မပြည့်သေးတဲ့ ကလေး တွေ အတွက် က တော့ နိုင်ငံသား အားလုံး နဲ့ ဆိုင်တာမို့ စွက်ပါမယ်။ ကလေးတွေ၊လူငယ်တွေ ဆေးရွက်ကြီး နဲ့ ကိုင်တွယ် ထိတွေ့ ရတဲ့ အခါ အရေပြား က နီကိုတင်း ကို စုတ်ယူနိုင်ပါတယ်တဲ့။ ဆိုလိုတာ က ဆေးလိပ်ခုံ မှာ ဆေးလိပ်လိပ် ရင် ဆေးလိပ် မသောက်သော်လည်း နီကိုတင်း စွဲနေနိုင်တယ် ဆိုတဲ့ သဘာဝ ပါ။ နေ့စဉ် ထိတွေ့ အနံ့ငွေ့တွေကို ရှုရှိုက် နေရရင် ဆေးလိပ်သောက်သူ လို ကျန်းမာရေး ရလဒ်တွေ ရနိုင်ပါတယ်။ ငယ်ရွယ်သူ တွေ ကို ဆေးရွက် က ဦးနှောက် ကို ပြင်မရတဲ့ ပျက်စီးမှု၊ ပြောင်းလဲမှုဖြစ်ပေါ် စေနိုင်ပါတယ်။
စကားမစပ် - ဗိုလ်ချုပ် အောင်ဆန်း က ဂျပန်ရွှေရည်စိမ် လွတ်လပ်ရေး အပြီး လမ်းပေါ် ဆေးရွက်ကြီး လှမ်းတဲ့ အကြောင်း ကို မိန့်ခွန်းထဲမှာ လွတ်လပ်ရေး အလွဲသုံးစား လုပ်တာ လို့ ထည့်ပြောခဲ့ပါတယ်။ ဗိုလ်ချုပ် မရှိတော့ တာ အနှစ် ၇၀ ကျော် ရှိပါပြီ။ ဆေးရွက်ကြီး နဲ့ ဆေးစပ် ကို လမ်းပေါ် မှာ လှမ်းရင် ဘယ်သူ က တားမြစ်ခွင့် ရှိပါသလဲ။ (နေရာ အတော်များများ မှာ တွေ့ဘူးပါတယ်။)

ဝေဘန်တော် ပြောတော်မူကြပါအုံး စာဖတ်သူတို့။
ဘာတွေ ပြင်ဘို့ လိုနေပြီလဲ။ တိုင်းပြည် တိုးတက်ဖို့ ပြောင်းလဲဘို့ အသံကောင်း ဟစ်ယုံ ငါနဲ့ မဆိုင် ဝေဖန် လေကန် သူများ အပုတ်ချ ယုံ လက်ညှိုး ထိုးယုံ နဲ့ ဆိုရင်တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ Feasible Solution ဆိုတာ ဖြစ်နိုင်တဲ့ ကောင်းမွန်သင့်တော် တဲ့ အဖြေစစ် ဖြစ်သင့်ပါတယ်။ အဖြေမရှာ မပေးနိုင် ပဲ အာရင် ကျီးအာသီး သာသာ ပါပဲ။ (လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့် ရှိပါတယ်။)

မှတ်ချက်။ ။ 
အသက်ပြည့်လို့ ကိုယ့်အဆုတ်၊ ကိုယ့်အသည်း နဲ့ ကိုယ့်ဆုံးဖြတ်ချက် နဲ့ ကိုယ်မိုက်တာ ကို တော့ စာရေးသူ ပြောခွင့် မရှိပါ၊ (မောင့်သဘော၊ ခင့်သဘော ပါ။)
ကြိုက်တတ်လို့ ဆေးလိပ်သောက်ရှူသူ လူကြီးမင်း တွေ၊ ယမကာ မှီဝဲသူ လူကြီး မင်း တွေ ကို လည်း ကလေး လူငယ် တွေနဲ့ လွတ်ရာမှာ သုံးဆောင်ဘို့ မေတတာ ရပ်ခံပါရစေ။ ဆေးလိပ် က တော့ Second Hand Smoke နဲ့ ကလေး လူငယ် တွေ ကို တိုက်ရိုက် ဆိုးကျိုး ပေးပါလိမ့်မယ်။ အတုမြင် အတတ် သင် ဆို တာ သတိရတော် မူကြပါ။
Get PDF Copy - Feel Free to Share....  

စကားမစပ် - ဗဟုသုတ အားနည်းတာ နဲ့ ဆင်းရဲမှု တွေ အ စစ နိမ့်ကျနေမှု တွေ စတဲ့ လက်ရှိ Root Causes တွေ တော်တော်များများ က ဘယ်မှာ ဆုံးလဲ မမေးပါနဲ့၊ နောက် လူတော် လူကောင်းတွေ နေရာမှန် ရလာရင်တောင် မှ ဒီ နာတာရှည် အကျိုးဆက် တွေ တစ်ခုချင်း အမြစ်ပြတ် နိုင်ဘို့ အချိန် အတော်ကြာအုံး မှာပါ။)

No comments: